Tuesday, December 2, 2008

နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်များသို့ပြောင်းရွှေ့

အင်းစိန်ထောင်က ထောင်ဒဏ်နှစ်ရှည်များချမှတ်ခဲ့သည့် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၏ သားဖြစ် သူ ကမ်လမ်ခုပ် ခေါ် ကိုကျော်စိုးနှင့် တူဖြစ်သူ ကပ်ခန့်ခွာလ်တို့နှစ်ဦးကို ယခင်လ (၂၉) ရက်နေ့က နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း ဦးပူကျင့်ရှင်းထန်က ခေတ်ပြိုင်သို့ပြောသည်။

ဦးပူကျင့်ရှင်းထန်က “ကျနော့်သားကတော့ မြောင်းမြ။ ကျနော့်တူကတော့ ပုသိမ်။ စနေနေ့ (၂၉) ရက်နေ့မှာပို့တယ်။ အင်းစိန်ထောင်မှာ သားတွေက ထောင်ဝင်စာပို့တော့ ဒီမှာ မရှိတော့ဘူးတဲ့။ ပုသိမ်တို့၊ မြောင်းမြတို့ကတော့ အသံဘာမှ မလာသေးဘူးလေ။ ကျနော်တို့လည်း မသွားနိုင်သေးဘူး။ သားနဲ့ တူအတွက် အယူခံရှေ့နေပါဝါပေးဖို့၊ လက်မှတ်ထိုး ခိုင်းဖို့ လည်း အစီအစဉ်ရှိတယ်” ဟု ပြောသည်။

အင်းစိန်ထောင်မှ ထောင်အပြောင်းအရွှေ့နှင့် စီရင်ချက်ချမှတ်မှုများကို ယခင်ကနှင့်မတူဘဲ မိသားစုများကိုယ်တိုင် သွားရောက်စုံစမ်းမှသာ သိခွင့်ရသဖြင့် သားနှင့် တူဖြစ်သူတို့၏ အမှုတွဲ ကိုတင်ထွန်းအောင်အား မည်သည့်ထောင်သို့ ပို့သည်ကို သေချာမသိကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသော်လည်း အင်းစိန်ထောင်နှင့် နီးစပ်သူများကမူ ကိုတင်ထွန်းအောင်ကို ခန္တီးထောင်သို့ အဆိုပါနေ့ကပင် ပို့လိုက်ပြီဖြစ်ကြောင်း ပြောသည်။

ထို့အပြင် ထောင်ဒဏ် (၆၈) နှစ်ချခံရသော မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် အသျှင် ဂမ္ဘီရကို ခန္တီးထောင်၊ နောင်တော် ကိုအောင်ကျော်ကျော်ကို တောင်ကြီးထောင်၊ ၎င်းတို့၏အမှုတွဲ မန္တလေးမှ ကိုဝဏ္ဏ အောင်ကို ပဲခူးထောင် စသည်ဖြင့် ယနေ့မနက်တွင် အသီးသီးပြောင်းရွှေ့လိုက်ကြောင်း အင်းစိန်ထောင် နှင့်နီးစပ်သူ များက ပြောသည်။

ယခင်လ (၂၈) ရက်နေ့ကလည်း မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်း မောင်တို့နှစ်ဦးကို တရားမ၀င်ပုံနှိပ်ထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၇) နှစ်စီချမှတ်လိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ (၁၃) ဦးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှုဖြင့် ထောင်ဒဏ် (၆) နှစ်စီ ချမှတ်လိုက်ကြောင်း အင်းစိန် ထောင်နှင့် နီးစပ်သူများက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားများမှာ ကိုသိန်းသန်းထွန်း၊ ကိုဇော်သက်ကိုကို၊ ကိုချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘဲလ်အေး၊ မနိုးနိုး၊ မသရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကိုသော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင်၊ ကိုအောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင်တို့ဖြစ်ပြီး ၎င်းတို့အား ယခင်ကလည်း ထောင်ဒဏ် (၃) နှစ်မှ (၅) နှစ်အတွင်း ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ နအဖစစ်အာဏာပိုင်များက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ အန်အယ်လ်ဒီ ပါတီဝင်များ၊ ဒီမိုကရေစီထောက်ခံလှုပ်ရှားသူများကို ထောင်ဒဏ်များ အလျင်အမြန်ချမှတ်လျက်ရှိပြီး မိသားစုများနှင့် ဝေးရာထောင်များသို့ ပြောင်းရွှေ့လျက်ရှိသည်။

သို့သော် ထောင်ပြောင်းရွှေ့ခံရသူ ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုအချို့က ထောင်ပြောင်းခံရသူများသည် ပြောင်းရွှေ့ခံရသည့် ထောင်များသို့ အမှန်တကယ် ရောက်ရှိခြင်း ရှိမရှိ စုံစမ်းရာ သက်ဆိုင်ရာထောင်တာဝန်ရှိသူများက ပြန်လည်ဖြေ ကြားခြင်းမရှိကြောင်း အဆိုပါ မိသားစုဝင်များထံမှ သိရသည်။


ကိုဝိုင်း
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့