Wednesday, December 7, 2011

စီး​ပွား​ရေး​နှင့်​ မှုခင်း​ဥပ​ဒေ ဂျာနယ် မဂ္ဂဇင်း​များ​ စိစစ်​ရေး​ ကင်း​လွတ်ခွင့်​ရ

December 6, 2011
ရွှေအောင်

စီး​ပွား​ရေး​နဲ့​ မှုခင်း​၊​ ဥပ​ဒေ အမျိုး​အစား​ ဂျာနယ်နဲ့​မဂ္ဂဇင်း​တွေကို စာ​ပေစိစစ်​ရေး​တင်စရာမလိုဘဲ ထုတ်​ဝေခွင့်​ပြုလိုက်ပါတယ်။

လာမယ့်​ ၉ ရက်​နေ့​ကစပြီး​ စာ​ပေစိစစ်​ရေး​ တင်စရာမလိုဘဲ ထုတ်​ဝေခွင့်​ရမယ်လို့​ ဒီ​နေ့​ပြုလုပ်တဲ့​ စိစစ်​ရေး​ အစည်း​အ​ဝေး​တခုမှာ စာ​ပေစိစစ်​ရေး​ဌာန ညွှန်ကြား​ရေး​မှူး​က ​ပြောလိုက်တာပါ၊​။

စီး​ပွား​ရေး​ နဲ့​ မှုခင်း​ဂျာနယ်​ပေါင်း​ ၃၂ ​စောင်နဲ့​ မဂ္ဂဇင်း​ ၂၂ ​စောင်တို့​ စိစစ်​ရေး​ တင်စရာမလိုဘဲ ထုတ်​ဝေခွင့်​ ရရှိကြ​တော့​မယ်လို့​ အစည်း​အ​ဝေး​တက်ခဲ့​တဲ့​ ဂျာနယ်အယ်ဒီတာတဦး​က ​ပြောပါတယ်။


သတင်း​ဂျာနယ်၊ ​ ပညာ​ရေး​နဲ့​ ဘာသာ​ရေး​အမျိုး​အစား​ ဂျာနယ်၊​ မဂ္ဂဇင်း​တွေက​တော့​ ကင်း​လွတ်ခွင့်​မရ​သေး​ဘဲ စိစစ်​ရေး​တင်ပြီး​မှ ထုတ်​ဝေကြရဦး​မယ်လို့​ ဆိုပါတယ်။

ပထမအကြိမ် အနုပညာသတင်း​ ဂျာနယ်​တွေ ကင်း​လွတ်ခွင့်​ပြုခဲ့​တာနဲ့​ အခုတကြိမ် ကင်း​လွတ်ခွင့်​ ပြုခဲ့​တဲ့​ကြား​ထဲ အချိန်​ခြောက်လ ကြာခဲ့​တာမို့​ ကျန်​နေ​သေး​တဲ့​ သတင်း​ဂျာနယ်​တွေ ဘယ်​လောက်ကြာမှ စိစစ်​ရေး​ကင်း​ လွတ်ခွင့်​ရနိုင်ပါမလဲဆိုတာနဲ့​ ပတ်သက်ပြီး​ ရန်ကုန်တိုင်မ်း​ မီဒီယာဂရုက ဦး​ကိုကို(စက်မှု)က အခုလို မှတ်ချက်​ပေး​ပြောဆိုပါတယ်။

“၆ လ​လောက်​တော့​ မကြာနိုင်​လောက်​တော့​ဘူး​လို့​ ကျ​နော့်​စိတ်ထဲမှာ ထင်ပါတယ်။ ဘာလို့​လည်း​ဆို​တော့​ ယ​နေ့​သတင်း​ဂျာနယ်​တွေရဲ့​ အခင်း​အကျင်း​ပုံစံက ကြည့်​ရတာ ​တော်​တော်များ​များ​က ​ရေး​ခွင့်​တွေရလာတယ်။ ဓာတ်ပုံ​တွေ​တော်​တော်များ​များ​ ​တော်​တော်​လေး​ သုံး​ခွင့်​ရလာတဲ့​အခါမှာ ဆင်ဆာဆိုတာက အရင်​လောက် မရှိ​တော့​ဘဲ ပါး​ပါး​လေး​လောက်ပဲ ရှိလာ​တော့​တဲ့​အခါမှာ စီး​ပွား​ရေး​ကိစ္စ၊​ မှုခင်း​ဂျာနယ်ကိစ္စ​တွေ ပြီး​သွား​ရင်​တော့​ သတင်း​ဂျာနယ်​တွေက ကျ​နော်ထင်တယ်။ ၂လ၊​ ၃ လ​လောက်အကြာမှာ သတင်း​ဂျာနယ်​တွေ ကင်း​လွတ်ခွင့်​ပေါ့​၊​ အုပ်စု-၁ ထဲကို ထည့်​ပေး​မယ့်​ အ​နေအထား​တွေ ရှိမယ်လို့​ ​မျှော်လင့်​ပါတယ်။”

