Monday, April 7, 2008

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်၉၇/ခ၊အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၂၀၀၈ ခုနှစ်၊ ဧပြီလ (၂) ရက်
၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၂) ရက်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရ မည့်အချက်များ

(၁) ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းကို (၇) ရက် ကြိုတင် ကြေညာရမည် ဖြစ်သည်။

(၂) ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် မိမိတို့၏ အမည်ပါ မပါ ကြိုတင် လေ့လာရပါမည်။
(က) မပါလျှင် သက်ဆိုင်ရာ ရက်ကွက်၊ ကျေးရွာကော်မရှင်သို့ တင်ပြနိုင်သည်။
(ခ) ဖြစ်နိုင်လျှင် သေဆုံး၊ ပြောင်းရွှေ့သွားသော ဆန္ဒမဲပေးသူများစာရင်းကို ကြိုတင်ပြုစုထားပါ။

(၃) မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်သည် လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်ခြင်းရှိ၊ မရှိ ဂရုစိုက်ပါ။

(၄) မဲရုံ စတင်ဖွင့်လှစ်သည့်အချိန်၌ မဲပုံးများတွင် ဆန္ဒမဲလက်မှတ်၊ အခြား ပစ္စည်းတစုံတရာ မရှိကြောင်း၊ ၄ ဦးထက်မနည်း မဲပေးခွင့်ရှိသူများကို ပြသရမည်။ မဲပုံးကို လုံခြုံစွာပိတ်ပင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြည့်ရှုပါ။

(၅) ဆန္ဒမဲလက်မှတ်တိုင်းတွင် ကော်မရှင်အမှတ်အသားနှင့် မဲရုံမှူးလက်မှတ်ပါ၊ မပါ စစ်ဆေးပါ။ ကော်မရှင် အမှတ်အသားနှင့် လက်မှတ်မပါလျှင် ပယ်မဲ ဖြစ်လိမ့်မည်။

(၆) လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်စေသည့် အမှတ်အသားပါသည်ဟုယူဆလျှင် ဆန္ဒမဲ လက်မှတ်ကို ပြန်လည်လဲလှယ်ပေးရန် တောင်းဆိုပါ။

(၇) ဆန္ဒမဲပေးရာတွင် ထောက်ခံလျှင်(အမှန်အမှတ်အသား)၊ ကန့်ကွက်လျှင် (ကြက်ခြေခတ် အမှတ်အသား)ကို လည်းကောင်း ရေးသားဖော်ပြရမည်ဖြစ်သည်။ မိမိ၏ လွတ်လပ်သောဆန္ဒ အရ ကန့်ကွက်ကြောင်း ကြက်ခြေခတ်ခြင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေနှင့် လုံးဝ ငြိစွန်းခြင်းမရှိပါ။

(၈) ပယ်မဲ မဖြစ်စေရန် သတိပေးပါ။ သတ်မှတ်ထားသော အမှတ်အသားမပါသော ဆန္ဒမဲ လက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်ကြောင်း မဲရုံအဖွဲ့က စိစစ်ဆုံးဖြတ်ထားသော လက်မှတ်နှင့် တနည်းနည်းဖြင့် ဖျက်စီး၍ မဲပုံးထဲ ထည့်ထားသည့်ဆန္ဒမဲလက်မှတ်သည် ပယ်မဲဖြစ်သည်။

(၉) လျှို့ဝှက်ဆန္ဒပြုပြီးနောက် အများမြင်သာသည့်နေရာတွင် ထားရှိသည့် မဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်ကိုထည့်ပါ။

(၁ဝ) ကိုယ်စားလှယ်ဖြင့် မဲပေးခွင့်မရှိပါ။ မျက်မမြင်များနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ မဲပေးရာတွင် လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေဘဲ မဲရုံအဖွဲ့ကကူညီခြင်းဟုတ်၊ မဟုတ် စောင့် ကြည့်ပါ။

(၁၁) ဆန္ဒမဲပေးချိန်သည် နံနက် (၆) နာရီမှ ညနေ (၄)နာရီအထိ ဖြစ်သည်။

(၁၂) မဲရုံမပိတ်မီ မဲရုံပရဝဏ်အတွင်းရောက်ရှိသူများအနက် ဆန္ဒမဲမပေးရသေးသောသူများ ရှိပါက ထိုသူများအား ဆန္ဒမဲပေးချိန် (၄)နာရီ ကျော်လွန်ပြီ ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမည် ဖြစ်သည်။

(၁၃) မဲရုံပိတ်ချိန်၌ (၁ဝ) ဦးထက် မနည်းသော ဆန္ဒမဲပေးခွင့်ရှိသူများစာရင်း၌ ပါဝင်နိုင်ရန် ကြိုးပမ်းပါ။

(၁၄) (က) မဲပုံးကို စစ်ဆေးခြင်း၊ မဲပုံးကို ဖွင့်ပြီး ဆန္ဒမဲများရေတွက်ခြင်းတို့ကို ကြည့်ရှု့ပါ။
(ခ) ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြားရေတွက်ခြင်းနှင့် စာရင်းပြုစုခြင်းတို့ကို ကြည်ရှုမှတ်သားပါ။
(ဂ) ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲနှင့် လက်ကျန်ဆန္ဒမဲများကို ထုပ်ပြီး လုံခြုံစွာထုပ်ပိုးခြင်း တို့ကို လေ့လာမှတ်သားပါ။

(၁၅) ကြိုတင်ဆန္ဒမဲပေးသူလည်း အလားတူပင် ဖြစ်သည်။ ကြိုတင်ဆန္ဒပြုပြီးနောက် စာအိတ် ကို အလုံပိတ်၍ ချက်ချင်း ပြန်အပ်ပါ။

(၁၆) အထက်ပါအချက်များကို တဦးဦးဖြစ်စေ၊ အသင်းအဖွဲ့တခုကဖြစ်စေ ချိုးဖောက်ပါက မဲရုံမှူးထံနှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ချက်ချင်းကန့်ကွက်ပါ။ စာဖြင့် ကန့်ကွက်နိုင်လျှင် ပိုကောင်းပါသည်။

(၁၇) ဤအချက်များကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား နားလည်းသဘောပေါက်အောင် အဆင့် ဆင့် ဆွေးနွေးပါ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့


0 comments:

အပေါ်သို့