Wednesday, February 25, 2009

လမိုက်ညမှာလင်းတဲ့ကြယ်စင် - ခင်မမမျိုး

Wednesday, February 18, 2009

အမှောင်ထုမည်မျှပင် ပိတ်ကာလွှမ်းစေကာမူ လမ်းပြကြယ်၏ အလင်းရောင်လေးနှင့် လမ်းဆုံးအောင်သွားနိုင်သည့် လူသားသတ္တိရှင်များ ကမ္ဘာအရပ်ရပ်တွင် ရှိခဲ့ဖူးပါသည်။ ရှိလဲရှိနေဆဲ။ နောင်လဲရှိနေမည်မလွဲ။ သို့ပေမယ့် ထိုလူသားများ လမ်းဆုံးထိ ရောက်စေရေးအတွက် လမ်းပြကြယ်စင်လေးများ လင်းလက်ပေးဖို့တော့ လိုပေလိမ့်မည်။

မြန်မာပြည်မှာ လူဖြစ်ခွင့်ရသော ကလေးငယ်များ၏ ဘဝကို လေ့လာကြည့်ပါ။ လမိုက်ညနှင့် ကြုံတွေ့နေကြရပေသည်။ လသာညမှာ ခရီးသွားခွင့်ရနေပြီး ဖြောင့်ဖြူးသော အနာဂတ်လမ်းနှင့် ကြီးပြင်းခွင့်ရသူများကား ခပ်ရှားရှား။ တကယ့်ကို ခပ်ရှားရှားရယ်ပါ။

ကလေးငယ်၊ လူငယ်များအား လေ့လာကြည့်လျှင် သူတို့မိဘများ၏ အလုပ်အကိုင်၊ စီးပွားရေးအခြေအနေကိုကြည့်၍ ဘဝအမျိုးမျိုး ကွာခြားနေကြရသည်ကို တွေ့ရမည် ဖြစ်ပေသည်။ လူ့ဘဝအနာဂတ်၏ တစ်ခုတည်းသော ဖန်ဆင်းရာဖြစ်သည့် ပညာရေး ရရှိပုံများမှာလဲ ဘဝအခြေအနေပေါ်မူတည်၍ ကွာခြားကြလေသည်။

(၁)။ အချို့သော ကလေးငယ်၊ လူငယ်များ၏ မိဘများမှာ စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ ရာထူးကြီးသူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၏ ကလေးများဖြစ်ပြီး၊ ငယ်စဉ်မှစ၍ နာမည်ကြီးထိပ်တန်းကျောင်းများ၊ နိုင်ငံတကာအဆင့်မီကျောင်းများတွင် ပညာသင်ကြား ခွင့်ရကြပြီး၊ အထက်တန်းပညာအောင်ပြီးသောအခါတွင်လဲ စင်ကာပူ၊ သြစတြေးလျ၊ အင်္ဂလန်နိုင်ငံများမှ ဘွဲ့များရရှိကာ နိုင်ငံရပ်ခြား တွင်ပင် ပညာနှင့်အလုပ်လုပ်သူလုပ်၊ ပြည်တွင်းပြန်ဝင်ပြီး မိဘပိုင်လုပ်ငန်းများတွင် ဦးစီးလုပ်ကိုင်သူ လုပ်ကိုင်၊ စစ်အာဏာရှင်တို့၏ ဌာနဆိုင်ရာများတွင် ရာထူးကြီးရသူရနှင့် ဘဝလမ်းခရီးအဆင်ပြေကြပါသည်။ (မှတ်ချက်။ ။ မိဘအရှိန်အဝါနှင့် ဆိုးသွမ်းမိုက်မဲနေသူ များကို မဆိုလိုပါ။ ပညာရနိုင်သော အခွင့်အလမ်းများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)

