Tuesday, December 2, 2008

ဒီတခါ နက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်ဒေလီယာ


ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး

ပြန်ထိုင်မိတဲ့
လဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက လဘက်ရည်ဆိုင်တွေ
မဟုတ်တော့ဘူး

ပြန်နားထောင်မိတဲ့ သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေ မဟုတ်တော့ဘူး

ပြန်ပေါင်းမိတဲ့ သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး

ပြန်ရောက်ခဲ့တဲ့ ငါ့မြိုလေးဟာလည်း
ငယ်ငယ်တုန်းက
မြို့လေးမဟုတ်တော့ဘူး

ငယ်ငယ်က ”မာရီလင်မွန်ရိုး” ကတော့
”မာရီလင်မွန်ရိုး” အတိုင်းလှပဆဲ

တို့အတူလွှတ်ဖူးတဲ့
စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ

တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ

နှင်းဆီလိုချိုအီတဲ့
မင်းကိုယ်သင်းရနံ့တွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထီမွှေးပျံ့ဆဲ

ပဝါတကမ်း လက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ
မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း ”ငဝန်” ဟာလည်း
ကွေ့ကောက်ဆဲ

ငြိမ်းချမ်းပါစေ ”ဒေလီယာ”
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ

ရေစီးကြမ်းတဲ့မြစ်ကို ဆန်လို့
လူသားရဲ့ ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ သယ်ဆောင်လို့ပါလား

အရှေ့ဆီမှာ
ရောင်နီလာတော့မယ် ”ဒေလီယာ”။


သစ်ကောင်းအိမ်
REF: မတ်လ၊ ၂၀၀၆၊ အမှတ် (၇၁)၊ မိုးကြိုးသတင်းစဉ်

0 comments:

အပေါ်သို့