Tuesday, December 2, 2008

တတိယလှိုင်းခေတ် ပြောက်ကျားစစ် (၂) - ဂါမဏိ

၂ဝဝ၃ ဇွန်လ၊ ၂၄ ရက်မှာ အမေရိကန်သမတဘွတ်ရှ်က အယ်လ်ကေဒါခေါင်းဆောင်ပိုင်းဟာ လုံးဝနီးနီး အစွယ် ကျိုးသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဘင်လာဒင်ကို မဖမ်းမိသေးပေမဲ့ အမေရိကန်ကိုရော၊ ကမ္ဘာကိုပါ အန္တရာာယ် ပေးနိုင်တဲ့ အနေအထားမရှိတော့ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။ ဥရောပတိုက်နဲ့ အရှေ့အလယ်ပိုင်းက ဗုံးခွဲမှု တွေဟာ ဘင်လာဒင်ကြောင့်မဟုတ်ဘဲ ဒေသခံစစ်သွေးကြွတွေကြောင့်သာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အခုတော့ အယ်လ်ကိုင်ဒါဟာ အမေရိကန်၊ ဥရောပနဲ့ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတွေထင်ခဲ့သလို အား ပျော့ ချိနဲ့သွားတာမဟုတ်ဘူးဆိုတာကို လက်ခံလာကြပါပြီ။ ဥပမာတခုအနေနဲ့ ပြရရင် ဘင်လာဒင်ဟာ ၂ဝဝ၃ ခုမှာ ဆော်ဒီအာရေးဗျနိုင်ငံထဲ “အိပ်ခိုင်းထားတဲ့”ကလပ်စည်းတွေကို နှိုးထလှုပ်ရှားစေခဲ့ပြီး ကားဗုံးခွဲမှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေ တသီကြီးလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝဝ၂ ခု ကျူနီးရှားက ဂျူးဘုရားကျောင်း တိုက် ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ၂ဝဝ၅ ခု လန်ဒန်မြေအောက်ရထား လိုင်း ဗုံးခွဲမှုတွေဟာ ပါကစ္စန်-အာဖဂန်နစ္စတန်နယ်စပ်က ဘင်လာဒင့်လက်ထောက်တွေ ညွှန်ကြားမှုအရဖြစ်ခဲ့တာ ကို အခုမှ သိလာရပါတယ်။

ပါကစ္စတန်သမတ မူရှာရပ်ဖ်ကို ၂ဝဝ၃ ခုနှစ်နှောင်းပိုင်းမှာ လုပ်ကြံခဲ့ရာမှာလည်း အောင်မြင်လုနီး ဖြစ်ခဲ့ပါသေး တယ်။ ၂ဝဝ၆ မှာ ဗြိတိန်နိုင်ငံက အမေရိကန်ကိုပျံသန်းတဲ့ ခရီးသည်လေယာဉ်ကို ဖောက်ခွဲဖို့လည်း လုပ်ခဲ့ပါ တယ်။

တကယ်တော့ အယ်လ်ကိုင်ဒါဟာ ဆိုဗီယက်စစ်တပ်နဲ့ ကေဂျီဘီ ထောက်လှမ်းရေး၊ ဆော်ဒီအာရေဗျ ပဒေသရာဇ် အာဏာရှင်စနစ်၊ စီအိုင်အေထောက်လှမ်းရေးနဲ့ အမေရိကန်-နေတိုးစစ်တပ်တို့ကို နှစ်ပေါင်းများစွာရင်ဆိုင် ယှဉ်ပြိုင်ခဲ့၊ ကတုံးပေါ်ထိပ်ကွက်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာတွေထုတ်ယူနိုင်ခဲ့ပြီး မိမိရှင်သန် တည်တန့်ရေးနဲ့ ဆက်လက်တိုက်ပွဲဝင်ရေးအတွက် အသုံးချနိုင်ခဲ့ပါတယ်။

