Tuesday, December 2, 2008

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၂) - နော်မန် ရိုဘက်စ် စပီရီ

အယ်လ်ဘတ် အိန်းစတိန်း အင်စတီကျု အဖွဲ့ (The Albert Einstein Institute) ၏ အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာတွင် "အကြမ်းမဖက် လှုပ်ရှားမှုကြောင့် မြန်မာ၊ တရုတ်၊ တိဘက် ဒေသတို့တွင် အုပ်ချုပ်နေသည့် အာဏာ ရှင် စနစ်များ၊ ကျုးကျော် သိမ်းပိုက်ထားမှုများကို နိဂုံးချုပ်ပစ်နိုင်ခြင်း မရှိသေးသော်လည်း ဤအစိုးရများ၏ ရက်စက် ကြမ်းကြုတ်မှု သဘောသဘာဝကို ကမ္ဘာက သိရှိအောင် ဖော်ထုတ် ဖွင့်ချနိုင်ခဲ့သည်။ ဤ အကြမ်းမဖက် တော်လှန်ရေး ၏ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို လူအများသို့ ထောက်ပံ့ပေးနိုင်ခဲ့သည်" ဟု ဖော်ပြထားသည်။


အနှစ် (၂၀) ကျော်ကြာ ဆောင်ရွက်ခဲ့ပြီး ထိရောက်မှု အကျိုးအာဏိသင် မတွေ့ကြရသည့် တော်လှန်ရေးလှုပ်ရှားမှုကို မည်သို့ "တန်ဖိုး မဖြတ်နိုင်သည့် အတွေ့အကြုံများ" ဟု သင်ခန်းစာ ထုတ်နှုတ်ယူကြဦးမည်နည်း။ နှလုံး ကြေကွဲဖွယ် ပင် ဖြစ်သည်။ အယူဝါဒရေးရာ ဆင်စွယ် နန်းတော်ပေါ်တွင် အငြိမ့်သားထိုင်၍ ညွှန်ပြပေးမည့် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို အခြားသူများက အံအားသင့်ဖွယ် ရှိနေနိုင်ပါသည်။ ထို အတွေ့အကြုံများမှာ မြန်မာ စစ်အစိုးရ၏ အကျဉ်းထောင်ထဲ၌ ညှဉ်းပမ်း နှိပ်စက် ခံနေရခြင်း၊ ရဲများက နံပါတ်တုတ်များဖြင့် အဓိပ္ပါယ်မရှိ ရိုက်လှဲချ ခံရခြင်း၊ မိသားစုဝင်များ ပျောက်ဆုံးရခြင်း၊ ညှဉ်းပမ်း နှိပ်စက်ခံရခြင်း၊ သေဆုံးရခြင်း စသည့် အတွေ့အကြုံများပေလောဟု မေးခွန်းထုတ်ဖွယ် ရှိနေသည်။ စစ်အစိုးရက မည်သို့ တန်ဖိုး ပေးရ ပေးရ ပို၍ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပြီး အာဏာကို ရသည့်နည်းလမ်းဖြင့် ချုပ်ကိုင်ထားမည်ဟု သံန္နိဌာန် ချထားသည့်ကာလ၊ သတ်ဖြတ်ရန်လည်း ၀န်မလေး သည့် အချိန်တွင် အတိုက်အခံများ၏ အကြမ်းမဖက် မဟာဗျူဟာက ဆေးမစွမ်းလှကြောင်း သိမြင် သဘောပေါက် လာကြစေရန် မြန်မာပြည်သူများက အချိန်မည်မျှ ယူကြဦးမည်နည်း။ မေးခွန်းထုတ်ဖွယ်ပင်။

