Wednesday, December 7, 2011

ပညာ​ရေး​ရန်ပုံ​ငွေ ​ဈေး​ရောင်း​ပွဲနှင့်​ ဂီတ​ဖျော်​ဖြေပွဲ အဖွဲ့​ချုပ် ဦး​ဆောင်ကျင်း​ပမည်

December 6, 2011
ရွှေအောင်

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ပညာ​ရေး​ကွန်ရက်က ကြီး​မှူး​ကျင်း​ပမယ့်​ ပြည်​ထောင်စုတိုင်း​ရင်း​သား​များ​ ပညာ​ရေး​ရန်ပုံ​ငွေ ​ဈေး​ရောင်း​ပွဲနဲ့​ ​တေး​ဂီတ​ဖျော်​ဖြေပွဲကို ရန်ကုန်မြို့​ သုဝဏ်ဏအား​ကစား​ကွင်း​ မိုး​လုံ​လေလုံခန်း​မမှာ ဒီလထဲ ကျင်း​ပပြုလုပ်မှာ ဖြစ်ပါတယ်။

တေး​ဂီတ​ဖျော် ​ဖြေပွဲကို ရန်ကုန်မြို့​က နာမည်ကြီး​ ​တေး​ဂီတဝိုင်း​တွေနဲ့​ နာမည်​ကျော် ​တေး​သံရှင် ၉၀ ရာခိုင်နှုန်း​ကျော် ပါဝင်သီဆို ​ဖျော်​ဖြေ တင်ဆက်ကြမယ့်​ အ​ကြောင်း​နဲ့​ ​ဈေး​ရောင်း​ပွဲနဲ့​ ​ဖျော်​ဖြေပွဲကရရှိတဲ့​ ရန်ပုံ​ငွေ အား​လုံး​ကို လှူဒါန်း​သွား​မှာဖြစ်တဲ့​အ​ကြောင်း​ အဖွဲ့​ချုပ်​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။


ဒီပွဲနဲ့​ ပတ်သက်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲ တရပ်ကိုလည်း​ ဒီ​နေ့​မနက်ပိုင်း​ ရန်ကုန်က ဆာကူရာတာဝါမှာ ပြုလုပ်ခဲ့​ပြီး​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်စား​ ဦး​ဝင်း​တင် တက်​ရောက်ခဲ့​ပါတယ်။

ဦး​ဝင်း​တင်​ ပြောကြား​ခဲ့​တဲ့​ အဖွင့်​စကား​ကို ဦး​အုန်း​ကြိုင်က “​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လမ်း​ညွှန်ချက်နဲ့​အညီ ပြည်သူ့​ဒီမိုက​ရေစီ ကွန်ရက်ကြီး​ကို စတင်ဖွဲ့​စည်း​ပြီး​တော့​ အန်အယ်လ်ဒီက ​ဆောင်ရွက်ခဲ့​ရာမှာ လူငယ်ပညာ​ရေး​ ကွန်ရက်လည်း​ ပါဝင်ခဲ့​ပါတယ်။ အဲဒီလူငယ် ပညာ​ရေး​ ကွန်ရက်ရဲ့​ ​ဆောင်ရွက်ချက်​တွေက​တော့​ ​ကျေနပ်ဖွယ်ရာ ​အောင်မြင်မှု​တွေ ရရှိလာပြီဖြစ်ပါတယ်။ မကြာ​သေး​မီက အ​ထွေ​ထွေ အတွင်း​ရေး​မှူး​နဲ့​ ဂီတပညာရှင်​တွေ ​တွေ့​ဆုံခဲ့​ပြီး​တဲ့​နောက် ပိုမိုအား​ကောင်း​တဲ့​ ဂီတပညာရှင်များ​ ညီညီညွတ် ညွတ် နဲ့​ ပံ့​ပိုး​မှု​တွေရလာတာကို ဝမ်း​သာအား​ရဖြစ်မိပါတယ်” လို့​ ဆိုပါတယ်။

သတင်း​စာရှင်း​လင်း​ပွဲကို ပြည်တွင်း​ပြည်ပ သတင်း​ထောက် ၂၀၀ ​လောက် တက်​ရောက်ခဲ့​ကြတယ်လို့​လဲ ​ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ည​နေ ကျင်း​ပလုပ်မယ့်​ ရန်ပုံ​ငွေ​ဈေး​ရောင်း​ပွဲမှာ ပညာ​ရေး​ကွန်ရက်က ဖွင့်​ထား​တဲ့​ကျောင်း​တွေက ဆိုင်ခန်း​ပေါင်း​ ငါး​ဆယ်​လောက်မှာ အမှတ်တရပစ္စည်း​နဲ့​ အစား​အ​သောက်​တွေ ​ရောင်း​ချမှာဖြစ်ပါတယ်။

ရန်ပုံ​ငွေ​ တေး​ဂီတ ​ဖျော်​ဖြေပွဲလက်မှတ်​တွေကို​တော့​ လက်မှတ်တ​စောင်ကျပ်ငါး​ထောင်က​နေ ကျပ်သုံး​သောင်း​လောက်ထိ သတ် မှတ် ​ရောင်း​ချသွား​မှာဖြစ်ပြီး​၊​ ပညာ​ရေး​ရန်ပုံ​ငွေပွဲဖြစ်တာမို့​ ​မေတ္တာလက်မှတ် လုံး​ဝမ​ပေး​ဘူး​လို့​ ဆိုပါတယ်။

နာမည်ကြီး​ အဖွဲ့​တွေ ပါဝင်တီး​ခတ်​ဖျော်​ဖြေ​ပေး​ကြမှာဖြစ်ပြီး​ ဟစ်​ဟော့​အဖွဲ့​သုံး​ဖွဲ့​လည်း​ ပါဝင်တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဇော်ဝင်း​ ထွဋ်၊​ မျိုး​ကျော့​မြိုင်၊​ ဘိုဖြူ၊​ အဲလက်စ်၊​ ​ဆောင်း​ဦး​လှိုင်၊​ အာဇာနည်၊​ သား​ထွေး​၊​ ဂျီလတ်၊​ ရင်ဂို၊​ ​ဂျေ​မောင်​မောင်၊​ နွဲ့​ယဉ်ဝင်း​၊​ ထွန်း​အိန္ဒြာဗိုလ်၊​ ဝိုင်း​စုခိုင်သိန်း​၊​ ဖြူဖြူ​ကျော်သိန်း​၊​ ချမ်း​ချမ်း​၊​ မီး​မီး​ခဲ၊​ နီနီခင်​ဇော်၊​ ​အေသင်ချို​ဆွေ၊​ အိမ့်​ချစ်နဲ့​ အခြား​ နာမည်ကြီး​ အဆို​တော်​တွေ သီဆိုကြမယ်လို့​ ဆိုပါတယ်။

မန​လေး​မြို့​မှာလည်း​ ပညာ​ရေး​ရန်ပုံ​ငွေ ​တေး​ဂီတ​ဖျော်​ဖြေပွဲကို ဆက်လက် ပြုလုပ်သွား​ဖို့​ ရှိတယ်လို့​ သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့