၂ဝဝ၁ ခု၊ စက်တင်ဘာ (၁၁) ရက်နောက်ပိုင်း အမေရိကန်ဝင်တိုက်တာကို တိမ်းရှောင်နိုင်ခဲ့တဲ့ အိုစာမာ ဘင်လာဒင်နဲ့ အယ်လ်ကိုင်ဒါဗဟိုအဖွဲ့ဟာ စောစောပိုင်းတုန်းက ခေါင်းဆောင်ပိုင်းတွေ ဖမ်းမိကျဆုံးခဲ့တာတွေကို အခုအခါ ပြန်လည်အစားဖြည့်နိုင်ခဲ့ရုံမက ရန်ပုံငွေရှာ၊ လူသစ်စု၊ သင်တန်းပေးတာတွေလည်း တိုးချဲ့လုပ်လာနိုင်ပါ တယ်။ ဒါ့အပြင် မြေအောက်ပြောက်ကျားတပ်ဖွဲ့တွေထဲမှာ အကောင်းဆုံးဝါဒဖြန့်ချိရေး ယန္တရားကိုလည်း တည် ဆောက်နိုင်ခဲ့ပါတယ်။

အယ်လ်ကိုင်ဒါအဖွဲ့ကို ဦးစီးကောင်စီတခုက ကိုင်တွယ်အုပ်ချုပ်နေပါတယ်။ ဒီကောင်စီဟာ လျော့လျဲလျဲစုစည်း ထားတဲ့ လူအုပ်စုပုံစံမပေါက်ဘဲ အဖွဲ့အစည်းပုံစံကျကျနဲ့ ပုံမှန်အစည်းအဝေးတွေ ထိုင်ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဘင်လာဒင်ဆီ အစီရင်ခံတင်ပြရပါတယ်။ အရေးကြီးဆုံးဖြတ်ချက် တချို့ကိုတော့ ဘင်လာဒင်က အတည်ပြုရပါတယ်။ ဗဟိုအဖွဲ့မှာ အင်အား (၂ဝဝ) လောက်ရှိပြီး အတော်များများက ပုံမှန် လစာ တွေရကြပါတယ်။ လက်အောက်ခံအဖွဲ့တွေကိုတော့ ရန်ပုံငွေရှာဖွေရေး၊ ထောက်ပို့ စတဲ့လုပ်ငန်းတာဝန်အလိုက် ကလပ်စည်းတွေဖွဲ့ထားပါတယ်။ ဒီအဖွဲ့ဝင်တွေဟာ ဒေါင်လိုက်ဖွဲ့စည်းပုံအရ ကိုယ့်အစုထဲကလူတွေကိုပဲ သိကြပါ တယ်။ တခြားအစုတွေကို သိခွင့်မရှိပါဘူး။

