Thursday, December 8, 2011

‘ ရွှေနိုင်ငံက ရွှေမင်းသမီးလေးရဲ့ စိန်မင်္ဂလာဆောင် ’

ဒီဇင်ဘာ ၈ ရက် ၂၀၁၁


ကမာကောင်တွေရဲ့ မျက်ရည်ဟာ
ပုလဲတွေ ဖြစ်စေတယ် ...
ပြည်သူတွေရဲ့ မျက်ရည်ဟာ
စိန်တွေ ဖြစ်စေတယ် .....
ပန်ပါ .... မသန္တာရွှေ ...... ပန်ပါ
စိတ်လက်ချမ်းမြေ့စွာ ပန်လိုက်ပါ။

တသက်မှာ တခါပဲ ဖြစ်ခွင့်ရှိတဲ့ ‘ သတို့သမီး’
ဘ၀မှာ တခါပဲ ဆောင်ခွင့်ရတဲ့ ‘ မင်္ဂလာ’
ချစ်စရာ ရွှေမင်းသမီး ၀က်ပုတ်မလေးရေ
မင်းဦးခေါင်းထက် ဆံထုံးက စိန်ပွင့်တိုင်းမှာ
ခြေပြတ် လက်ပြတ် စစ်သားတွေရဲ့
မျက်ရည် ...... ပါတယ် ......
အချိန်တန် အိမ်ပြန်မရောက်တဲ့
သားတွေရဲ့အမေ့ မျက်ရည်ပါတယ် ...
ဒုက္ခသည်စခန်းက အိမ်လွမ်းသူတွေရဲ့
မျက်ရည် ...... ပါတယ် ......
ပြေးစရာမြေ ...... နေစရာရွာ
စားစရာ ပြောင်း ကောက် ...... စိုက်စရာ တောင်ယာ
မျှော်လင့်စရာ အနာဂတ် ......
ဘာဆို ဘာမှ မရှိတဲ့
ကရင်ဒုက္ခသည် အိုကြီးတွေရဲ့
မျက်ရည် ...... အတုံးလိုက် အတစ်လိုက် ပါတယ်။

ပြည်သူ့ ဘဏ္ဍာ၊ ပြည်သူ့ ချွေး၊ ပြည်သူ့ သွေးနဲ့
ပြည်သူတွေ တည်ဆောက်ထားတဲ့
‘ ဇေယျာသီရိ ဗိမာန်’
ဧည့်ကောင်း ဆောင်လ သံခင်း တမန်ခင်းအတွက်
မင်းတို့အတွက် ‘ သားစပ်ခန်းမ’ မဟုတ်ဘူး
ပြည်သူ့ကျောနဲ့ ခင်းထားတဲ့
မင်္ဂလာလျှောက်လမ်း ......
လှမ်းခဲ့ပါ ...... မသန္တာရွှေ ...... လှမ်းခဲ့ပါ ......
(ဖနောင့်လေးနဲ့ နင်း)
တလှမ်းချင်း လှမ်းခဲ့ပါ။

သေနတ်ပြောင်းဝက ခပ်တင်းတင်း အာဏာ
ဝီစကီ ပုလင်းဝက မူးနေတဲ့အမိန့်
ငါတို့ဘ၀က ...... မင်းတို့အတွက်
ငိုရင် ပုလဲ ...... ရီရင် ရွဲ
ချစ်စရာ ရွှေမင်းသမီး ၀က်ပုတ်မလေးရေ
မင်းရဲ့ကမ္ဘာကျော် မင်္ဂလာပွဲအတွက်
ပျော်ပါ ...... မသန္တာရွှေ ...... ပျော်ပါ
စိတ်လက် ချမ်းမြေ့စွာ ပျော်လိုက်ပါ။

ဒုက္ခအပေါင်းနဲ့
မတရား စေ့စပ် လက်ထပ်ခြင်းခံရတဲ့
ပြည်သူတွေ ......
လောကဓံတရား အကောင်းလေးပါးနဲ့
တရားဝင် ကွာရှင်း ပြတ်စဲခံရတဲ့
ပြည်သူတွေက ......
မင်းတို့ မင်္ဂလာပွဲ အတွက်
ဆုတောင်း လက်ဖွဲ့ ပေးလိုက်တယ်
ဒီလင် ဒီမယား ......
အိုအောင် မင်းအောင် ပေါင်းရပါစေ
ဒီလင် ဒီမယား ......
အိုအောင် မင်းအောင် ပေါင်းရပါစေ
ဒီလင် ဒီမယား ......
............................................................ ။


AZB


0 comments:

အပေါ်သို့