Tuesday, December 9, 2008

စစ်သေနတ် ပြောင်းဝရှေ့က သံဃာတော်များ …

စစ်အစိုးရက ယခုအခါ နိုင်ငံတ၀န်းရှိ ဗုဒ္ဓဘာသာ ရဟန်းသံဃာများအား ၎င်းတို့ကို ဆန့်ကျင်သည့် လှုပ်ရှားမှု များ မပြုလုပ်နိုင်ရန် ဖိနှိပ် တင်းကျပ်မှုများဖြင့် ထိန်းချုပ်ထားလိုက်သည်။

နောက်ထပ် ဆန့်ကျင်လှုပ်ရှားလာမည့် သံဃာများကို စံနမူနာ ပြသည့် အနေနှင့်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင် သံဃာတော်လည်း ဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေ့ဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ခဲ့သော သံဃာတပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၆၈ နှစ် ချမှတ်၍ ပြစ်ဒဏ် စီရင်ပြခဲ့သည်။

ထိုသို့ စစ်အာဏာပိုင်များက တင်းကျပ် ဖိနှိပ်မှုများ ပြုလုပ်နေသော်လည်း သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးနှင့် သံဃာထုကမူ စစ်အစိုးရကို ဆက်လက်ဆန့်ကျင်သွားမည် ဖြစ်သည်ဟုဆိုသည်။

ယင်း သံဃာ့တပ်ပေါင်းစု အဖွဲ့မှ ဦးဆောင်သံဃာတော် တပါးဖြစ်သည့် ဦးသြဘာသက မြန်မာနိုင်ငံလုံးဆိုင် ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး အနေနှင့် ဘာသာ သာသနာနှင့် အများပြည်သူ အကျိုးအတွက် ဆက်လက် ၍ လှုပ်ရှားဆောင်ရွက်နေသည်ဟု ဧရာဝတီသို့ ပြောသည်။

“ဦးပဉ္ဖဇင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်ပြီး လုပ်ဆောင်ခဲ့တယ်၊ ဒီလုပ်ဆောင်ချက်တွေရဲ့ နောက်မှာ ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေ၊ ဖမ်းဆီးမှုတွေကို ဦးပဉ္ဖဇင်းတို့ အပြင်းအ ထန် ခံစားခဲ့ကြရတယ်၊ ဒီအချိန်မှာ လက်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့အစည်းကို ပိုမိုပြီး တော့ ကျစ်လျစ်အောင် လုပ်ဆောင်ရင်း ဆက်လက် လှုပ်ရှားသွားမှာ ဖြစ်တယ်”ဟု ဦးသြဘာသက မိန့်ကြား သည်။

၂၀၀၇ ခု စက်တင်ဘာ ၉ ရက်နေ့က ဦးသြဘာသ၊ ဦးခေမိန္ဒ၊ အရှင်ဂမ္ဘီရ ၊ ဦးဇာကဋ တို့ ၄ ပါး ဦးဆောင် ဖွဲ့ စည်း ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကိုလည်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၉ ရက် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့တွင် ပြည်နယ်နှင့်တိုင်း ၉ ခုကို ဗဟိုပြုပြီး ဦးဆောင်သံဃာ အပါး ၃၀ ဖြင့် တိုးချဲ့ဖွဲ့စည်း လိုက်သည်ဟုလည်း ၎င်းက မိန့်ဆိုသည်။

“ပြီးခဲ့တဲ့ ဇွန်လလောက်ကနေပြီး ပြည်နယ်နဲ့တိုင်း ၉ ခု ကို ဗဟိုပြုပြီး ဦးဆောင် သံဃာအပါး ၃၀ နဲ့ ရဲရဲဝံ့ဝံ့ နေ့ညမပြတ် ဆက်လက်လုပ်ဆောင်နေတယ်”ဟုလည်း ဦးသြဘာသက ဆိုသည်။