အယ်လ်ကိုင်ဒါရဲ့ နံပတ် ၂ ခေါင်းဆောင် ဇာဝါဟီရီက ၂ဝဝ၇၊ ဒီဇင်ဘာလမှာ အင်တာနက်ပေါ်ကနေ မေးသမျှဖြေ ပေးမယ့် ချက်တင်ကဏ္ဍတခု ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ သတင်းစာဆရာတွေနဲ့ သာမန်လူတွေက မေးခွန်းပေါင်း ၁၈၈၈ ခုကို ချက်တင်ရိုက်မေးခဲ့တဲ့အခါ ဇာဝါဟီရီက ၂ ပတ်-၃ ပတ်အကြာမှာ ငါးပုံတပုံလောက်ကို သေသေ ချာချာဖြေပေးခဲ့ပါတယ်။ အိဂျစ်က ဘာသာရေးအခြေခံဝါဒီတယောက်မေးတဲ့ ထောက်လှမ်းရေးတွေဟာ မိစ္ဆာဒိဋ္ဌိ တွေ ဟုတ်မဟုတ်၊ သူတို့ကိုသတ်လို့ ပါဏာတိပါတာကံထိုက်မထိုက်မေးခွန်းကို ဟုတ်ကြောင်း၊ ဒါကြောင့် တယောက်မကျန် သတ်၍ရကြောင်း ဖြေပေးခဲ့သလို အယ်လ်ကိုင်ဒါရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စိန်ခေါ်ရှုတ်ချ မေးခွန်းထုတ်ထားတွေကိုလည်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဒီလိုလုပ်ငန်းတွေကို တာဝန်ယူစီစဉ်ပေးရတဲ့ အယ်လ်ကိုင်ဒါရဲ့ ပြန်ကြားရေးဌာန (ဝါ) ဝါဒဖြန့်ချိရေးမီဒီယာဌာနကို အယ်လ်ဆာဟာ့ဘ် (ဗမာလို တိမ်တိုက်များ) လို့ ခေါ်ပါတယ်။ ဒီမီဒီယာအဖွဲ့ဟာ ၂ဝဝ၅ ခုမတိုင်မီက ကိုယ့်ဗီဒီယို အခွေတွေဖြန့်နိုင်ဖို့ အယ်လ်ဂျာဇီးယားရား ရုပ်သံသတင်းဌာနလို တခြားမီဒီယာထွက်ပေါက်တွေအပေါ် မှီခိုခဲ့ရပါ တယ်။ အင်တာနက်ပေါ်မှာလည်း ဗီဒီယိုအပိုင်းတိုလေးတွေပဲ တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ဂျာဇီးယားရား ကလည်း ဒီကနေ့ မြန်မာလိုလွှင့်တဲ့ အသံလွှင့်ဌာနတွေလိုပဲ ဘင်လာဒင်မိန့်ခွန်းတွေကို ဖြတ်ချင်သလိုဖြတ် လွှင့်ချင်သလိုလွှင့်လို့ ဆိုလိုရင်းအဓ္ပိာယ် တလွဲတချော်ဖြစ်ရတာတွေ၊ အကြမ်းဖက်ဝါဒအားပေးတယ်လို့ ဥရောပနဲ့ အမေရိကန်က စွပ်စွဲမှာကိုစိုးရိမ်ပြီး မီဒီယာရဲ့ဘက်မလိုက်မှုဆိုတဲ့ စိတ်ကူးယဉ်ဝါဒကို ကျင့်သုံးတာတွေကြောင့် အယ်ကိုင်ဒါအဖွဲ့သားတွေက မကျေလည်ကြပါဘူး။ ၂ဝဝ၅ ခု မှာဆိုရင် အယ်လ်ဂျာဇီးယားရားဟာ ဘင်လာဒင် မိန့်ခွန်းတွေကို လုံးဝလွှင့်မပေးတော့ပါဘူး။ တဖက်မှာ အင်တာနက်ဝန်ဆောင်လုပ်ငန်းတွေအနေနဲ့ အစ္စလမ် အစွန်းရောက်ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်ပေးဖို့လည်း အမေရိကန်အစိုးရနဲ့ မဟာမိတ်တွေက အောင်အောင် မြင်မြင် စည်းရုံးဖျောင်းဖျနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အစ္စလာမ်ကွန်ပျူတာပါရဂူ တော်တော်များများကိုလည်း အရှင် သို့မဟုတ် အသေဖမ်းမိခဲ့ပါတယ်။

