Tuesday, May 25, 2010

အဖေသခင်စိုးမြင့်သို့

မေလ ၅ ရက် ၂၀၁၀


အဖေရေ....
အခုတော့
ရိက္ခာကိုပယ်
သိက္ခာကိုသယ်လို့
အနစ္စနယ်ကိုသွားခဲ့ပြီပေါ့
အဖေ........ မသေခင်ညနေ ရုံးတက်သေးတဲ့အဖေ
ကားမှတ်တိုင်မှာ
ကိုယ့်ကိုယ်ကို မခိုင့်တခိုင်ရပ်
လူကြပ်ကြပ်ဘတ်(စ်)ကားကိုတား
ဥက္ကလာပကိုလားဟေ့...ဟုတ်ကဲ့
လိုက်ခဲ့မယ်---လိုက်ခဲ့တယ်
အိမ်ရှေ့ရောက်ပြီး
သမီးရေ၊ ဇနီးရေ ပြန်ခဲ့ပြီဟေ့ တစ်နေ့တဲ့
(၈၇)နှစ်အဖေ့အတွက်
ထမင်းပျော့ပျော့ ဟင်းပေါ့ပေါ့
ရှိတာနဲ့တော့ ၀အောင်စားသွားခဲ့
ဒီလိုနဲ့ပဲမိုးချုပ်ခဲ့
ဒီလိုနဲ့ပဲ မိုးတွေချုပ်ခဲ့တယ်
ညီအကိုမသိတသိ အချိန်မှာ
ညီအကိုမသိတသိ အသံတွေနဲ့
တရုတ်ပြည်လုပ် ရေဒီယိုနဲ့ အလုပ်တွေရှုပ်
ညဥ့်ဦးယံကုန်လို့ မိုးစုန်းစုန်းချုပ်ပြီ ဆိုတော့
ဗုဒ္ဒရဲ့တရား (၂) နာရီလောက် အားထုတ်နေကျ
အ၀ိဇ္ဖာပစ္စယာ သင်္ခါရ - က ကမ္မဘ၀ဆိုတဲ့
သံသရာချဲ့တဲ့ တရားတွေ ရှုပွားပြီး
တစ်ညတာ တည်းခိုရှာလေရဲ့
နောက်တစ်နေ့ မိုးလင်းတဲ့အခါ
ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့
ဇနီးရဲ့ ကျန်းမာရေး - ဆေးခန်းပို့ ပေးရအုံးမှာမို့
သမီးချက်တာစား-ကောင်းတာမကောင်းတာထား
ရေချိုး ထမင်းစား နားအုံးမှဆိုပြီး
နိုင်ငံရေးခရီး အဆက်ဆက်
ဗိုလ်ချုပ်အောင်ဆန်း လက်ထက်ကစ
ဒေါ်အောင်ဆန်းစုကြည်လက်ထက် အထိ
စုမိဆောင်းမိခဲ့သမျှ
နားခိုစရာ အပေါစား သစ်သား ကုလားထိုင်ပေါ်မှာ
ထိုင်ရင်းနဲ့ အိပ်
အိပ်ရင်းနဲ့ သေ
အဲဒီလို..........အခြေအနေမျိုးကို
ကမ္ဘာနေလူသားအားလုံးသို့
သတင်းပေးပို့လိုက်ပါသည် ...........ခင်ဗျား............

သခင့်သား ကမာရွတ်

0 comments:

အပေါ်သို့