အတိုက်အခံ အင်အားစုများထဲမှ အကောင်းမြင်ရှိသူများကတော့ ယမန်နှစ်က ဖြစ်ခဲ့သည့် အကြမ်းဖက် နှိမ်နင်းမှုများ ကြောင့် စစ်အစိုးရ ချိနဲ့လာကြောင်း ဖော်ပြပြောဆို ကြပါသည်။ ဆန္ဒပြနေကြသည့် ရဟန်းသံဃာများကို အကြမ်းဖက်မှု ကျူးလွန်ကြသည့် ရဲများနှင့် စစ်သားများကို လူထုက ရွံမုန်းလာကြကြောင်း၊ စစ်သားအများစု၊ စစ်တပ် အရာရှိ အများစု မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း ပြောဆိုကြပါသည်။ ထိုမျှမက သူတို့က ထပ်ခါတလဲလဲ ကြားရလေ့ရှိသည့် စစ်ဗိုလ် ချုပ်များအတွင်း သဘောထားကွဲနေပြီ၊ စစ်ဗိုလ်ချုပ်များနှင့် အောက်ခြေထု ရဲဘော်များအကြား ပြိုကွဲနေပြီ၊ ဒီမိုကရေစီ လိုလားသည့် အုပ်စုများက နောက်ဆုံး ထကြွပုန်ကန်မှုများ ဖြစ်လာဖွယ်ရှိသည် စသဖြင့် ကောလာဟလ များကို ပြော ဆိုကြပါဦးမည်။

သို့သော်လည်း ယခင်ကတည်းက ထိပ်သီး စစ်ဗိုလ်ချုပ်များအကြား အာဏာအားပြိုင်မှုများက ရုပ်ပျက်ဆင်းပျက် ပေါ်ထွက်ခဲ့ဖူးပါသည်။ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်ခင်ညွန့် စသဖြင့် ရှိခဲ့ဖူးသည်။ သို့သော်လည်း စစ်တပ်အတွင်း လူသာပြောင်းလဲသွားခဲ့ပြီး၊ စစ်တပ်လွှမ်းမိုးအုပ်ချုပ်ထားသည့် စနစ်အတွင်း ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို မတွေ့ကြရပါ။ အမှန်တွင် ၎င်းစစ်တပ်စနစ်က အလွန်ပင်ခံနိုင်ရည်အား မြင့်မား နေပြီး အသစ်တက်လာသည့် နောက်ထပ်တပ်မတော်အရာရှိများဖြင့် အားဖြည့်ကျားကန်ထားကြသည်။ ရဟန်းသံဃာ များကို ရိုက်နှက်သတ်ဖြတ်သည်ကို မနှစ်လိုသော အရာရှိ အများအပြားရှိနိုင်သော်လည်း၊ စစ်တပ်အရာရှိ အများစုက ယုံကြည်နေကြသည်မှာ ဆန္ဒပြသံဃာများက မကြာသေးမီကမှ ရဟန်းခံလာသည့် ကိုရင်များ၊ ရဟန်းများဖြစ်ပြီး တရား မ၀င်နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် သင်္ကန်းဝတ်လာကြသည့်သူများဟု မြင်နေကြသည်။

ထို့အပြင် အကောင်းမြင်တတ်သူများက နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ရန် စစ်အစိုးရ၏ နှောင့်နှေးညံ့ဖျင်းမှုကို ဖော်ပြ ပြောဆို ကြသေးသည်။ နာဂစ်မုန်တိုင်းကြောင့် လူ ၈၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူ ၂ သန်းကျော်တို့၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရသည့် အလားတူ (နအဖ) စစ်အစိုးရကိုလည်း ထိခိုက် အင်အား ချိနဲ့စေခဲ့သည်ဟု ဆိုပါသည်။ အထောက်အထားပြစရာအဖြစ် ထိုသူများက ပြောဆိုကြရာတွင် မုန်တိုင်းအဆိုးရွားဆုံး သင့်ခံရသည့် ဧရာဝတီတိုင်းတွင် စစ်သားများနှင့် အစိုးရ၀န်ထမ်းများ၏ ဆွေမျိုးသားချင်းများ နေထိုင်ကြသည်၊ အစိုးရ ၏ တုံ့ပြန်အရေးယူမှု နှေးကွေးသည့် အပေါ်၎င်းတို့က ဒေါသဖြစ်နေကြသည်ဟု ဆိုကြသည်။ လူအများအပြား သေဆုံး ခဲ့ကြရသည့် မုန်တိုင်းအပေါ် တုံ့ပြန်မှုနှေးကွေးပုံကို ဒေါသဖြစ်ကြသည်က အမှန်တကယ်ပင် ဖြစ်ပါသည်။ သို့သော် လည်း လူအများအပေါ် စစ်တမ်းဆန္ဒကောက်ခံယူထားသည့် ကိန်းဂဏန်းများမရှိဘဲ အတိုင်းအတာ တွက်ချက်ရန် ခက်ခဲနေပါသည်။