အယ်လ်ကိုင်ဒါဟာ ဒီနောက်ပိုင်းမှာတော့ နည်းပညာ ခုန်ပျံကျော်လွှားသွားနိုင်ပြီး ဗီဒီယိုခွေတွေကို အင်တာနက် ပေါ် တိုက်ရိုက်အပြည့်တင်နိုင်လာပါတယ်။ အယ်လ်ဆာဟာ့ဘ် မီဒီယာဌာနရဲ့ အယ်ဒီတာတွေနဲ့ ထုတ်လုပ်သူ တွေဟာ ဆိုနီဗေယိုအမျိုးအစား လက်ပ်တော့ကွန်ပျူတာတွေနဲ့ ထိပ်တန်းဗီဒီယိုကင်မရာတွေသုံး၊ မိမိတို့ဖိုင်တွေ ကို ပီဂျီပီပရိုဂရမ်နဲ့ ဝှက်စာသွင်းပြီးထားပါတယ်။ ၂ဝဝ၅ခုမှာ အယ်လ်ဆာဟာ့ဘ်က ဗီဒီယို (၁၆)ခွေ ထုတ်ခဲ့တယ်။ ၂ဝဝ၇ ခုမှာတော့ (၉၇) ခွေအထိ ခြောက်ဆတိုးထုတ်လာပါတယ်။ အခုဆို သုံး-လေးရက် တခွေနှုန်းလောက် ထွက်နေပါတယ်။ အရည်အသွေးကလည်း သိသိသာသာတိုးတက်လာပြီး ဗီဒီယိုအများစုမှာ ဘာသာပေါင်းစုံနဲ့ စာတန်းထိုးတာတွေပါလာသလို တချို့အခွေတွေမှာ သုံးဖက်မြင် ကာတွန်းရုပ်ရှင်သရုပ်ဖော်ပုံတွေလည်း ထည့်လာ နိုင်ပါတယ်။ သတင်းကားအဆင့်ရှိတဲ့ ဗီဒီယိုခွေ၊ အိုင်ပေါ့ဒ်ဖိုင်၊ လက်ကိုင်ဖုံးအတွက် ဗီဒီယိုဖိုင်၊ အမ်ပီသရီး အတွက် အသံသက်သက်ဖိုင်စသဖြင့် အမျိုးအစားစုံစုံ ထုတ်လုပ်နေပါတယ်။

အမေရိကန်နဲ့ ဥရောပက အယ်ကိုင်ဒါနောက်လိုက်တွေ၊ လိုလားသူတွေကို စည်းရုံးနိုင်ဖို့အတွက် ကာလီဖိုးနီးယား ဇာတိ လူဖြူဘာသာပြောင်းသမား အဒမ်ဂါဒန်ကို အသုံးချပြီး အမေရိကန်လေ၊ အမေရိကန်စရိုက်နဲ့ကိုက်မယ့် ဗီဒီယိုရိုက်တာ၊ စကားအသုံးအနှုံး ထည့်တာမျိုးလည်းလုပ်ပါတယ်။ (ခရစ်ယာန်ဘာသာကနေ အစ္စလာမ်ဘာသာ ကို ကူးပြောင်းတဲ့ အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပတိုက်သားလူဖြူတွေဟာ ဘာသာရေးထက်သန်မှု ပိုပြလေ့ ရှိတဲ့အတွက် အစ္စလာမ်အကြမ်းဖက်အုပ်စုတွေထဲမှာ လုပ်ပိုင်ခွင့်ပိုရလာ၊ ရာထူးပိုကြီးလာတတ်တယ်)။

အယ်လ်ကိုင်ဒါ-အယ်လ်ဆာဟာ့ဘ်ဟာ ကိုယ့်ကို အင်တာနက်ပေါ်ကနေ ခြေရာခံမလိုက်နိုင်အောင်လည်း အယ်လ်ဖာဂျာ (အရုဏ်ဦး) လို့ခေါ်တဲ့ ကမ္ဘာအနှံ့က လူမသိသူမသိ ဝက်ဘ်မာစတာ ကွန်ယက်ကြီးတခုကို တည် ထောင် သုံးစွဲလာပါတယ်။ ဒီထဲမှာ ဝက်ဘ်မာစတာ ၃ဝ-၄ဝ ပါဝင်ပါတယ်။ အယ်ဖာဂျာဟာ အယ်ကိုင်ဒါဗဟိုရဲ့ ဖိုင် တွေသာမက ဌာနခွဲတွေ၊ တာလီဘန်နဲ့ တခြားအစွန်းရောက် အစ္စလာမ်အဖွဲ့ ၄-၅-၆ဝ ရဲ့ ဝါဒဖြန့်ချိရေးကိုပါ အကျိုးဆောင်ပေးပါတယ်။ ဗီဒီယိုတွေကို အင်္ဂလိပ်၊ ဂျာမန်၊ အီတလီ၊ ပြင်သစ်၊ ပါ့ရှ်တူ၊ တူရကီနဲ့ တခြားဘာသာ စကားတွေနဲ့ စာတမ်းထိုးတာလည်းသူတို့ပဲ လုပ်ပေးပါတယ်။

