Thursday, November 27, 2008

အညာဒေသတချို့မှာ ကြက်ဆူပင်တွေကို ခုတ်နေကြ

ကြက်ဆူပင်မှာ လောင်စာထုတ်ယူမယ့် မဟာစီမံကိန်းဟာ အခုအခါမှာ ပျက်လုပျက်ခင်ဖြစ်နေကြောင်း ပြည်တွင်း က လာတဲ့သတင်းများအရသိရပါတယ်။ အချို့ဒေသများမှာ စစ်အစိုးအရာရှိကြီးများကို ကြက်ဆူဆီမှာ လောင်စာ ထုတ်ယူပုံကို အဖြစ်သဘောမျိုးပြသခဲ့သော်လည်း တကယ်တမ်းဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်နိုင်ကြသေး ကြောင်း၊ အထက်မြန်မာပြည်ဒေသတချို့မှာတော့ ကြက်ဆူပင်များကို ခုတ်ပြီးဖျက်ဆီးနေကြကြောင်း သတင်းရရှိ ပါတယ်။

အခုလို ကြက်ဆူပင်များကိုခုတ်ပြီး ဖျက်ဆီးနေကြခြင်းဟာ ကြက်ဆူပင်များမှာ နေထိုင်လေ့ရှိတဲ့ မြွေစိမ်းမြီး ခြောက်ကြောင့်ဖြစ်ကြောင်း၊ မြွေစိမ်းမြီးခြောက်ရဲ့ ဦးခေါင်းဟာ တြိဂံပုံရှိပြီး အရည်တပေခန့်ရှိကြောင်း၊ ခန္ဓာကိုယ် အနောက်ဘက်ပိုင်း အမြီးအနီး ၁ လက်မ ကျော်ကျော်ခန့်က မြွေအရေခွံခြောက်လိုဖြစ်နေကြောင်း၊ မြွေစိမ်းမြီး ခြောက်ဟာ ကြက်ဆူပင်မှာ နေထိုင်လေ့ရှိကြောင်း၊ ခန္ဓာကိုယ်အရောင်ဟာ အစိမ်းဖျော့ရောင်ဖြစ်ပြီး လုံးပတ်က လူကြီးလက်မခန့်သာရှိတဲ့အတွက် သစ်ပင်နဲ့ရောနေပြီး သာမာန်အားဖြင့်မတွေ့နိုင်ကြောင်းသိရပါတယ်။

အထက်မြန်မာပြည်ရှိအချို့ဒေသများမှာ ကြက်ဆူပင်မှာနေထိုင်တဲ့ မြွေစိမ်းမြီးခြောက်ကိုက်ပြီး သေဆုံးသူ ၈ ဦးခန့် ရှိနေကြောင်းသိရပါတယ်။ မြွေစိမ်းမြီးခြောက်ဟာ အဆိပ်ပြင်းတဲ့မြွေမျိုးဖြစ်ပြီး ရရှိတဲ့သတင်းများအရ အကိုက်ခံရ သူအားလုံး အသက်ဆုံးရှုံးခဲ့ကြောင်း၊ သက်ဆိုင်ရာဆေးရုံတွေက အဲဒီသတင်းကိုဖုံးကွယ်ထားပြီး ကွယ်လွန်သွား သူတွေရဲ့ မိသားစုများကလည်း သေဆုံးမှုကို ပွင့်ပွင့်လင်းလင်းမပြောရဲကြကြောင်း၊ မိတ်ဆွေများနဲ့ ရပ်ကွက်သူ ရပ်ကွက်သားများကသာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြကြောင်းလည်းသိရပါတယ်။

အခုလိုဖြစ်ပွားကြပြီးနောက် ကြက်ဆူပင်များကိုခုတ်ကာ ထင်းမီးအဖြစ်သုံးစွဲသော်လည်း ညှော်နံ့ထက်တဲ့အတွက် သုံးစွဲလို့မရကြောင်း၊ ကြက်ဆူစေ့ကလည်း များများစားစားမထွက်ရှိတဲ့အပြင် ကြက်ဆူပင် စိုက်ပျိုးဖို့ အတင်း အကြပ်ဖိအားပေးခဲ့တဲ့ ဒေသခံစစ်တပ်မိသားစုများကိုယ်တိုင် ကြက်ဆူပင်များကို ခုတ်လှဲနေကြပြီဖြစ်ကြောင်း၊ လောင်စာဆီ စီမံကိန်းအလားအလာမရှိတော့တဲ့အတွက် ဒေသခံစစ်တပ်အကြီးအကဲတွေကိုယ်တိုင် ကြက်ဆူပင် စီမံကိန်းအပေါ် စိတ်ဝင်စားမှုမရှိတော့ကြောင်း သတင်းများရရှိပါတယ်။

အခုအခါမှာ မြွေစိမ်းမြီးခြောက်အန္တရယ်ကိုကြောက်ရွံ့တဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အချို့ကလည်း သူတို့ရုံး အနီးတဝိုက်မှာစိုက်ထားတဲ့ ကြက်ဆူပင်များကို ခုတ်ထွင်ရှင်းလင်းပြီးဖြစ်ကြောင်း၊ ရပ်ကွက်အချို့မှာလည်း ကြက် ဆူပင်များကိုခုတ်ပစ်ကြပြီဖြစ်ကြောင်း၊ ရေရှားပါတဲ့ အထက်မြန်မာပြည်မှာ ကြက်ဆူပင်များကို ရေလောင်းကာ တခုတ်တရစိုတ်းပျိုးခဲ့ကြရပြီးနောက် ကြက်ဆူပင်ပေါ်က မြွေစိမ်းမြီးခြောက်ကြောင့်အသက်ဆုံးရှုံးမှုများဖြစ်ပေါ် လာတဲ့အတွက် ဒေသခံများ ဒေါသထွက်နေကြကြောင်း အထက်မြန်မာပြည်မှာ နေထိုင်သူတဦးက ဘားမား တူဒေးကို ပြောပြပါတယ်။

မိတ်ဆွေတဦးကတော့ အခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး ”ပြည်သူတွေရဲ့အချိန်တွေ၊ လုပ်အားတွေကို အလဟ ဿ ကုန်ဆုံးစေတဲ့ အဲဒီလိုစီမံကိန်းတွေက တိုင်းပြည်ရဲ့ အခြေအနေကို ပိုမိုဆိုးရွားအောင်လုပ်တာပဲ။ ကြက်ဆူ ပင်တွေ စ စိုက်ကတည်းက ကျွန်တော်တို့တွေပြောပါတယ်။ ဒါတွေဟာ ဘာမှ အကျိုးမရှိဘူးဆိုတာ။ ခက်တာက အဲဒီလို အကျိုးမရှိတာတွေ လုပ်ပြနေရတာကို တိုင်းပြည်အကျိုးအတွက်လုပ်တယ်လို့ ထင်သူတွေက ထင်နေကြ တော့ ခက်တာပဲဗျ။” လို့ မှတ်ချက်ပြုပါတယ်။

REF: Burmatoday

0 comments:

အပေါ်သို့