ပြီး​ခဲ့​တဲ့​ ဇွန်လအတွင်း​မှာ အနုပညာ၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ နည်း​ပညာနဲ့​ အား​ကစား​စတဲ့​ စာ​ပေအမျိုး​အစား​ ငါး​မျိုး​ကို ပထမ အကြိမ်ကင်း​လွတ်ခွင့်​ ​ပေး​ခဲ့​ပါတယ်။

ခြောက်လအ​ တောအတွင်း​ ဂျာနယ်​တွေ လုပ်ရကိုင်ရတဲ့​ အ​ခြေအ​နေကို အလင်း​တန်း​ အနုပညာဂျာနယ် အယ်ဒီတာချုပ် ဦး​ဝင်း​ငြိမ်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အနုပညာရှင်​တွေ ​တွေ့​ဆုံတဲ့​သတင်း​ ​ရေး​သား​ဖော်ပြပုံကို ဥပမာ​ပေး​ပြီး​ ခုလို​ပြောပြပါတယ်။

“​ဒေါ်​ အောင်ဆန်း​စုကြည်နဲ့​ ဂီတပညာရှင်​တွေနဲ့​ ​တွေ့​တယ်ဆိုတာ တကယ့်​ တကယ်ကျ​တော့​ သူတို့​က ပညာ​ရေး​ရန်ပုံ​ငွေ ရှာဖို့​အတွက်ကို ​ဒေါ်​အောင်ဆန်း​စုကြည်က အနုပညာရှင်​တွေကို ​ခေါ်​ပြောတဲ့​ကိစ္စပါ။ ပညာ​ရေး​ရန်ပုံ​ငွေ ရှာ​ပေး​ဖို့​ကိစ္စကို ​ခေါ်​တွေ့​တာ​လောက်ပဲ ​ဇောင်း​ပေး​ပြီး​ရေး​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ခေါ်​တွေ့​တယ်ဆိုတာကို သီး​ခြား​ highlight လုပ်ပြီး​တော့​ မ​ရေး​တော့​ဘူး​။ ဥပမာ အခု ရုပ်ရှင် အနုပညာရှင်​တွေနဲ့​တွေ့​တာလည်း​ ဗိုလ်ချုပ်​အောင်ဆန်း​ အတ္ထုပ္ပတ္တိကို ဇာတ်ကား​ရိုက်ဖို့​ဆိုတာကို သိရတယ်။ ဒါ​ပေမယ့်​ အဲဒါကြီး​ကို သိပ်ပြီး​တော့​ မတင်ထား​ဘူး​။ ခပ်ဖွဖွ​လေး​ပဲ အနုပညာဘက်ကပဲ ​ဇောင်း​ပေး​ထား​တဲ့​ပုံစံမျိုး​ပေါ့​။ အဲလိုမျိုး​ ကျ​နော်တို့​ဘက်ကလည်း​ ​ရှောင်ရတာလည်း​ ရှိတာ​ပေါ့​။”

အနုပညာဂျာနယ်ဖြစ်တဲ့​အတွက် အခြား​ပြည်တွင်း​သတင်း​တွေ​တော့​ ထည့်​သွင်း​ဖော်ပြခွင့်​ မရ​တော့​ပါဘူး​။

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလအတွင်း​ သမ္မတရဲ့​အကြံ​ပေး​ ဦး​ကိုကိုလှိုင်က စာ​ပေစိစစ်​ရေး​ဆိုတာ ​နောင်နှစ်ထဲရှိ​တော့​မှာ မဟုတ်ပါဘူး​လို့​ ပြည်ပသတင်း​ဌာနကြီး​တခုကို ထုတ်​ဖော် ​ပြောဆိုခဲ့​ဖူး​ပါတယ်။

အမည်မ​ ဖော်လိုတဲ့​ ပြန်ကြား​ရေး​ အရာရှိကြီး​တဦး​ကလည်း​ လာမယ့်​နှစ်ထဲ လွှတ်​တော်ကို တင်သွင်း​ဖို့​ရှိတဲ့​ မီဒီယာဥပ​ဒေကြမ်း​မှာ မည်သည့်​စာနယ်ဇင်း​ကိုမှ ဆင်ဆာဖြတ်ခွင့်​ မရှိ​စေရဆိုတဲ့​စာသား​ ထည့်​သွင်း​ထား​တယ်လို့​ ဒီဗွီဘီကို ​ပြောပါတယ်။


Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့