Wednesday, November 26, 2008

သံဃာတော်များကို စစ်အစိုးရ ဖြိုခွဲရန်ကြံစည်

နိုင်ငံတော်သံဃမဟာနယက (မဟန) အဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးကို နိုဝင်ဘာ (၂၂-၂၃) ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသည် နအဖက မဟနကို လက်ကိုင်တုတ်ပြုကာ သံဃာတော်အင်အားကို ဖြိုခွဲရန် ကြံစည်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးတခုမှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဆရာတော်က “မြန်မာနိုင်ငံမှာ သံဃာအင်အားက (၅) သိန်းကျာ်ရှိနေပြီး စစ်သားဦးရေနဲ့ အပြိုင်ဖြစ်နေတော့ နအဖက သံဃာဦးရေကို လျော့ချဖို့ ကြံစည်နေတယ်။ စက်တင်ဘာအရေးအခင်းအပြီးမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးစားလာကြတာ ဖြစ်မယ်။ ဒါ့ကြောင့် သံဃာတွေအနေနဲ့ကလည်း ဒီကိစ္စကို သတိထားကြရတော့မယ်” ဟု မိန့်တော်မူသည်။

ယင်းအစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီးကာကွယ်ရန် ဆောင် ရွက်ခွင့်ရှိဟု လျှောက်ထားခဲ့ပြီး (၅) သိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့အစည်းဥပဒေ၊ လူမှုဥပဒေများနှင့် အညီအညွတ်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည်ဘုရားဟု လည်း ထည့်သွင်းလျှောက်ထားခဲ့သည်။

“သံဃာ့အထက်မှာ ဘုရားဥပဒေပဲရှိတယ်။ ဘုရားရှင်ပညတ်ထားတဲ့ ၀ိနည်း သိက္ခာပုဒ်တွေပဲရှိတယ်။ ၀ိနည်း သိက္ခာပုဒ် မစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်သာ သံဃာအဖြစ်က လျော့ကျပြီး တခြားသော ဥပဒေဘောင်တွေအောက် ရောက်ရှိသွားမယ်။ သံဃာ့အပေါ်မှာ နိုင်ငံတော်ဥပဒေ၊ လူမှုဥပဒေဆိုတာတွေနဲ့ ထိန်သိမ်းပေးရတယ်ဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။ ၀ိနည်းသိက္ခာပုဒ်ကို စောင့်ထိန်းနေသမျှ၊ ပါရာဇိက မကျသမျှ သံဃာဟာသံဃာပါပဲ။ ဒီလို သံဃာတွေကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာဟာ သံဃာကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာပဲဖြစ်တယ်” ဟု ဆရာ တော်က ဆက်လက်မိန့်ဆိုသည်။

အခြားဆရာတော်တပါးကလည်း “သူတို့က ကြီးသောအမှုငယ်စေ၊ ငယ်သောအမှု ပပျောက်အောင် ဆောင်ရွက် ပေးနေတယ်လို့လည်း ဆိုထားတယ်။ ဒါဆိုရင် ပခုက္ကူ သံဃာတော်တွေ ကိစ္စမှာ ဘာဖြစ်လို့ မတောင်းပန်ခဲ့တာ လဲ။ တောင်းပန်လိုက်ရင် ပျောက်ပျယ်သွားမယ့်ကိစ္စကို ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ မဟန ကရော ဘာဖြစ်လို့ မတိုက်တွန်းခဲ့တာလဲ” ဟု မေးခွန်းထုတ်တော်မူသည်။