အယ်လ်ဖာဂျာ ဖြန့်ချိရေးကွန်ယက်ဟာ ဗဟိုချုပ်ကိုင်မှုမရှိသလောက်ဖြစ်ပြီး လုံခြုံရေးအတွက် ဝက်ဘ်မာစတာ တယောက်နဲ့တယောက်ပေးမသိပါ။ ကွန်ပျူတာဖောက်ထွင်းအလုပ် (ဟက်ကင်း)၊ မာလ်တီမီဒီယာ၊ ကွန်ပျူတာနဲ့ အင်တာနက်လုံခြုံရေးနဲ့ ဖြန့်ချိရေးလိုင်းတွေအတွက်လည်း “တပ်မဟာ”တွေ သီးခြားဖွဲ့ထားပါတယ်။ အကြမ်းဖက် အဖွဲ့တွေဆီက ဝါဒဖြန့်ချိရေးဖိုင်တွေရောက်လာရင် အယ်လ်ဖာဂျာကွန်ယက်က အင်တာနက်ပေါ်တင်ပေးပါတယ်။ တင်ထားတဲ့အကြောင်းကိုလည်း လူသုံးများတဲ့ အစ္စလာမ်ဖော်ရမ်ဝက်ဘ်ဆိုက်တွေမှာ ကြေညာပေးတဲ့အတွက် ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေက ဗီဒီယိုတွေကို ကော်ပီကူး၊ တခြားဝက်ဘ်ဆိုက်တွေကို ထပ်ဖြန့်တာ၊ ယူတျူ့ဘ်တင်တာ လုပ်ကြပါတယ်။ ဖော်ရမ်ဝက်ဘ်ဆိုက်တွေ၊ ဂရုတွေကို ပါ့စ်ဝါ့ဒ် စကားဝှက်နဲ့ ကာကွယ်ထားပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပါတယ်။ ဂရု တော်တော်များများမှာ အဆင့်မြင့်ဂရုမော်ဒရေတာတွေကပဲ တင် ခွင့်ဖြုတ်ခွင့်ရှိတဲ့အတွက် ဘင်လာဒင်ဗီဒီယို အတုတင်တာမျိုးမဖြစ်ရအောင် ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် စီအိုင် အေက ဖောက်ဝင်ပုံမှားရိုက်ဖို့ အင်မတန်ခက်ခဲနေပါတယ်။ အယ်လ်ဖာဂျာဟာ လုံခြုံရေးကိုဦးထိပ်ထားတဲ့ အတွက် “နည်းပညာ မူဂျာဟစ်စစ်သည်” Technical Mujahid ဆိုတဲ့ လက်စွဲစာအုပ်တအုပ်တောင် ထုတ်ထားပြီး အင်တာနက်နဲ့ ကွန်ပျူတာမှာ ကိုယ့်ခြေရာလက်ရာ သူများမလိုက်နိုင်စေဖို့၊ စိမ့်ဝင်ထိုးဖောက်မခံရစေဖို့နည်းနာ တွေ၊ ဆောင်ရန်ရှောင်ရန်တွေဖော်ပြပေးထားပါတယ်။ လိုအပ်ရင်လိုအပ်သလို အစားထိုးနိုင်ဖို့ ဝက်ဘ်မာစတာ အသစ်တွေ အလွယ်တကူစုဆောင်းနိုင်အောင်လည်း တည်ဆောက်ထားပါတယ်။ ဒါကြောင့် ကိုယ့်ကွန်ယက်ထဲ က လူ ၂ဝ လောက် အဖမ်းခံရရင် ခဏတဖြုတ်ပဲ အနှောင့်အယှက်ဖြစ်သွားပြီး သူတို့နေရာအစားထိုးဖို့ လူ ၅ဝဝဝဝ ထဲကရွေး ဆက်လည်ပတ်နိုင်ပါတယ်။