အဆိုပါ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ အရှင်ဂမ္ဘီရ သက်တော် ၂၉ နှစ်သည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ အတွင်း စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့များက ပြင်းထန်စွာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရသည့် သံဃာတော်များ အပါ အ၀င် ထောင်နှင့် ချီသော ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ်ဆို လမ်းလျှောက်ဆန္ဒပြသူများကို ဦးဆောင်ခဲ့သည့် အတွက် အာဏာပိုင်များက ၎င်းအား ဖမ်းဆီး၍ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်သည်။

ထို့နောက် ပြီးခဲ့သည့် အပတ်အတွင်းက ထောင်ဒဏ် ၅၆ နှစ် ထပ်တိုး၍ ချလိုက်သောကြောင့် အရှင်ဂမ္ဘီရ သည် ထောင်ဒဏ် စုစုပေါင်း ၆၈ နှစ် ကျခံရသူ ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)၏ အဆိုအရ ယင်းသို့ ဆန္ဒပြရာတွင် ပါဝင်သောကြောင့် သံဃာတော် ၁၄၃ ပါး အဖမ်းဆီးခံထားရပြီး ၅၆ ပါးမှာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကာ ကျန် ၈၇ ပါးသည်လည်း ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။

သံဃာတော်များ ဦးဆောင်သော ဆန္ဒပြလှုပ်ရှားမှုသည် လွန်ခဲ့သည့်နှစ် စက်တင်ဘာ ၅ ရက်နေ့ ပခုက္ကူမြို့ တွင် မေတ္တာပို့ ရွတ်ဆို လမ်းလျှောက်ဆန္ဒပြသော သံဃာတော်များကို စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို ပခုက္ကူ သံဃာတော်များသည် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော လောင်စာဆီဈေးနှင့် ကုန်ဈေး နှုန်း ကျဆင်းရေးအတွက် ယခုကဲ့သို့ ဆန္ဒပြကြခြင်းဖြစ်သည်။ ယင်းဆန္ဒပြ သံဃာတချို့ကို စစ်အစိုးရ လုံခြုံ ရေး တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိ ဓာတ်တိုင်တွင် ကြိုးတုတ်၍ ရိုက်နှက်သည့် အကြမ်းဖက် နှိမ်နင်းမှုများ ပြု လုပ်ခဲ့သည်။

ယင်းသို့ ပခုက္ကူ သံဃာများကို အကြမ်းဖက်နှိမ်နင်းမှုအတွက် အရှင်ဂမ္ဘီရအပါအ၀င် ရဟန်းသံဃာများက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကို ဖွဲ့စည်း၍ စစ်အစိုးရအနေနှင့် သံဃာတော်များကို တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။ မတောင်းပန်သောကြောင့် နိုင်ငံတ၀န်းရှိ သံဃာတော်များက စစ် အစိုးရကို ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ခဲ့ကြသည်မှာ ယခုအချိန်အထိပင်။

ထို့အပြင် စစ်အစိုးရအား အတိုက်အခံ နိုင်ငံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်၊ ဖမ်းဆီးထား သည့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်၊ ကုန်ဈေးနှုန်းများ ချပေးရန်တို့ကိုလည်း သံဃာ့တပ်ပေါင်း စု အဖွဲ့က တောင်းဆိုခဲ့သည်။

ထို့သို့ တောင်းဆိုခဲ့သော်လည်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို အကြမ်းဖက်နှိပ်ကွပ်ခဲ့ပြီး နိုင်ငံကို နှစ်ပေါင်း ၂၀ ခန့် ချုပ်ကိုင်ထားသော စစ်အစိုးရက ရန်ကုန်နှင့် တခြားသော နိုင်ငံတ၀န်းရှိ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြပွဲ များကို အကြမ်းဖက်နည်းနှင့်ပင် အဆုံးသတ်ခဲ့သည်။