အဆိုပါအစည်းအဝေးတွင် မဟန ဥက္ကဋ္ဌ မကွေးဆရာတော် ဘဒ္ဒန္တကုမာရက သာရဏီယသြ၀ါဒကထာ မြွက်ကြား ရာ အချို့ ရဟန်းများကလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာမှေးမိန်ကွယ်ပျောက်၍ မဟာယန သာသနာ ဖြစ်ပေါ် အောင် လုပ်ဆောင်နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။ ထိုအဓမ္မ၀ါဒကို ပြန်လည်ဟောပြောနေမှု၊ အဓမ္မ၀ါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖော်ထုတ် အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား ဟူ၍ ထည့်သွင်းပြောဆိုခဲ့မှုအပေါ် “ဒီကိစ္စ က သံဃာတော်တွေကို သူတို့မကျေနပ်ရင် မကျေနပ်သလို အရေးယူဖို့ ကြိုတင်လမ်းကြောင်းထားတဲ့ သဘောပဲ။ အတိုက်အခံလုပ်တဲ့ သူတွေကို ဗုံးခွဲမှုနဲ့ ပတ်သက်တယ် ဘာညာဆိုပြီး စွပ်စွဲသလိုပေါ့။ သံဃာတွေကိုလည်း စွပ်စွဲပြီး ဒကာ၊ ဒကာမတွေ ထင်ရောင်မြင်မှားဖြစ်အောင် လုပ်လို့ရအောင် ကြိုတင်လမ်းကြောင်းထားတာမျိုးပဲ။ စာအုပ်စာတမ်းတွေဆိုလည်း ဘယ်စာအုပ်တွေဖြစ်တယ်ဆိုတာ အတိအလင်း မဖော်ပြသေးဘဲ အဆုတ်၊ အတက် လုပ်လို့ရအောင် ချန်လှပ်ထားသေးတယ်” ဟု သံဃာတော်တပါးက သုံးသပ်ပြောဆိုသည်။

“နောက်ပြီး သူတို့က ပြည်တွင်းသံဃာတွေ သံဃာ့ဥသျှောင်အဖွဲ့နဲ့ ဆက်သွယ်နေတာတွေကိုလည်း မကြိုက်ဘူး။ နိုင်ငံမှာ မဟန တဖွဲ့တည်းရှိတယ်။ မဟနနောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ သဘောမျိုးပဲ။ ဒါပေမယ့် မဟန ကိုယ်တိုင်က နအဖ အလိုကျ လိုက်လုပ်နေရတယ်။ ဒီလျှောက်ထားချက်တွေ၊ သြ၀ါဒကထာတွေဆိုတာလည်း နအဖ ရေးထားသမျှ ဖတ်ပြနေကြရတာပါ။ အများဆုံးရေးတာက အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ အံ့မောင်ပဲ။ သူက သန်းရွှေရဲ့ အကြံပေးလည်းဖြစ်တယ်” ဟု ဆက်လက်မိန့်ဆိုသည်။

နအဖ အနေဖြင့် ၂၀၀၇ စက်တင်ဘာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအပြီး သံဃာတော်များအပေါ် သဘောထား တင်းမာမှုများရှိပြီး ၎င်းတို့ သတင်းစာများတွင် သံဃာတော်များနှင့် စပ်လျဉ်းသော သတင်းများ၊ ဓာတ်ပုံများကို ထည့်သွင်းခွင့် မပြုတော့ကြောင်း၊ ယခု ၎င်းတို့ လက်ကိုင်တုတ်ပြုမည့် မဟန အစည်းအဝေး ဓာတ်ပုံများကိုပင် ယခင်နှစ်များကကဲ့သို့ သံဃာတော်များ၏ပုံကို ထင်ရှားစွာ မဖော်ပြတော့ကြောင်း သံဃာတော်များက ထောက်ပြ မိန့်ဆိုသည်။

ထေရ၀ါဒနှင့် မညီသော ဆောင်ရွက်မှုများကို အရေးယူသွားမည်ဆိုသော သာသနာရေးဝန်ကြီးသည် ဆဌမ အကြိမ် မဟန အစည်းအဝေးဖွင့်ပွဲအပြီးတွင် ယင်းနေ့မှာပင် ကျင်းပသော ၂၀၀၈-၂၀၀၉ ဟာဂျီလောင်းများ ဂုဏ်ပြုပွဲနှင့် ဒီပါဝလီ ညစာစားပွဲများသို့ တက်ရောက်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများကလည်း ယင်းသတင်းနှင့် ဓာတ်ပုံများအား သတင်းစာမျက်နှာထိပ်ပိုင်းက ဖော်ပြပေးခဲ့ကြသည်။

မင်းနိုင်သူ
REF: ခေတ်ပြိုင်


0 comments:

အပေါ်သို့