Thursday, December 11, 2008

မတရားနှစ်ရှည်ထောင်ချပြီး ဝေးလံထောင်ပို့ခံရသူများအား ကူညီရန် အဖွဲ့ချုပ်က ကြေငြာချက်ထုတ်ပြန်

ဒီဇင်ဘာ ၄ ရက်၊ ၂၀၀၈။
မြန်မာနိုင်ငံမှာ အခြေခံလူ့အခွင့်အရေးများနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကားလာရေးတို့အတွက်ကြိုးပမ်းလျက် ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ ဒီမိုကရေစီအင်အားစုများကို နှစ်ရှည်ထောင်ဒဏ်များချမှတ် ခဲ့ပြီး သူတို့ကို မိသားစုနဲ့ ဝေးလံတဲ့ ထောင်များသို့ ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဒီဇင်ဘာလ ၄ ရက်နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေငြာချက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်တယ်/တိုင်း စည်းရုံးရေးအဖွဲ့များ၊ မြို့နယ်စည်းရုံး ရေးအဖွဲ့များအနေနဲ့ မိမိတို့ဒေသရှိ အကျဉ်းထောင်များကိုရောက်ရှိလာတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဒီမိုကရေစီ အင်အားစုများနဲ့ ထောင်ဝင်စာလာရောက်တွေ့ဆုံကြတဲ့ အကျဉ်းကျခံထားရသူများရဲ့ မိသားစုများကို စေတ နာ မေတ္တာအား၊ စိတ်ဓါတ်ရေးရာအား၊ ငွေအား၊ ပစ္စည်းအားတို့နဲ့ ဝိုင်းဝန်းကူညီပံ့ပိုးကြရန် အကြောင်းကြားပါ တယ်။

ထိုသို့ ကြေငြာချက်ထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့အတါက် ဘားမားတူဒေးအနေနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးညဏ်ဝင်းကို အောက်ပါအတိုင်းဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မတရားဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး ဝေးလံတဲ့ဒေသရှိ အကျဉ်းထောင်တွေကို ပြောင်းရွှေ့ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနဲ့ ဒီမိုကရေစီရေးလှုပ်ရှား သူများကို ဝိုင်းဝန်းကူညီပံ့ပိုးဖို့ ကြေငြာချက်ထုန်ပြန်ထားတယ်လို့သိရပါတယ်။ ဘာ့ကြောင့် ဒီလို ကြေငြာချက် ထုတ်ပြန်ရတယ်ဆိုတဲ့အကြောင်းသိပါရစေခင်ဗျာ။

အကျဉ်းကျနေသူတွေကိ ပို့တဲ့နေရာကဝေးလံတယ်။ အသိအကျွမ်းတွေမရှိဘူး။ အခက်အခဲတွေအများကြီး ပေါ့။ အဲဒီ အခက်အခဲတွေအများကြီးကို တတ်နိုင်သမျှသက်သာစေဖို့ မိမိတို့ကူညီနိုင်တဲ့ အတိုင်းအတာနဲ့ ကူ ညီကြဖို့ နှိုးဆော်တဲ့စာပါ။

အခုလို နယ်ဝေးထောင်တွေကို အပို့ခံရသူတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခြား ထူးထူးခြားခြားသိရှိထားတာများ ရှိပါသလားခင်ဗျာ။

ကျွန်တော်တို့က ထူးထူးခြားခြားသိတာတော့မရှိပါဘူး။ ကျွန်တော်တို့ ဘယ်သူဘယ်ရောက်တယ်ဆိုတဲ့ သတင်းတွေ နေ့တိုင်းဝင်တယ်။ ဒါလည်း အားလုံး မမှန်သေးဘူးပေါ့ဗျာ။ အချို့ မှန်တယ်၊ တချို့က အတည် ပြုလို့မရသေးဘူး။ အဲဒီအထဲမှာကို ဝေးလံတဲ့နေရာမှာဆိုရင် အသိအကျွမ်းမရှိလို့ ဘယ်လိုသွားရမှန်းမသိ၊ ဘာညာ၊ ဒီလိုဟာမျိုးတွေရှိတယ်လေ။ ကျွန်တော်တို့ကတော့ တတ်နိုင်သမျှ ကူညီပေးတယ်။ တတ်နိုင်သမျှ လမ်းညွှန်ပေးပါတယ်။ အခု တရားဝင်လည်း စာနဲ့ ထုတ်ပြီးတော့ မြို့နယ် စည်းတွေ၊ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် အဖွဲ့ဝင်တွေ ကူညီကြဖို့ နှိုးဆော်ခဲ့တာပါ။

ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့ ဒီဘက်မှာက အခုလို နယ်ဝေးတွေကို ရောက်ရှိသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အခက်အခဲတွေ့ရတယ်။ အဆင်မပြေတာတွေရှိတယ် စသည်ဖြင့် ကြားနေရတော့အဲဒီအခြေအနေနဲ့ပတ်သက်ပြီး နည်းနည်းဖြစ်ဖြစ် ရှင်းပြပေးလို့ ရနိုင်မလားခင်ဗျာ။

ကျွန်တော်တို့ဆီကို သတင်းတွေက အများကြီးဝင်နေတယ်ဗျ။ သွားတဲ့သူကလည်းသွားပြီးပြီ။ သွားပြီး မရှိလို့ ပြန်လာရတယ်ဆိုတာကလည်း ကြားနေတယ်။ သတင်းကမျိုးစုံရှိပါတယ်။ ထူးထူးခြားခြားအနေနဲ့က ပြောစ ရာမရှိဘူး။ ရောက်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရှိမယ်။ တတ်နိုင်သမျှကူညီမယ်။ ဒါပါပဲ။