(၂)။ အချို့သော ကလေးငယ်လူငယ်များမှာမူ သင့်တင့်သော ဝင်ငွေရှိသည့် မိသားစုများတွင် ကြီးပြင်းလာကြပြီး၊ အချိန်တန်ဘွဲ့တစ်ခုရ၊ လုပ်ငန်းခွင်ဝင်၊ မဟုတ်လျှင်လဲ မိဘလုပ်စာထိုင်စားပြီး လိုက်လျားလိုက်လျား ဘဝခရီးလမ်းကို ကြုံတွေ့ကြပါသည်။ ဤမိသားစုများ တွင်းမှ အချို့သော ပညာလိုလားသူများမှာမူ နိုင်ငံခြားတက္ကသိုလ်များတွင် ပညာဆက်သင်နိုင်သည်ဆိုသော ပညာသင်ဆု အခွင့်အရေး များကြောင့် နအဖလက်ကိုင်တုတ်အဖွဲ့များ အတွင်းသို့ ရောက်ရှိပြီး ပေးတာယူ ကျွေးတာစားဘဝတွင် တင်းတမ်ရောင့်ရဲကြရသည်။ အချို့ လဲ နအဖထောက်လှမ်းရေး ကြိုးကိုင် ဂျာနယ်များတွင် အလုပ်လုပ်ကိုင်ရင်း၊ အဆိုပါဂျာနယ်များနှင့် ဆက်သွယ်ထားသည့် တက္ကသိုလ် တချို့မှ ပညာသင်ဆုများ ရရှိကာ တတိယအုပ်စုဝင်များ ဖြစ်လာကြသည်။ အချို့မှာလဲ အလွယ်နည်းလိုက်ကာ နအဖတို့၏ စစ် တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ စစ်ကွန်ပျူတာ တက္ကသိုလ်များသို့ ရောက်ကုန်ကြပါသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် တပ်မတော်တက္ကသိုလ်များသို့ လျှောက်ထားသူများ ယခုကာလတွင် မရှိသလောက် ဖြစ်နေပါပြီ။ အချို့မှာလဲ နိုင်ငံရပ်ခြား သို့ ထွက်ခွာကာ ကြုံရာကျပန်းလုပ်ကိုင်ရင်း အိမ်စရိတ်ကို ပြန်လည်ထောက်ပံ့ကြရပါသည်။ ကြိုးစားရင်း မိမိဥာဏ်ပညာဖြင့် နိုင်ငံခြား တက္ကသိုလ် ပညာသင်ဆုများရ၍ ကျောင်းများ ဆက်တက်နိုင်ကာ ဘ၀ရေး အဆင်ပြေလာသူများလဲ ရှိသည်။ သို့ပေမယ့် ရာခိုင်နှုန်းကား အလွန်နည်းပါးနေဆဲ။

(၃)။ အချို့သော ကလေးငယ်၊လူငယ်များမှာကား မိဘများမှ အလယ်တန်း၊ အထက်တန်းပညာလောက်အထိသာ သင်ကြားပေးနိုင်ပြီး၊ စက်မှုလက်မှုလုပ်ငန်းများ၊ ယာဉ်လုပ်ငန်းများ၊ စတိုးဆိုင် အရောင်းစာရေးလုပ်ငန်းများသို့ ရောက်ရှိနေကြပါသည်။ ကံဆိုးသူတချို့မှာ အခြေအနေအကြောင်းကြောင်းကြောင့် ကိုယ်ခန္ဓာနှင့် ရင်းပြီး စီးပွားရှာရသည့် ဘဝသို့ ရောက်ရှိနေကြရသည်။

(၄)။ အချို့သော ကလေးငယ်၊ လူငယ်များမှာကား မူလတန်းပညာရေးကိုပင် သွားရောက်သင်ကြားပေးရန် မိသားစုဝင်ငွေ မလုံလောက် သဖြင့်၊ ဝမ်းရေးအတွက် အိမ်ရှိလူကုန် အလုပ်လုပ်ကြရကာ သူတပါးအိမ်မှ အိမ်ဖော်ဘဝ၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးဘဝ၊ လမ်းဘေး ဈေးသည်ဘဝ၊ လက်ငုတ်လက်ရင်း လယ်ယာကိုင်းသမား ဘဝများနှင့် ကျင်လည်နေကြရပါသည်။ မသမာဝိသမသမားများ၏ လူကုန်ကူး မှု သားကောင်ဘဝသို့ ရောက်ကာ ဘဝပျက်ရသူများလဲ ရှိပါသည်။

(၅)။ အချို့သော ကလေးငယ်၊လူငယ်များမှာမူ စစ်မက်ဇုံတွင် နေထိုင်ကြီးပြင်းရသဖြင့် ပညာသင်ခွင့်ဆုံးရှုံးကာ တပြေးပြေး တလွှားလွှား၊ တထိတ်ထိတ်တလန့်လန့်နှင့် နေထိုင်နေကြရပါသည်။

(၆)။ အခြားသော သီးသန့်ထွက်ပေါ်လာသည့် အုပ်စုမှာ အတိုက်အခံ နိုင်ငံရေးသမားများ၏ ရင်သွေးငယ်များ ဖြစ်ကြပါသည်။ မည်သည့် ဝင်ငွေရှိသည့် မိသားစုဝင်ပင်ဖြစ်ပါစေ၊ တခုတည်းသော တူညီချက်မှာ ကျောင်းနေစဉ်မှစ၍ ဆရာ၊ဆရာမများ၊ ရွယ်တူများ၏ ခွဲခြားဆက် ဆံခြင်းကို ခံကြရပြီး၊ အထက်တန်းပညာအောင်၍ တက္ကသိုလ်များ လျှောက်သောအခါ၌ကား အသက်မွေးဝမ်းကြောင်း ပညာများကို သင်ခွင့်မရကြခြင်းပင်ဖြစ်သည်။

