Tuesday, December 2, 2008

နိုဝင်ဘာလအတွင်းက ယုံကြည်ချက်ကြောင့် မတရားစီရင်ခံရသူ ၂၁၅ ဦးရှိ

မြန်မာစစ်အစိုးရဟာ နိုဝင်ဘာလအတွင်း အနည်းဆုံး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂၁၅ ဦးကို မတရားစီရင်ကာ အပြစ်ပေးလိုက်ကြောင်း ထိုင်း မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က ၂၀၀၈ ခု ဒီဇင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၀၇ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ လှုပ်ရှားမှုများနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရဟာ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က စတင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်ကစတင်ပြီး ဒီကနေ့အ ထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၃၈၄ ဦးကို မတရားစီရင်ချက်ချခဲ့ပြီး ထိုသူများထဲက တဝက်ကျော် ဟာ ပြီးခဲ့တဲ့လအတွင်းက မတရားစီရင်ခဲ့တာဖြစ်ကြောင်း၊ သူတို့ရရှိတဲ့ သတင်းများအရ မြန်မာစစ်အစိုးရဟာ မတ ရားစီရင်မှုများကို အဆောတလျင်ပြုလုပ်ချင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ လူငယ်ရှေ့နေ ၂ ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှေ့နေ ဦးခင်မောင်ရှိန်နဲ့ ဦးအောင်သိန်း တို့ကို တရားရုံးအား မထေမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၄ လ၊ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကို ပေါက်ကွဲမှု တချို့နဲ့ ဆက်စပ်ပြီး ထောင်ဒဏ် ၈ နှစ်၊ နာဂစ်စ် မုန်တိုင်းသင့်သူတွေကို အကူအညီပေးခဲ့တဲ့ လူရွှင်တော် ကိုဇာဂနာကိုထောင်ဒဏ် ၅၉ နှစ်၊ သံဃာ့ခေါင်းဆောင် ဦးဂန္ဘီရကို ၂၀၀၇ ခှနှစ် သံဃာ့လှုပ်ရှားမှုအား ဦးဆောင်မှု နဲ့ ထောင်ဒဏ် ၆၈ နှစ်၊ လောင်စာဆီဈေးနှုန်းမြှင့်တင်ခြင်းကို ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းကလမ်းလျှောက်ဆန္ဒ ပြခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များကို ထောင်ဒဏ် ၆၅ နှစ်စီအပါအဝင် ထောင်ဒဏ်နှစ်ရှည်၊ နှစ်တိုများ စွာ မတရားစီရင်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ”အခုချမှတ်တဲ့ ထောင်ဒဏ်တွေဟာ ဆယ်စုနှစ်တနှစ်ကျော် စစ်အစိုးရ မတရားစီရင်ခဲ့တဲ့ ထောင်ဒဏ်တွေထဲက တချို့ဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေကြောက်လန့်သွားအောင် သူတို့ဘဝရဲ့ အချိန်တော်တော်များများကို ထောင်ထဲမှာ ကုန်ဆုံးစေတာဖြစ်ပါတယ်။” လို့ စစ်အစိုးရရဲ့ မတရားစီရင်မှုများနဲ့ ပတ်သက်ပြီး ဝေဖန်ချက်ပေးပါ တယ်။

မြန်မာစစ်အစိုးရဟာ မတရားစီရင်ချက်များ ချမှတ်ခဲ့တဲ့နည်းတူ နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး အနည်းဆုံး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁၃၆ ဦးကို မိသားစုနဲ့ဝေးကွာအောင် နိုင်ငံအနှံ့ရှိထောင်တွေဆီကို ပို့ ဆောင်ခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျတို့ကို ရှမ်းပြည်နယ်က ကျိုင်းတုံ၊ မိုင်းဆတ်နဲ့ လားရှိုးအကျဉ်းထောင်တွေဆီပို့ဆောင်ခဲ့သလို ကိုဌေးကြွယ်ကို ရခိုင်ပြည်နယ်ဘူးသီးတောင်ထောင်၊ ကိုပြုံးချိုကို တနင်္သာရီတိုင်း ကော့သောင်းထောင်တွေဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ဝေးလံတဲ့ အကျဉ်းထောင်များဆီ ပို့ဆောင်ခြင်းနဲ့ ပတ်သက်ပြီး ”၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို သူတို့မိသားစုတွေနဲ့ ဝေးလံတဲ့ အကျဉ်းထောင်တွေဆီကို ပို့လိုက်ခြင်းဟာ စစ်အစိုးရရဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုဖြစ်ကြောင်း၊ အခုလိုပို့ဆောင်လိုက်တဲ့အတွက် မိသားစု ဝင်တွေအဖို့ သူတို့လိုအပ်တဲ့ အစားအသောက်၊ ဆေးဝါးတွေ ပို့ဆောင်နိုင်ဖို့ အချိန်ကုန် ငွေကုန်ဖြစ်အောင် လုပ် ဆောင်လိုက်တာဖြစ်ကြောင်း၊ ဒါဟာ မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားသူတွေကို လူမြင်ကွင်းက ပျောက်သွား အောင်၊ သူတို့ကို မေ့ပျောက်သွားအောင်လုပ်တာဖြစ်ကြောင်း၊ ကျွန်တော်တို့ကတော့ ဒီလိုအဖြစ်မျိုးကို ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ကြောင်း။” နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) မှ ကိုဘိုကြည်က ပြောကြားလိုက်ပါတယ်။


REF: Burmatoday

0 comments:

အပေါ်သို့