အယ်လ်ကိုင်ဒါ ပြန်ကြားရေးဌာနဟာ ဘင်လာဒင်မိန့်ခွန်း သို့မဟုတ် တခြားအယ်လ်ကိုင်ဒါ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကိုရိုက်ကူးပြီး တပတ်အတွင်း အင်တာနက်ပေါ်တင်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ၂ ပတ်-၃ ပတ် အေးအေးဆေးဆေး အချိန်ယူတည်းဖြတ်ပြီးမှ ထုတ်လွှင့်လေ့ရှိပါတယ်။ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘာ့ဒ် မြို့ ဗလီနီကို အစိုးရတပ်တွေ ဝင်စီးနင်းတိုက်ခိုက်ခဲ့တုန်းက နောက်တနေ့မှာပဲ အယ်ကိုင်ဒါခေါင်းဆောင်ရဲ့ တုန့်ပြန်ရှုတ်ချတဲ့မိန့်ခွန်းကို အင်တာနက်ပေါ်တင်နိုင်ခဲ့ပါတယ်။ ပက် ငြိမ်းချမ်းရေး၊ လေ့လာရေးဌာနက ညွှန်ကြား ရေးမှူး မိုဟာမက်ရာနာက အယ်လ်ကေဒါကို ချိနဲ့အောင်လုပ်ချင်ရင် ဘင်လာဒင်ထက် သူ့ရဲ့အိုင်တီမန်နေဂျာကို အဓိကဦးတည် အမိဖမ်းသင့်တယ်လို့ ကောက်ချက်ချပါတယ်။

အယ်လ်ကိုင်ဒါဟာ ဗီဒီယိုခွေတွေ ထုတ်လွှတ်လွှင့်တင်ရာမှာ ရန်သူ့ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အပိတ်ပင်မခံရဖို့ နဲ့ မူလထုတ်လွှတ်တဲ့ဇာစ်မြစ်ကို ခြေရာမကောက်နိုင်စေဖို့ ရိုးရိုးသာမန်နည်းနာတွေရော အဆင့်မြင့်နည်းပညာ တွေပါ ရောမွှေသုံးစွဲပါတယ်။ ပထမဆုံးဗီဒီယိုခွေတွေကို သမ်းဒရိုက်သေးသေးလေးထဲထည့်၊ ဆက်သားအဆင့် ဆင့်နဲ့ လူကိုယ်တိုင် မြွေလိမ်မြွေကောက်သယ်ယူလာပြီး အစ္စလာမ် ကွန်ပျူတာပါရဂူတွေဆီ ပို့ပေးပါတယ်။ ဒီ ပါရဂူတွေက အင်တာနက်ကဖီးဆိုင်တွေကတဆင့် ကမ္ဘာအနှံ့ အယ်လ်ဖာဂျာကွန်ယက်က တခြားအစ္စလာမ်ပါရဂူ တွေဆီ ပို့ပေးပြီးမှ အဲဒီလူတွေက အခမဲ့ဝက်ဘ်ဆိုက်တွေ ဒါမှမဟုတ် ဖောက်ယူထားတဲံ့Hijacked ဝက်ဘ်ဆိုက် တွေကို နိုင်ငံပေါင်းစုံက ဆာဗာတွေသုံးပြီး တင်ပါတယ်။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေဟာ ဘင်လာဒင်ဗီဒီယိုတွေရဲ့ မူလ ဇာစ်မြစ်နေရာကို ခြေရာခံလို့ မရသေးပါဘူး။ ဒါပေမယ့် အီရတ်နိုင်ငံက အယ်လ်ကိုင်ဒါ တာဝန်ခံ ဇာကာဝီက တော့ ၂ဝဝ၇ မေလအတွင်း ဗီဒီယိုတခုမှာ သူ့ မျက်နှာကိုပြခဲ့ပြီး နှစ်လအကြာမှာ အမေရိကန်လေတပ်က တိုက် ခိုက်သုတ်သင်တာ ခံခဲ့ရပါတယ်။ တာလီဘန်တပ်မှူး မူလာဒါဒူလာလည်း တီဗီအင်တာဗျူးတခုပေးအပြီး ၃၆ နာရီအကြာမှာ နေတိုးတပ်တွေရဲ့ ချေမှုန်းသုတ်သင်မှုကို ခံသွားရပါတယ်။

