Tuesday, December 2, 2008

ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရသူများတွင် အကောင်းဆုံးမြေသြဇာလူငယ်အဖွဲ့ဝင်များလည်းပါ

ပြီးခဲ့သည့်ရက်များအတွင်း ပြည်တွင်းဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် “အကောင်း ဆုံးမြေသြဇာ” ဟု နာမည်တပ်ထားသောအဖွဲ့မှ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရ သူများထဲတွင် ၎င်းတို့အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါအဖွဲ့သည် ပြည်တွင်းမှ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများဖြင့် ပေါင်းစပ်ဖွဲ့ စည်း ထားသည့်အဖွဲ့ဖြစ်သည်။

“(၂၅-၁၁-၀၈) ရက်နေ့မှာ ကျနော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော်(၃) ဦး ဖြစ်တဲ့ ကိုဇင်မင်းရှိန် (၂၅) နှစ်၊ ကိုတေဇာစိုး(၂၂) နှစ်၊ ကိုထွန်းလင်းအောင် (၂၀) နှစ်၊ လှိုင်သာယာမြို့နယ် (၉) ရပ်ကွက်မှာ နေထိုင်တဲ့သူတွေကို မတရားတဲ့ပုဒ်တွေတပ်ကာ ထောင်ချခဲ့ပါတယ်” ဟု အဆိုပါမြေသြဇာအဖွဲ့မှ အမည် မဖော်လိုသူ လူငယ်တဦးမှ ခေတ်ပြိုင်သို့ ပြောကြားသည်။

“ကျနော်တို့အဖွဲ့ဝင်တွေကို ၂၀၀၆ မတ်လမှာတကြိမ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ၊ အခု ၂၀၀၈ နိုဝင်ဘာမှာ တကြိမ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာနဲ့ ပတ်သက်လို့ အဖွဲ့ဝင်လူငယ်တွေဟာ မိမိတို့ ရဲ့မွေးရာပါအခွင့်အရေး တွေကို အကြောက်တရား ဘေးဖယ်ထားပြီး ပြည်သူလူထုတရပ်လုံး ပါဝင်လာဖို့ စတေးခံ စည်းရုံးခြင်း၊ နအဖ စစ် အာဏာရှင်အစိုးရအား မကြိုက်ခြင်း၊ ရွံမုန်းခြင်း၊ မနှစ်မြို့ခြင်းများအား၊ ကဗျာများ၊ စာရွက်စာတမ်းများနှင့် ကျန်လှုပ်ရှား မှု အမျိုးမျိုးတို့ဖြင့် ထုတ်ဖော်ပြသတာတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်” ဟု အဆိုပါ အမည်မဖော်လိုသူလူငယ်မှ ဆက်လက်ပြောကြားသည်။

အကောင်းဆုံးမြေသြဇာအဖွဲ့ ကြေညာချက်၌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်လည်း တောင်းဆိုထားသည်။ ဖမ်းဆီးထောင်ချရုံနှင့် လူငယ်များ၏ လှုပ်ရှားမှု ရပ်တန့်သွားမည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

မူရင်းထုတ်ပြန်ကြေညာချက်

(နေ့စွဲ၊ ၂၇-၁၁-၀၈)
အကြောင်းအရာ။ သတိပေး ထုတ်ပြန်ကြေညာချက်
(၂၅-၁၁-၀၈) ရက်နေ့တွင် ကျွန်ုပ်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော် (၃) ဦး ဖြစ်သည့် ကိုဇင်မင်းရှိန် (၂၅) နှစ်၊ ကိုတေဇာစိုး (၂၂) နှစ်၊ ကိုထွန်းလင်းအောင် (၂၀) နှစ် လှိုင်သာယာမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူများကို မတရားပုဒ်မတွေတပ်ပြီး ထောင်ဒဏ် (၁၃) နှစ် ချမှတ်လိုက်ခြင်းအား ကျွန်ုပ်တို့အဖွဲ့က သန်းရွှေဦးဆောင်သော နအဖစစ်အုပ်စုအား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်။

ကျွန်ုပ်တို့အဖွဲ့ဝင်များအား ၂၀၀၆ မတ်လတွင်တကြိမ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ယခု ၂၀၀၈ နိုဝင်ဘာတွင် တကြိမ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းနှင့် စပ်လျဉ်းပြီး အဖွဲ့ဝင်လူငယ်များသည် မိမိတို့၏ မွေးရာပါအခွင့်အရေး များကို အကြောက်တရားများ ဘေးဖယ်ထားပြီး ပြည်သူလူထုတရပ်လုံး ပါဝင်လာရန် စတေးခံစည်းရုံးခြင်း၊ နအဖ စစ်အာဏာရှင်အစိုးရအား မကြိုက်ခြင်း၊ ရွံမုန်းခြင်း၊ မနှစ်မြို့ခြင်းများအား ကဗျာများ၊ စာရွက်စာတမ်းများနှင့် ကျန်လှုပ်ရှားမှုအမျိုးမျိုးတို့ဖြင့် ထုတ်ဖော်ပြသခြင်းများအား ယခုကဲ့သို့ ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ရန်မလိုအပ်ပါ။ ဒီ လူငယ်တွေကို ထောင်ဒဏ်နှစ်ရှည်ချမည့်အတူတူ မိမိတို့လုပ်ဆောင်နေသော လုပ်ရပ်များသည် မှန်သည်/မှားသည် စဉ်းစားပြီး အရှက်ရှိ၊ လူကြီးလူကောင်းပီသစွာဖြင့် ဖြေရှင်းသင့်သည်။ ထို့ကြောင့် နအဖ စစ်အာဏာရှင်လူတစုအား ကျွန်ုပ်တို့အဖွဲ့မှ စိမ်ခေါ်သတိပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးပါ။ ယခုကဲ့သို့ ဖမ်းဆီးထောင်ချ နှိပ်စက်နေရုံနှင့် ကျွန်ုပ်တို့မြန်မာပြည်လွတ်မြောက်အောင်၊ တိုးတက်အောင် နအဖ စစ်အာဏာရှင် အား ဖယ်ရှားနေသူ လူငယ်များသည် ရပ်မသွားပါ၊ ကုန်မသွားပါ။ နအဖစစ်အာဏာရှင်တစုအနေနှင့် တကမ္ဘာလုံးက လေးစားတန်ဖိုးထားသည့် သံဃာတော်များအား ပစ်သတ်ခြင်း၊ မိဘတွေရဲ့ရင်နှစ်သည်းချာ ကျောင်းသား/သူများအား ပစ်သတ် နှိပ်စက် ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခြင်းများနှင့်စာလျှင် ကျွန်ုပ်တို့အဖွဲ့မှ မည်သည့်နည်းနာနှင့်မဆို တော်လှန်တိုက်ခိုက်ဖယ်ရှားသည်မှာ မှန်ကန်တယ်လို့ ယူဆသည့်အတွက် ယနေ့အချိန်မှ စတင်ပြီး နအဖစစ်အာဏာ ရှင်အား နည်းလမ်းပေါင်းစုံဖြင့် ရသလို အရှိန်မြှင့်သထက်မြှင့်ပြီး တော်လှန်ဖယ်ရှားသွားမှာဖြစ်ကြောင်း အသိပေးသည်။

မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။


မြင့်မိုးဇော်
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့