Friday, May 28, 2010

၁၉၄၇ ရွေးကောက် ပွဲနှင့် မြန်မာ့ နိုင်ငံရေး

ကျော်ဆန်းမင်း
May 28, 2010

မြန်မာ့ လွတ်လပ်ရေး အတွက် အရေးပါသော အောင်ဆန်း - အက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် နေ့တွင် လက်မှတ် ရေးထိုးနိုင် သကဲ့သို့ တောင်တန်း ပြည်မ တစ်ပေါင်းတည်း လွတ်လပ်ရေး ရစေမည့် ပင်လုံ စာချုပ်ကို ရှမ်းပြည် တောင်ပိုင်း ပင်လုံတွင် ကျင်းပသော ပင်လုံ ညီလာခံကြီး ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ ယင်း အောင်မြင်မှုများကို အဓိက ဆောင်ရွက် သည်မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖ.ဆ.ပ.(ဖက်ဆစ် ဆန့်ကျင်ရေး နှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) ဖြစ်ပေရာ ထိုအချိန်တွင်အခြား တည်ရှိနေသော နိုင်ငံရေး ပါတီများထက် ဖ.ဆ.ပ.လ မှာ များစွာ ပေါ်လွင် ထင်ရှားသည်။

ထို့ကြောင့်ပင် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက် နေ့တွင် အောင်ဆန်း အက်တလီ စာချုပ် အရ တိုင်းပြု ပြည်ပြု လွှတ်တော် အတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ယင်း ရွေးကောက်ပွဲ တွင် ဖ.ဆ.ပ.လ က စည်းရုံးရေး သြဇာကြီးကြောင်း တွေ့ရသည်။ ရွေးကောက်ပွဲကို ဖ.ဆ.ပ.လ က တစ်နှစ် အတွင်း လွတ်လပ်ရေး ရရမည် ဆိုသော ကြွေးကြော် သံဖြင့် ရွေးကောက်ပွဲ ဝင်သကဲ့သို့ အဓိက အတိုက် အခံ ပါတီ ဖြစ်သော ဗမာပြည် ကွန်မြူနစ် ပါတီက အောင်ဆန်း အက်တလီ စာချုပ်ကို ရှုတ်ချသည့် အဆုံးသတ် အာဏာ သိမ်းပွဲ အတွက် ဖ.ဆ.ပ.လ - ကွန်မြူနစ် ညီညွတ်ကြ ဟူသော ကြွေးကြော် သံဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။

သခင်စိုး၏ အလံနီ ပါတီ ကမူ ရွေးကောက် ပွဲကို သပိတ်မှောက်ရုံ မက အကြမ်းဖက် တားဆီးရန် မဲရုံများကို မီးရှို့ရန် ဆုံးဖြတ်ကြသည်။ တိုင်းပြု ပြည်ပြု လွှတ်တော်ရွေး ကောက်ပွဲတွင် ဖ.ဆ.ပ.လ က ၉၅ ဒသမ ၃ ရာခိုင် နှုန်းရခဲ့ပြီး ဗမာပြည် ကွန်မြူနစ် ပါတီက စုစုပေါင်း အမတ် နေရာ ၂၅၅ နေရာတွင် အမတ်နေရာ ၇ ဦးသာ ရရှိ ခဲ့သည်။ ပြည်မ အမတ် နေရာ ၁၈၂ နေရာ အနက် ဖ.ဆ.ပ.လ က ၁၇၁ နေရာ ရရှိခဲ့ပြီး ကွန်မြူနစ် များက ၇ နေရာ နှင့် ကျန်နေရာ များကို တစ်သီး ပုဂ္ဂလများက ရရှိ ခဲ့သည်။

ယင်းကြောင့် တိုင်းပြု ပြည်ပြု လွှတ်တော် တွင် အမတ် နေရာ အားလုံး လိုလိုကို ဖ.ဆ.ပ.လ က သာ ရရှိ ခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဟူသည်မှာ တိုင်းပြည်၏ အနာဂတ် အုပ်ချုပ်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ ရန်သာ ဖြစ်ပြီး ပါလီမန် လွတ်တော်မျိုး မဟုတ်ပေ။

ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလ ၁၉ ရက် နေ့တွင် ဖ.ဆ.ပ.လ အဖွဲ့ချုပ် အမတ်များ ပဏာမ ညီလာခံကို ကျင်းပ ခဲ့ပြီး ဖ.ဆ.ပ.လ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကျမ်းကို ရေးဆွဲခဲ့သည်။ ဇွန်လ ၁ဝ ရက် နေ့တွင် တိုင်းပြု ပြည်ပြု လွှတ်တော် ပထမအကြိမ် ညီလာခံကို ကျင်းပခဲ့ပြီး ထို ညီလာခံတွင် အဖွဲ့ဝင် ၇၅ ဦးပါ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်း ပေးခဲ့သည်။