အင်တာနက်စစ်မျက်နှာအပြင် လက်တွေ့ပထဝီမြေပြင် စစ်မျက်နှာမှာလည်း အစ္စလာမ်ပြောက်ကျားတွေက ထိုး ထွင်းတီထွင်မှုတွေ လုပ်နေပါတယ်။ အဲဒီထဲက တခုကတော့ အီရတ်နိုင်ငံက ရှီအာအစ္စလာမ်အစွန်းရောက်တွေ ၂ဝဝ၇ ခုနှစ်ကုန်ပိုင်းမှာ စသုံးလာတဲ့ လက်လုပ်ဒုံးအားသုံးဗုံး (သို့မဟုတ်) လက်လုပ်ဒုံးအားသုံးမော်တာ Improvised Rocket Assisted Munitions (IRAM) တွေ ဖြစ်ပါတယ်။ အဲဒါတွေက ဂက်စ်အိုးအလွတ်ထဲကို ယမ်းအချိန် ပေါင် ၂ဝဝ-၃ဝဝ နဲ့ သံတိုသံစတွေ ဘောစေ့တွေထည့်၊ ပိုက်လုံး(ဝါ)သံပြောင်းကြီးကြီးတခုထဲ ဒီဂက်စ်အိုးထည့်ပြီး ၁ဝ၇ မမ ဒုံးကျည်တွန်းအားနဲ့ ပစ်တာဖြစ်ပါတယ်။ ၁ဝ၇ မမ ဒုံးကျည်ဟာ မီတာ ၈၅ဝဝ ပြေး ပြီး ယမ်းအား တီအန်တီ ၃ ပေါင်လောက်ဘဲရှိပါတယ်။ အလေးချိန်များတဲ့ ဂက်စ်အိုးကို တွန်းရတဲ့အခါကျတော့ ကိုက် ၁၅ဝ-၂ဝဝ လောက်ဘဲ သွားနိုင်ပါတော့တယ်။ ဒါပေမယ့် ဂက်စ်အိုးထဲထည့်ထားတဲ့ ယမ်းအား တအားများ တာရယ်၊ ဂက်စ်အိုးအခွံထူကြီး အစိတ်စိတ်အမွှာမွှာကွဲတာရယ်ကြောင့် ထိခိုက်နှုန်းများသွားစေပါတယ်။

ဒီဗုံးပျံတွေက ပစ်မှတ်မတိကျပေမဲ့ လမ်းဘေးထောင်ဗုံးတွေ၊ သာမန်မော်တာထုတာ၊ ဒုံးကျည်ပစ်တာတွေထက် ပိုပြီး ရန်သူများများကို တပြိုင်ထဲသေစေနိုင်ပါတယ်။ ဒုံးပျံအားသုံးပေမဲ့ မော်တာလိုဘဲ ဒေါင့်မြင့်လမ်းကြောင်း ခုံး သွားတဲ့အတွက် အုတ်နံရံအမြင့်တွေ၊ အဆောက်အဦးတွေကို ကျော်ပစ်လို့ရပါတယ်။ အများအားဖြင့် ကုန်ကား နောက်ခန်းပေါ်တင်ပြီး အဝေးထိန်းခလုတ်ဖြုတ် ပစ်လွှတ်ပါတယ်။ ကုန်ကားတစီးမှာ ဒုံးကျည် ၄-၅ လုံးကနေ ၁ဝ လုံး-၁၅လုံးအထိတင်ပြီး အတွဲလိုက်ပစ်ပါတယ်။ အဝေးထိန်းခလုတ်ကိုတော့ လက်ကိုင်ဖုံး ဒါမှမဟုတ် အဝတ်လျှော်စက် အချိန်ထိန်းကိရိယာနဲ့ လုပ်ပါတယ်။ တခြားဒုံးကျည်တွေထက်သာတာက အနီးကပ်ပစ်လို့ရပြီး ပေါက်ကွဲမှုအားလည်း ပိုကြီးပါတယ်။ အခုလို ဗုံးပျံနဲ့တိုက်ခိုက်မှုကို ပြောက်ကျားတွေက ဗီဒီယိုရိုက်ထားပြီး လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘူလာအဖွဲ့ပိုင် ရုပ်သံလွှင့်ရုံကနေ ပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီဗုံးပျံတွေကို ပထမဆုံး စ တီထွင်သုံးစွဲခဲ့တဲ့ ပြောက်ကျားတွေကတော့ အိုင်အာရ်အေ (မြောက်အိုင်ယာလန် ကက်သလစ်ပြောက်ကျား) တွေနဲ့ ကိုလမ်ဘီယာနိုင်ငံက ပြောက်ကျားတွေဖြစ်တယ်လို့ဆိုပါတယ်။