သို့သော်လည်း မြန်မာပြည်သူများက ကိုယ်ထူကိုယ်ထ လုပ်နေကြရသည်မှာ နေသားကျနေပြီဖြစ်သည်။ အစိုးရအပေါ် မှီခိုအားထား စောင့်မျှော်နေရန် မဖြစ်နိုင်ကြောင်းလည်း သိထားကြပါသည်။ နှလုံးသားမဲ့လွန်းလှသည့် အစိုးရအရာရှိ များထံမှ အကူအညီများ စောင့်မျှော်နေရန် မရှိသောကြောင့်လည်း အခြားနိုင်ငံများတွင်သာဆိုလျှင် ပေါ်ပေါက်လာနိုင် သည့် လူထု၏ မကျေနပ်မှု၊ ဒေါသများထက် ပို၍ ပြင်းထန်မှု နည်းဖွယ်ရာ ရှိနေပါသည်။ မည်သို့ဆိုစေ နာဂစ်မုန်တိုင်း အပေါ် အစိုးရက တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် လူအများမကျေနပ် ဖြစ်နေကြသည်ပဲ ဆိုဆို၊ ၂၀၀၇ ခုနှစ် စက်တင်ဘာဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲမှုများကြောင့် ပို၍ နာကျည်းဒေါသဖြစ်နေစေသည်ပဲဆိုဆို ဤသို့ လူထု၏ မကျေနပ်မှု ဒေါသများကို အသုံးချ၍ စစ်တပ်ပြိုကွဲလာအောင်၊ စစ်အစိုးရပြုတ်ကျအောင် လုပ်ဆောင်နိုင်စွမ်း မရှိသေး သည်ကိုလည်း တွေ့နေရသည်။

အခြားတဖက်မှ ကြည့်မည်ဆိုလျှင် နိုင်ငံခြားအကူအညီအသစ်များ အလုံးအရင်းနှင့် စီးဝင်လာသောကြောင့် နာဂစ် မုန်တိုင်းက စစ်အစိုးရ အင်အားတောင့်တင်းလာစေဖို့ ပို၍ ဖြစ်နိုင်သည်ဟု အလွယ်တကူလည်း ငြင်းချက်ထုတ်နိုင်ပါ သည်။ နိုင်ငံရပ်ခြားက မုန်တိုင်းသင့်ဒုက္ခသည်များအတွက် အားတက်သရော လူသားချင်းစာနာသည့် အကူအညီများ ပေးလာကြသည့်အခါ မြန်မာ့စီးပွားရေးအတွင်းသို့ ဒေါ်လာသန်းပေါင်းများစွာ စီးဝင်လာခဲ့ပါသည်။ စစ်အစိုးရ ကျင့်သုံး နေသော နှုန်းအမျိုးမျိုး ငွေလဲလှယ်ရေးစနစ်မှတဆင့် နိုင်ငံခြားငွေလဲလှယ်ရေးလက်မှတ် (FEC) များကိုလဲ၊ ၎င်းမှတဖန် မြန်မာကျပ်ငွေကို ပြန်၍ လဲလှယ်နေရင်း ၀င်လာသည့်၎င်းအကူအညီများ၏ ၂၀ % မှသည် ၂၅% အထိကို စစ်အစိုးရ က အညွန့်ခူးနိုင်လိုက်သေးသည်။

မြန်မာပြည်အတွင်းသို့ လွှဲပြောင်းပေးပို့ခဲ့သည့် ကုလသမဂ္ဂ၏ အကူအညီများမှပင် အမေရိကန်ဒေါ်လာ ၁. ၅ သန်း (အချို့သောသူများက အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ရှိမည်ဟုပင် ခန့်မှန်းကြပါသည်။) ဆုံးရှုံးခဲ့ရပါသည်။ ဤငွေများ က ငွေလဲလှယ်ရေးစနစ်များမှတဆင့် စစ်အစိုးရ၏ အိတ်အတွင်း ၀င်သွားကြပါသည်။ မုန်တိုင်းသင့်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ရည်ရွယ်သည့် အကူအညီများက စစ်အစိုးရအတွက် အကျိုးအမြတ်ဖြစ်စရာ ဖြစ်စေခဲ့ရပါသည်။ ဤသို့ ကမောက်ကမဖြစ်နေသည့် ငွေလဲလှယ်ရေးစနစ်များကြောင့် နောက်ထပ်အလှူများ ထပ်မံ လှူဒါန်းရေးအတွက် လည်း ထိခိုက်စေခဲ့သည်။

နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံအပေါ် စီးပွားဒဏ်ခတ်ပိတ်ဆို့နေမှုများကို ရုပ်သိမ်းရန်နှင့် နောက်ထပ်ပို၍ အကူအညီများ ပေးကြပါရန် တောင်းဆိုချက်များလည်း ဖြစ်ပေါ်စေခဲ့ပြီး၊ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအုပ်စု (ICG) က အလားတူ တောင်းဆိုခဲ့ပါသည်။ သို့မှသာ နာဂစ်မုန်တိုင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဆင်းရဲတွင်းနက်နေရသည့် နိုင်ငံအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှေ့ဆက်နိုင်မည်ဟုဆိုပါသည်။ (ICG) အဖွဲ့၏ အမြင်အပေါ် လူအနည်းစုကသာ လက်ခံကြပါသည်။ လွန်ခဲ့သည့်ကာလများက လွတ်လပ်သောလူ့ဘောင် (OSI) အဖွဲ့က (ICG) ၏ အမြင်များသည် မြန်မာနိုင်ငံ ပြဿနာအပေါ်ချည်းကပ်ရာ၌ ပညာရှင်မဆန်ဟု ဝေဖန်မှုများ လည်း ရှိခဲ့ပါသည်။ ဤသို့ သာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း၍ အထောက်အပံ့များသာ တိုးပေးပါက စစ်အစိုးရက နိုင်ငံခြားငွေများ ပိုမိုရရှိလာခြင်းကြောင့် စစ်အစိုးရအတွက် အမြတ်ထုတ်နိုင်ပြီး ၎င်းတို့အခြေအနေ ပိုမိုခိုင်မာလာစေရန် တည်ဆောက်မှုများ ပြုနိုင်စေလိမ့်မည် ဖြစ်ပါသည်။

နာဂစ်မုန်တိုင်းကြောင့် ဘဏ္ဍာရေးအရ အမြတ်အစွန်းသာမက၊ စစ်အစိုးရ၏ မိမိကိုယ်ကို ယုံကြည်မှုလည်း ပို၍ တိုးလာ သည်ဟု တွက်ချက်ရနိုင်ပါသည်။ သေချာသည်မှာ ပြင်သစ်နှင့် အမေရိကန်ရေတပ် စစ်သင်္ဘောများက လူအများ အပြား သေကြေကြရသည့် မုန်တိုင်းကြီးအပြီး မြန်မာကမ်းရိုးတန်းအနားသို့ ကူညီရန် လာရောက်စောင့်ဆိုင်းနေကြချိန် ၌ မြန်မာစစ်အစိုးရအဖို့ သွေးပျက်နေဖွယ်ရှိပါသည်။ ဤစစ်သင်္ဘောများကို လူသားချင်းစာနာသည့် အကူအညီများပေး ပို့ရန်ဟုဆိုကာ ၎င်းနိုင်ငံများမှ စေလွှတ်ခဲ့ကြသည့်အချိန်တွင် မြန်မာပြည်သူများကို အစိုးရက ကာကွယ်စောင့်ရှောက် ရန် တာဝန်ပျက်ကွက်နေသည့်အချိန်၌ နိုင်ငံတကာက "ကူညီကာကွယ်မှု ပေးပိုင်ခွင့်" ရှိသည်ဟုလည်း အနောက်တိုင်း သံတမာန်များက ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည်။ သို့အတွက်ကြောင့်လည်း စစ်အစိုးရက ဤသင်္ဘော များ စေလွှတ်လာရခြင်း ရည်ရွယ်ချက်အပေါ် သံသယရှိနေခဲ့ခြင်း ဖြစ်သည်။

အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုကို အောက်ကျို့နာခံရမည့်အစား စစ်အစိုးရက အကယ်၍ နိုင်ငံခြားတပ်များ မြန်မာ့ မြေပေါ်ရောက်လာပါလျှင် အတိုက်အခံလှုပ်ရှားသူများ အုံကြွမှုဖြစ်လာမည်ကို စိုးရိမ်ကြောက်ရွံ့နေသောကြောင့် ပေး လာမည့် အကူအညီများကိုလည်း ပိတ်ပင်တားမြစ်ခဲ့သည်။ အကူအညီများကို ၎င်းတို့ကိုယ်ပိုင်တပ်သားများမှ တဆင့် သာ ဝေခြမ်းခွင့်ပြုခဲ့သည်။ နောက်ဆုံး နိုင်ငံတကာ ရေတပ်သင်္ဘောများလည်း သေနတ်တချက်မှ မဖောက်ရဘဲ ပြန် လည် ဆုတ်ခွာသွားခဲ့သလို၊ အကူအညီအများစုမှာလည်း မပေးအပ်နိုင်ဘဲ ရှိခဲ့ရသည်။ ဤသို့ အမေရိကန်နှင့် ပြင်သစ် ရေတပ်သင်္ဘောများ၏ ခြိမ်းခြောက်မှုဟု ယူဆနိုင်သည့်ကိစ္စကို ပြန်လှန်ထုတ်နိုင်ခဲ့သည့် သံတမာန်ရေးအရ စွမ်းဆောင် နိုင်မှုကြောင့် စစ်အစိုးရက မိမိကိုယ်ကို ယုံကြည်မှုပို၍ တိုးလာဖွယ်ရှိသည်ဟု ယူဆရသည်။ သူတို့ကိုယ်သူတို့ ကိုလိုနီ လက်သစ်ဝါဒီများ၏ ရန်ကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပြီဟုလည်း အထင်ရောက်နေနိုင်သေးသည်။

ဆုံးဖြတ်ချက်ချမှတ်ရာတွင် စစ်အစိုးရက မိမိကိုယ်ကိုယုံကြည်မှုရှိစွာ ပြုမူနေပုံများကိုလည်း နိုင်ငံတကာသတင်းမီဒီယာ များတွင် ဆိုးရွားမိုက်မဲသည့် ဆုံးဖြတ်ချက်များဟု ဖော်ပြပြောဆိုနေခဲ့ကြသည်။ မကြာသေးမီကလည်း စစ်တပ်အတွင်း အထက်နှင့် အောက်ခြေသဘောထားကွဲပုံမျိုး ဖော်ပြခဲ့ကြသေးသည်။ အထူးသဖြင့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီးသည့်ကာလတွင် နေပြည်တော်သို့ မြို့တော်သစ် ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့သည့်ကိစ္စကို လူအများသဘောကျ နှစ်ခြိုက်စရာဖြစ်ခဲ့ရသည်။ နာဂစ်မုန်တိုင်းမဖြစ်မီ ၂၀၀၅ ခုနှစ် နှောင်ပိုင်း၌ နေပြည်တော်သို့ မြို့တော်ပြောင်းရွှေ့ရန် ချက်ချင်းဆုံးဖြတ်ဆောင်ရွက်စေခဲ့ခြင်းကို လူအများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ခဲ့ကြပြီး နေပြည်တော်တည်ဆောက်မှုအတွက် ကြီးမားသော ကုန်ကျစရိတ်များကို ဝေဖန်ခဲ့ကြသည်။ ဗေဒင်ယတြာကိန်းခမ်းအရ ပြောင်းရွှေ့သည်ဟုလည်း ရယ်ပွဲဖွဲ့ခဲ့ကြသည်။ ယခုတော့ မြန်မာလူမျိုး အများက စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ၏ သိပ္ပံနည်းမကျသော်လည်း တွေးခေါ်မျှော်မြင်နိုင်မှုနှင့် နက္ခတ်သဘော အပြောင်းအလဲများကို ခန့်မှန်းနိုင်မှုကို ပြန်၍ကြည့်လာကြသည်။ အနည်းဆုံး စစ်အစိုးရခေါင်းဆောင်များ ယုံကြည်နေ ကြသည့် ဗေဒင်ဆရာများကို လေးစားမှုဖြစ်လာကြသည်။