ထို အကြမ်းဖက်နှိမ်နင်းမှုတွင် ဒါဇင်နှင့်ချီသော သံဃာတော်များ ပျံလွန်ခဲ့ရပြီး ရာနှင့်ချီသော သံဃာနှင့် သီလ ရှင်များသည်လည်း သီတင်းသုံးရာ ကျောင်းတိုက်များသို့ စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ၀င်ရောက် စီး နင်း၍ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရကာ တချို့မှာ ထွက်ပြေးပုန်းရှောင်ခဲ့ကြရသည်။

အရှင်ဂမ္ဘီရသည်လည်း ၂ လ ခန့် တိမ်းရှောင်နေခဲ့ရပြီးနောက် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း၌ စစ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အရှင်ဂမ္ဘီရက ၎င်းအားဖမ်းဆီးအရေးယူရာတွင် သံဃာတပါးအဖြစ် သတ်မှတ်၍ ဗုဒ္ဓဘာသာ ၀ိနည်းနှင့် အညီ ကျင့်သုံးရန် တရားရုံးသို့ တောင်းဆိုခဲ့ကြောင်း အရှင်ဂမ္ဘီရ၏ အကျိုးဆောင်ရှေ့နေကြီး ဦးအောင်သိန်းက ပြောပြခဲ့သည်။

“သူ့ကို ဖမ်းဆီးလူဝတ်လဲတာဟာ တရားတော်နဲ့ မညီဘူး၊ လျှောက်လှဲချက်နဲ့ တပါးတည်း ဘာကို ပြောပြလဲ ဆိုတော့၊ စစ်တပ်မှာလည်း စစ်စည်းကမ်း စစ်ဥပဒေရှိတယ်၊ စစ်သားတယောက်ကို အရေးယူမယ်ဆိုရင် စစ်ဥပဒေအရ အရေးယူပြီးမှသာ အရပ်ဘက်ရုံးကို လွှဲသင့်တဲ့အခါ လွှဲတယ်၊ ရဲမှာလည်း ထိုနည်းလည်း ကောင်းပဲ ရှိကြတယ်၊ အဲဒီတော့ သံဃာနဲ့ပတ်သက်တဲ့ အဆုံးအဖြတ်ပြုမယ်ဆိုရင်လည်း သက်ဆိုင်ရာ သံဃ အဖွဲ့အစည်းကနေ ဆုံးဖြတ်ချက်ယူပြီးမှသာ လူဝတ်လဲရမယ်လို့ မိန့်တယ်”ဟု ဦးအောင်သိန်းက ဧရာဝတီသို့ ရှင်းပြခဲ့ဖူးသည်။

အဆိုပါ အရှင်ဂမ္ဘီရအား အဓမ္မ သင်္ကန်းချွတ်၊ လက်ထိပ်ခတ်ကာ ရုံးထုတ်ခြင်းကို ရှေ့နေကြီး ဦးအောင်သိန်း က ဥပဒေနှင့် မညီညွတ်သောကြောင့် အမှုကို ဆိုင်းငံ့ထားရန် တရားရုံးကို လျှောက်ထားခဲ့သော်လည်း တရား ရုံး၏ ပယ်ချခြင်းကို ခံခဲ့ရသည်။

ယင်းသည် ဗုဒ္ဓဘာသာ သံဃာ့ဝိနည်းအရ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်မပါဝင်ဘဲ စစ် အစိုးရ၏ ၎င်းတို့အား ဆန့်ကျင်သည့် သံဃာများအပေါ် ဖိနှိပ်လိုသည့် ဆုံးဖြတ်ချက်အရ တရားရုံးက ကျင့်သုံး လိုက်ခြင်းပင်။

သာသနာရေး ၀န်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်ကလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့က ကျင်းပသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ သံဃာ ၅ သိန်းကျော်ကို ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့အစည်း ဥပဒေ၊ လူမှုဥပဒေ စသည့် ဥပဒေများနှင့် ဆက်လက် ထိန်းချုပ် ရန် သံဃမဟာ နာယက ဆရာတော်ကြီးများကို လျှောက်ထားခဲ့သေးသည်။