ဒီဗုံးပျံတွေနဲ့ တတန်းတည်းလောက်ထိရောက်တဲ့ ဝါဒဖြန့်ချိရေးဗီဒီယိုခွေကို ၂ဝဝ၇ စက်တင်ဘာမှာ အယ်လ်ကိုင် ဒါ ဒုခေါင်းဆောင် ဇာဝါဟီရီက ထုတ်လွှင့်ခဲ့ပါတယ်။ ရေပက်မဝင်အောင် ပိုင်ပိုင်နိုင်နိုင် ချည်ပြီးတုတ်ပြီး စကား ပြောတတ်တဲ့၊ မွတ်ဆလင်တွေရဲ့အဓိကမကျေနပ်ချက် (အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ပေါ်လစီ) ကို ဦးတည်ပစ်မှတ်ထား နှိုးဆွလှုံ့ဆော်နိုင်စွမ်းရှိတဲ့ ဇာဝါဟီရီတင်ဆက်တဲ့ “သစ္စာခွန်အား”လို့ နာမယ်ပေးထားတဲ့ ဒီ မှတ်တမ်းတင်သတင်းကား ဗီဒီယိုခွေဟာ မိနစ် ၈ဝ ကြာပြီး မွတ်ဆလင်တွေအပေါ် အမေရိကန်အစိုးရရဲ့ ‘စော် ကား ထိုးနှက်မှု’တွေကို ရှည်ရှည်ဝေးဝေး ဇာတ်ကြောင်းလှန်ထားပါတယ်။ အမေရိကန်အစိုးရခေါင်းဆောင်တွေရဲ့ စကားတွေ၊ ရုပ်ပုံတွေ၊ အမေရိကန်သတင်းထောက်တွေရဲ့ သတင်းပေးချက်တွေနဲ့ အင်မတန် အနုပညာမြောက် ထိရောက်စွာ ဖြတ် ညှပ် ကပ် ချယ်သတန်ဆာဆင်ထားပါတယ်။ ဒါကြောင့် အမေရိကန်ဝက်စ်ပွိုင့်စစ်တ္ကသိုလ် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဌာနမှူး ဂျားရက်ဘရာချမ်က “ဒီ ဗွီဒီယိုဟာ အင်မတန့်ကို အဆင့်မြင့်ပြီး ဟတ်ထိ အောင်ရိုက်ထားလို့ ကျုပ်တို့အတွက် ဧရာမပြဿနာကြီးဖြစ်နေတယ်။ ကြည့်ပြီးရင် ခေါင်းတငြိမ့်ငြိမ့်နဲ့ သူတို့ ပြော တာဟုတ်နိုင်တယ်လို့ကို ဖြစ်သွားရတယ်”လို့ ကောက်ချက်ချခဲ့ရပါတယ်။

ရည်ညွှန်း။ ဝါရှင်တန်ပို့စ် သတင်းစာ


REF: အတွဲ (၁)၊ အမှတ် (၇)၊ အောက်တိုဘာ ၂၀၀၈၊ ဒေါင်းအိုးဝေ

0 comments:

အပေါ်သို့