Monday, January 28, 2008

"၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ"


"၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ"
ကြေညာချက် (၁/၂၀၀၈)


ယနေ့ခေတ်အချိန်အခါတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုး၏ လက်အောက်တွင် ဘာသာ၊ သာသနာတို့မှအစ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာတွင် အဘက်ဘက်မှ နစ်နာဆုံးရှုံးမှုများနှင့် ရင် ဆိုင်ကြုံတွေ့ရလျှက်ရှိပါသည်။ နိုင်ငံသူနိုင်ငံသားအားလုံးတို့မှာလည်း စစ်အာဏာရှင်ဗျူရိုကရက်လက်တဆုပ်စာ ၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အစာရေစာငတ်မွတ်ခေါင်းပါးခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းခြင်း၊ အဆင့်မမီသောပညာရေးစနစ်ကိုသာသင်ကြားခွင့်ရရှိခြင်း၊ လွတ်လပ်မှုနှင့် လူ့အခွင့် အရေးများဆုံးရှုံးခြင်းစသည့် ဒုက္ခအထွေထွေကို နေ့စဉ်နှင့်အမျှ ခါးစည်းခံနေကြရပါသည်။ ဤဒုက္ခများ၏ အခြေ အနေဆိုးမျာမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ဒီမိုကရေစီကိုချစ်မြတ်နိုးသော အာဇာနည် မြန်မာပြည်သား အား လုံးတွင် တာဝန်ရှိကြပါသည်။

ကမ္ဘာပေါ်တွင် လွတ်လပ်သောနိုင်ငံသားတိုင်း ရရှိနိုင်သည့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတန်ဖိုး များကို မြန်မာပြည်သား လူတန်းစားအားလုံးမှ မျှော်လင့်တောင့်တကြသည့်နည်းတူ ကျွန်ုပ်တို့ ကျောင်းသားထု တရပ်လုံးမှလည်း အထူးပင် မျှော်လင့်တမ်းတမိပါသည်။ ဤမျှော်မှန်းချက်များ ပြည့်ဝနိုင်ရန်အလို့ငှာ မြန်မာပြည် သူပြည်သားများနှင့်ထပ်တူ ကျွန်ုပ်တို့ကျောင်းသားထုတရပ်လုံးတွင်လည်း တာဝန်ရှိသည်ဟု ခံယူမိပါသည်။ မြန်မာနိုင်ငံ၏ လွတ်မြောက်မှုနှင့် ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်တွင်လည်း ကျွန်ုပ်တို့ကျောင်းသားထုတရပ်လုံး သည် အခြားသောလူတန်းစားများနှင့်အတူ အသက်၊ သွေး၊ ချွေးရင်းနှီးပေးဆပ်ကာ ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီအတွက် ပေးဆပ်ထမ်းဆောင်ရ မည့်တာဝန်သည် ကျွန်ုပ်တို့၏ ပခုံးများထက်သို့ လက်ဆင့်ကမ်းကျရောက်လာသည့် သမိုင်းပေးတာဝန်တရပ်ဖြစ် ပါသည်။

ဤသမိုင်းပေးတာဝန်ကို သက်စွန့်ကြိုးပမ်းကျေပွန်စွာထမ်းဆောင်နိုင်ရန် မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းသား ထုပါဝင်သော "၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂ" ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ ၏ "၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ" အနေဖြင့် ကျောင်းသားထုတရပ်လုံး၏ အခြေခံရပိုင်ခွင့်နှင့် ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာဖြင့် အကြမ်းမဖက် အနုနည်းသက်သက် တောင်းဆိုတိုက်ပွဲဝင်သွားမည်ဖြစ်ပါ သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ သမိုင်းအဆက်ဆက်တွင် ကျွန်ုပ်တို့ ကျောင်းသားလူတန်းစား၏ ဂုဏ်ရောင် ထွန်းပြောင်နိုင်ရန်အတွက် ကျွန်ုပ်တို့အားလုံး စိတ်ဓာတ်ညီညီဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် "၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂ" မှ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ ညီတော်၊ နောင်တော် ကျောင်းသား/ ကျောင်း သူ အပေါင်းတို့အား အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

"ကျွန်ုပ်တို့၏ သမိုင်းအတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်"

ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်

ကျောင်းသားသမဂ္ဂရှိမှ အနာဂတ်လှမယ်


0 comments:

အပေါ်သို့