Tuesday, March 18, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီ



ယနေ့အချိန်တွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ မိသားစု၏ မြန်မာ့အရေး ၀ိုင်းဝန်း ကြိုးပမ်းမှုများကို စစ်အစိုးရက လုံးဝဥဿုံ ငြင်းပယ်လိုက်ပြီဖြစ်သည်။ ဤသည်မှာ လူထု၏ ဆန္ဒနှင့်ဆန့်ကျင်ကာ လူထု၏ အချုပ်အခြာ အာဏာကို လွဲလွဲမှားမှား ကိုင်တွယ်ကျင့်သုံးပြီး စစ်အစိုးရက ၎င်းတို့၏ စစ်အုပ်ချုပ်ရေးအာဏာ သက်ဆိုးရှည်ရန် ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေကို မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ အတုအယောင်ဖြင့် ကျင်းပ အတည်ပြုမည်ဟု ကြေညာခဲ့သည်။

ထိုသို့ကြေညာခြင်းသည်
၁။ စစ်အစိုးရက ၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့စဉ် ပြည်သူလူထုအားပေးခဲ့သော ကတိ က၀တ်များကို လည်းကောင်း
၂။ မိမိကိုယ်တိုင်ကျင်းပပေးခဲ့သော ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်းကောင်း
၃။ ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသော ၁/၉၀ ဥပဒေကိုလည်းကောင်း၊ ပြောင်ပြောင် တင်းတင်း ဆန့်ကျင်ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

တနည်းအားဖြင့် စစ်အစိုးရက ပြည်သူလူထုအား သွေးတိုးစမ်း စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ယနေ့ သမိုင်းပေးတာဝန်အရ ”အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီ” ကို ဖွဲ့စည်းလိုက်သည်။ ဤလူထုလှုပ်ရှားမှု ကော်မတီသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီပေါ်ထွန်းရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အခြေခံတွင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေး တို့အတွက် မြန်မာပြည်အနှံ့ လူထုတိုက်ပွဲများကို ဦးဆောင်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

လူထုလှုပ်ရှားမှုကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂၀၀၈ ခုနှစ်၊ မတ်လ (၁၈) ရက်။

0 comments:

အပေါ်သို့