ပို၍ အရေးကြီးသည့်အချက်မှာ ၎င်း၏ စစ်တပ်ဖွဲ့များကို ထိန်းချုပ်ရေးကိရိယာများအဖြစ် အားထားအသုံးချနိုင်ကြောင်း တွေ့ရှိလာရပြီး စစ်အစိုးရက ပိုမိုယုံကြည်မှုတက်လာခြင်း ဖြစ်သည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့များအတွင်း သဘောထား ကွဲလွဲမှု ကြီးကြီးကျယ်ကျယ် မတွေ့ရဘဲ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ဒီမိုကရေစီဆန္ဒပြပွဲများကို ကောင်းစွာ ငြိမ်းသတ် နိုင်ခဲ့သောကြောင့်လည်း စစ်တပ်အဖို့ အင်အားပိုမိုခိုင်မာလာသည်ဟု ယူဆရန်ရှိနေပြီး၊ စစ်အစိုးရအဖို့ မိမိအင်အား အပေါ် ပို၍ သေချာတွက်ဆလာနိုင်သည်။ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမာန်အချို့၏ အဆိုအရ ယခုအခါ စစ် အစိုးရက ၎င်းတပ်များ၏ သစ္စာရှိမှုအပေါ် ပို၍ယုံကြည်မှုကဲနေပြီး မငြိမ်မသက်မှုများကို ကောင်းကောင်းကိုင်တွယ်နိုင် ပြီဟု ယူဆနေကြကြောင်းလည်း သတင်းများကို အခြေခံ၍ ပြောဆိုနေကြသည်။

အခြားတဖက်တွင်လည်း အတိုက်အခံများ၏ အနေအထားမှာ အင်အားချိနဲ့လာပြီဟု သုံးသပ်လျှင် ရနိုင်သည်။ ယခု အခါ အတိုက်အခံအဖွဲ့ဝင်အများစုမှာ ယခင်အချိန်ကာလများထက်စာလျှင် အများစုက ထောင်ထဲတွင် ရှိနေကြသည်။ ထိုအချိန်တွင် အများအပြားကလည်း သူတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို အမှန်တကယ်စိုးရိမ်လာရခြင်းကြောင့် ပြည်ပသို့ ထွက်ပြေးခဲ့ကြရသည်။ အရေအတွက် အတိအကျမသိရသည့် အတိုက်အခံအဖွဲ့ဝင်များလည်း သေကြေဆုံးရှုံးခဲ့ရ သည်။ လူအများစုက ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံအားပေးမှုရှိနေကြသော်လည်း ၂၀၀၇ ခုနှစ်က ဓါတ်ဆီ ဈေးနှုန်းအပေါ် အစိုးရ ထောက်ပံ့ထားပေးမှုများကို ဖျက်သိမ်းခဲ့ပြီး လောင်စာဆီဈေးကို ညတွင်းချင်း ၅၀၀% တက် လိုက်သောအခါ ဖြစ်ပေါ်လာသည့် လူထု၏ မကျေနပ်မှုများကို အတိုက်အခံများက အင်အားအဖြစ် မပြောင်းလဲနိုင်ခဲ့ကြ ပါ။ အလားတူ ယခုနှစ်မုန်တိုင်းအပြီး စစ်အစိုးရ၏ တာဝန်ပျက်ကွက်မှုနှင့် မစွမ်းဆောင်နိုင်မှုများကြောင့် ဖြစ်ပေါ်လာ သည့် မတည်မငြိမ်မှုများနှင့် လူထုများ၏ ကပ်ဘေးဒုက္ခအပေါ်တွင် အသုံးချ၍လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာစေရန် အားဖြည့်မစွမ်းဆောင်နိုင်ခဲ့ကြပါ။

ဖိအားပေးရေး ထိုးစစ်ကိုလည်း မဆင်၊ ၎င်းတို့ကို ထောက်ခံနေသူများအတွက် လုံလောက်သည့် ခုခံစစ်အတွက်လည်း သေချာမပြင်ဆင်ဘဲ နေခဲ့ကြသည်။ အတိုက်အခံများက အကြမ်းမဖက်ကျမ်းစာတော်ကိုသာ အသေဆုပ်၍ နိုင်ငံ တကာဖိအားများကြောင့် နောက်ဆုံး ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ပေါ်လာရေးကိုသာ မျှော်လင့်အားထားနေခဲ့ ကြသည်။ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဆန္ဒပြသူများက သက်သေပြခဲ့သလို၊ "မျှော်လင့်ချက်"ဆိုသည်မှာ ရဲများ၏ နံပါတ်တုတ် အတွက်၊ ၀င်တိုက်လာမည့် ကားများအတွက်၊ အသေသတ်မည့်စစ်သားများ၏ ကျည်ဆံများအတွက် အာမခံချက်မရှိလှသည့် ဒိုင်းကာသာ ဖြစ်ပါသည်။


REF: ဧရာဝတီ

0 comments:

အပေါ်သို့