အခြေခံ ဥပဒေ မူကြမ်းကို ၁၉၄၇ ဇူလိုင်လ ၂၉ ရက် နေ့တွင် ကျင်းပသော တိုင်းပြု ပြည်ပြု လွှတ်တော် ဒုတိယ ညီလာခံတွင် ပြင်ဆင် ဖြည့်စွက် မှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၂၄ တွင် အတည်ပြု ခဲ့သည်။

၁၉၄၇ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဥပဒေ နိဒါန်း၊ အခန်း ၁၄ ခန်း၊ ပုဒ်မ ပေါင်း၂၃၄ နှင့် ဇယား လေးခု ပါရှိသည်။ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့၌ လွတ်လပ်ရေး ရသော အခါတွင် အဆိုပါ အခြေခံ ဥပဒေ မှာ အာဏာ တည်လာ ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၃၃ အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည် ပြုပြီး ၁၈ လ အကြာတွင် ပါလီမန် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပကာ ပါလီမန် လွှတ်တော်များ (ပြည်သူ့လွှတ်တော် ၊ လူမျိုးစု လွှတ်တော်) ဖွဲ့စည်းရန် ပြဋ္ဌာန်း ထားသည်။

ယင်းကြောင့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ရွေးကောက် ပွဲများ ကျင်းပရန် ဆာဘဦး ခေါင်းဆောင်သော ရွေးကောက်ပွဲ စီမံ ကြီးကြပ်ရေး အဖွဲ့ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်။

ယင်းအဖွဲ့၏ ပထမ အကြိမ် အစီရင် ခံစာကို ၁၉၄၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသော တိုင်းပြု ပြည်ပြု လွှတ်တော် အစည်း အဝေးတွင် တင်ပြ ရာ၌ လက်နက်ကိုင် ဆူပူမှုများကြောင့် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိသေး၍ အခြေခံ ဥပဒေ ပုဒ်မ ၂၃၃ ပါ အကူးပြောင်း ကာလ သတ်မှတ်ချက်တွင် ၁၈ လ ကို ၂၈လဟု ပြင်ဆင် သတ်မှတ် ခဲ့သည်။

ဒုတိယ အကြိမ် အစီရင် ခံစာကို ၁၉၅ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တင်ပြ ရာ၌ တရား မျှတသော ရွေးကောက် ကျင်းပ နိုင်သည် အထိ ကောင်းမွန်မှု မရှိ သေးကြောင်း တင်ပြသဖြင့် အကူး အပြောင်း ကာလ သတ်မှတ် ချက်ကို လပေါင်း ၄ဝ ဟု ထပ်မံ ပြင်ဆင် သတ်မှတ် ခဲ့သည်။ ယင်းသို့ဖြင့် ၁၈ လ မှ ၂၈ လ၊ လ ၄ဝ၊ ၄၈ လ အထိ သုံးကြိမ် တိုင်တိုင် ပြင်ဆင် ခဲ့ရသည်။

နောက်ဆုံးတွင် ပထမ အကြိမ် ပါလီမန် လွှတ်တော် ရွေးကောက် ပွဲကို ၁၉၅၂ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ် ခဲ့ကြသည်။

တိုင်းပြည်တွင်း လက်နက်ကိုင် ဆူပူ မှုများကြောင့် ရွေးကောက် ပွဲကို ကျင်းပ နိုင်ခြင်း မရှိသေး၍ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ပါလီမန် လွှတ်တော်၏ တာဝန် ဝတ္တရားများကို လွတ်လပ်ရေး ကြေညာသည့် ၁၉၄၈ ဇန်နဝါရီမှ ၁၉၅၂ မတ်လ ၃ ရက်နေ့ ပါလီမန် အစည်း အဝေး စထိုင်သည့် ကာလ တိုင်အောင် တာဝန်ယူ လုပ်ဆောင် ခဲ့သည်။

ယင်း ကာလတွင် တိုင်းပြု ပြည်ပြု လွှတ်တော်ကို ယာယီ ပါလီမန်ဟု ခေါ်ဆိုခဲ့ပြီး ယင်း ပါလီမန် မှ သမ္မတ တင်မြှောက်သော သမ္မတ စပ်ရွှေသိုက်ကို ယာယီ သမ္မတဟု လည်းကောင်း၊ အစိုးရ အဖွဲ့ကို ယာယီ အစိုးရ အဖွဲ့အဖြစ် လည်းကောင်း ခေါ်ဆိုခဲ့ ကြသည်။


ကျော်ဆန်းမင်း
မှီငြမ်း
- တရားမျှတသောပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကြီးသို့ - ( ဆရာချယ် )
- ပြောင်းလဲ လာသော မြန်မာ နိုင်ငံ အုပ်ချုပ်ရေး စနစ်များ ( မြင့်သိန်း - ရန်ကုန်တက္ကသိုလ် )
- ၅၈ - ၆၂ မြန်မာ နိုင်ငံရေး (ပ)
- အခြား စာရွက် စာတမ်းများ


Ref: ဟံသာဝတီ

0 comments:

အပေါ်သို့