နိုင်ငံတော် သံဃအဖွဲ့အစည်းက သတ်မှတ်ထားသည့် စည်းမျဉ်းအရ ဂိုဏ်းပေါင်းစုံ ပါဝင်သော သံဃာ့အဖွဲ့ အစည်းတခုတည်းသာ ရှိရမည်ဖြစ်ကြောင်း၊ ယခုအခါ တရားမ၀င် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင် ရွက်နေကြောင်း၊ ထိုအဖွဲ့အစည်းများသည် သံဃမဟာနယာက အဖွဲ့၏ ထုတ်ပြန်ထားသော စည်းမျဉ်းများကို ကျူးလွန်ရာရောက်သည့် အပြင် စစ်အစိုးရ ထုတ်ပြန်သော အမိန့်အမှတ် ၆/၉၀ နှင့် ဥပဒေ အမှတ် ၂၀/၉၀ တို့ကို ကျူးလွန်ရာရောက်ကြောင်း သံဃမဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော် မကွေးမြို့ မဟာဝိသုတာရာမ တိုက်သစ်မှ အရှင်ကုမာရကလည်း ယင်းအစည်းအဝေးတွင် မိန့်ကြားသည်။

ရန်ကုန်မြို့ ကမ္ဘာအေး ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော် တပါးကမူ အထက်ပါ သံဃမဟာနာယက ဆရာတော်များသည် မြန်မာပြည်သူများအပေါ် မှားယွင်းစွာ စီမံခန့်ခွဲ အုပ်ချုပ်နေသည့် စစ်အစိုးရ အလိုကျ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောသည်။

“သံဃာတွေက ကုန်ဈေးနှုန်းကျဆင်ရေးကို တောင်းဆိုတာပါ၊ အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ဆင်းပေးဖို့ တောင်းဆိုတာမဟုတ်ပါဘူး၊ အဲဒီ သံဃာတွေ ဆန္ဒပြတာက ဘာသာ သာသနာ အကျိုးအတွက်လည်းပါ တယ်၊ ဗုဒ္ဓဘာသာက လူအများအကျိုး အတွက်ကို ငြိမ်းငြိမ်းချမ်းချမ်း သိမ်သိမ်မွေမွေ့နဲ့ ဆောင်ရွက်ခွင့်ရှိပါ တယ်”ဟုလည်း အထက်ပါ သံဃာတော်က မိန့်ဆိုသည်။

ရဟန်း သံဃာများကို ဘာဘာ၊ သာသနာ အကျိုးအတွက်သာမက လူ့လောက အကျိုးပါဆောင်ရွက်ရန် ဗုဒ္ဓ မြတ်စွာဘုရားက မှာကြားခဲ့သည်ဟု ရန်ကုန်မြို့မှ စာရေးဆရာလည်းဖြစ်ပြီး ယခင် သာသနာ့ဝန်ထမ်း ရဟန်း တပါးလည်းဖြစ်ခဲ့ဖူးသော ဆရာပါရဂူကလည်း ပြောသည်။

“မြတ်စွာဘုရားက ရဟန်းသံဃာ သာဝကတွေကို လူတွေရဲ့အကျိုးကိုဆောင်ရွက်ဖို့ ပြောကြားခဲ့တယ်၊ လော ကုတ္တ စရိယ လူတွေရဲ့အကျိုးကိုဆောင်ရွက်ကြလို့ ပြောလိုက်တာ၊ လူတွေရဲ့အကျိုးစီးပွားကို ဆောင်ရွက်ကြ လို့ မိန့်တာ၊ လူတွေရဲ့အကျိုးဆိုတာက လူတွေခံနေရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို ပြောတာ၊ ဘုရားသား တော် သံဃာတွေဟာ လောကုတ္တရာ အကျိုးသာမက လောကီ အကျိုးကိုပါ ဆောင်ရွက်ဖို့ကိုပြောခဲ့တာ”ဟု ဆရာပါရဂူက ပြောကြားသည်။


ကိုစိုး
REF: ဧရာဝတီ

0 comments:

အပေါ်သို့