ကျွန်တော်တို့ ကြားနေတဲ့သတင်းတွေအရ သက်ဆိုင်ရာ အကျဉ်းထောင်က အရာရှိတွေကိုယ်တိုင်က ဘယ် အကျဉ်းသားကို ဘယ်ထောင်ကို ပို့တယ်ဆိုတာ တိတိကျကျမပြောနိုင်ဘဲရှိနေတာကို တွေ့နေရပါတယ်ခင်ဗျ။ အဲဒီလို ကြားနေရတာတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး ပြောချင်ပါသလဲခင်ဗျာ။

အဲဒါကတော့ မဖြစ်သင့်ဘူးထင်တယ်ဗျာ။ အကျဉ်းလည်းချပြီးပြီ။ နောက်ထပ် အပြစ်ဒဏ်ပေးတဲ့သဘောနဲ့ အဝေးကြီးလည်းပို့တယ်။ ဒီလိုအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြသင့်တယ်။ မိသားစုတွေကို သိရှိခွင့် ပေးသင့်ပါတယ်ဗျာ။ အခု တရားဝင် အဲဒီလိုမျိုးသိရှိခွင့် မပေးတာကတော့ အတော်ကို ဝမ်းနည်းဖို့ကောင်းပါ တယ်။ ဒါကတော့ တဖက်သတ်နှိပ်စက်တဲ့သဘောလို့ ဒီလိုပဲ ယူဆလို့ရပါတယ်။

အခုလည်း နယ်ထောင်တွေကို ပို့လိုက်တယ်။ မိသားစုတွေက သွားတွေ့ကြတယ်။ အဆင်မပြေကြဘူး။ မ ရောက်သေးတာတို့ စသည်ဖြင့် ဖြစ်ကြတယ် ဆိုတော့ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေ ကိုယ်၌က ဘယ်သူ့ကို ဘယ်ထောင်ကိုပို့တယ်ဆိုတာမသိဘူးဆိုတာဟာ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ လား၊ သို့တည်းမဟုတ် တမင်သက်သက် သတင်းတွေမပေးသလိုများ ဖြစ်နေပါသလားခင်ဗျ။

ဒါကတော့ တမင်သက်သက်ကို မပေးတဲ့သတင်းပါပဲခင်ဗျာ။ ဒါတင်မကပါဘူး။ ဗမာတပြည်လုံးမှာ သတင်း တွေပိတ်ဆို့ထားတာ လက်ရှိလုပ်နေကျအလုပ်တခုပါပဲ။

အခုလို နှစ်ရှည်ထောင်ဒဏ်ချတာတွေ၊ ဝေးလံတဲ့ဒေသက ထောင်တွေဆီပို့တာတွေနဲ့ ပတ်သက်ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အစိုးရကို တခုခုတိုက်တွန်းပြောဆိုဖို့ရှိပါသလားခင်ဗျ။

ကျွန်တော်တို့ အဲဒီလို အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့ ကူညီနိုင်တာ ကူညီဖို့ပါပဲ။

အခုလို စာထုတ်ပြန်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဒေသက အဖွဲ့ချုပ်အဖွဲ့ဝင်တွေရဲ့ တုန့်ပြန်မှုဘယ်လိုမျိုး ရှိနိုင်ပါသလဲခင်ဗျ။

အဲဒါကတော့ သေချာတယ်ဗျ။ ကျွန်တော်တို့ လက်ရှိလည်း အကူအညီပေးနေတယ်။ ကျွန်တော်တို့ ဒီ့ထက်ပို ပြီးတော့ ကူညီနိုင်အောင် တရားဝင်ဖြစ်အောင်သာ စာထုတ်တာပါ။ စာ မထွက်ခင်ကတည်းက ကူညီနေကြပါ တယ်။

ဟုတ်ကဲ့ခင်ဗျ။ အခုလိုမျိုး မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး နယ်ဝေးထောင်တွေကို အပို့ခံရတဲ့ အမျိုး သားရေးလှုပ်ရှားနေသူတွေရဲ့ မိသားစုဝင်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လို အားပေးစ ကားပြောချင်ပါသလဲခင်ဗျာ။

ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီတခုအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူအားလုံးကို ကျွန်တော်တို့က တတ်နိုင် သမျှကူညီမယ်။ လက်ရှိလည်း ကူညီနေပါတယ်။ ကျွန်တော်တိုပ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့ကဆိုရင် နိုင်ငံရေးအရ အကျဉ်းကျနေတဲ့သူတွေကို လစဉ်ကို ထောက်ပံ့ငွေတွေပေးနေပါတယ်။ အဲဒီတော့ ကျွန်တော် တို့ မိသားစုတွေကိုပြောချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးလှုပ်ရှားသူတွေကိုရော၊ မလှုပ် ရှားတဲ့ ပြည်သူတွေအတွက်ပါ ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

အခုဖော်ပြခဲ့တာကတော့ နှစ်ရှည်အကျဉ်းကျပြီး နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ခံရသူများနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကြေငြာချက်ထုန်ပြန်ထားတဲ့အပေါ် အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးညဏ်ဝင်း ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။


REF: Burmatoday

0 comments:

အပေါ်သို့