မြန်မာပြည်ကျောင်းသားလူရွယ်၊ ကလေးသူငယ်များ၏ ထိုသို့ဖြစ်ပေါ်နေဆဲ အခြေအနေများကြားတွင် နအဖပြန်ကြားရေး တာဝန်ရှိသူ ကတော့ “မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချမှတ်ထားသော လူမှုရေးဦးတည်ချက်ဖြစ်သည့် မူလတန်းပညာ အားလုံးတတ်မြောက်ရေး ရည်မှန်းချက်အား ပြည့်မှီသည် ” ဆိုကာ အရှက်မရှိသော မျက်နှာဖြင့် ပြက်လုံးထုတ်သလား အောက်မေ့ရအောင် ပြောဆိုသွားခဲ့ဖူးပါ သည်။ ထိုသို့ပြောကြားနေသည့် နေရာနှင့် မလှမ်းမဝေး မြို့တစ်မြို့ဆီမှ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြရရှာသော မူလ တန်းအရွယ် ကလေးငယ်များကိုပင် မမြင်နိုင်လောက်အောင် အမြင်လွှာ ချွတ်ယွင်းအားနည်းနေ၍ပင် ဖြစ်ပေလိမ့်မည်။

စာရေးသူအထက်ပါအတိုင်း ခွဲခြားထားသည့် အုပ်စုများမှာ မိဘများ၏ ဝင်ငွေပေါ်မူတည်၍ ပညာသင်ခွင့် ကွဲပြားခြားနားပုံကို ပြသခြင်း ဖြစ်ပါသည်။ ပထမအမျိုးအစား လူငယ်များမှာ မြန်မာ့လူရွယ် ကလေးငယ်များ၏ တစ်ရာခိုင်နှုန်းပင်မရှိပါ။ ပညာသင်ကြားခွင့်ရရေးသည် လူ့အခွင့်အရေး တခုဖြစ်ပါလျက် မြန်မာကျောင်းသားလူငယ်များ၏ ပညာသင်ခွင့်ရရေးသည် အဘယ်ကြောင့် ဝင်ငွေပေါ် မူတည် နေရပါသနည်း။ စာရေးသူတို့နိုင်ငံကို အုပ်ချုပ်မင်းလုပ်သူများ အသုံးမကျ၍သာဖြစ်သည်။ နိုင်ငံတစ်ခု၏ အနာဂတ်သည် လက်ရှိလူရွယ်၊ ကလေးသူငယ်များပေါ်တွင်မူတည်သည့် အမှန်တရားကိုပင် မမြင်နိုင်လောက်အောင် အာဏာရူး၊ ဥစ္စာရူးများ ဖြစ်နေကြလို့သာဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏ အပိုဒ်(၁၆)တွင် လူသားတို့၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍

(၁)။ လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခ မဲ့ ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။

(၂)။ ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်း ကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့် ခင်မင် ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့အပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလဲ ဖြစ် မြောက်အောင် အားပေးရမည်။

(၃)။ မိဘတို့တွင် မိမိတို့ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော ကနဦး အခွင့်အရေးရှိရမည်ဟူ၍ ဖော်ပြပါရှိ လေသည်။

ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် လူတိုင်းအတွက်ပညာရေးဟူသော လူ့အခွင့်အရေးမရှိသည်မှာ သေချာနေပေပြီ။ ကျွန်ုပ်တို့၏ နောင်အနာ ဂတ် မျိုးဆက်လေးများသည် ကမ္ဘာ့လူသားတိုင်း ခံစားခွင့်ရသည့် လူ့အခွင့်အရေးကို ခံစားခွင့်မရရှာကြ။ လမိုက်ညအမှောင်တွင် လမ်း ပျောက်နေသူများနှယ် ဖြစ်နေကြရရှာသည်။

ထိုလမိုက်ညထဲမှ လမ်းပျောက်နေသူများအတွက် အလင်းပေးမည့် ကြယ်စင်များ လိုအပ်လှပါသည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်လုပ်ကိုင် နေသော မင်းမဟော်၊ အေအီအိုင်အိုယူ နှင့် အခြားပညာရေး ဖွံဖြိုးတိုးတက်မှု အစီအစဉ်များမှာ ထိုသို့ အနာဂတ်အတွက် လမ်းပြပေးမည့် ကြယ်စင်လေးများဖြစ်ကြပါသည်။

အဆိုပါလမ်းပြကြယ်စင်လေးများ ရေရှည်တည်တံ့ခိုင်မြဲရန်၊ ကြယ်စင်အသစ်လေးများ ဆက်လက် ပေါ်ပေါက်လာစေရန်နှင့် နောက်ဆုံး မြန်မာ့မျိုးဆက်များအပေါ်တွင် ဖုံးအုပ်နေသော အမှောင်ထုများ ပျောက်ကွယ်သွားစေရန်ကတော့ စာရေးသူတို့ မြန်မာများအားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း ----။

အမှောင်ခွင်း၍ အလင်းဆောင်နိုင်သူများဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။



REF: ခင်မမမျိုး

0 comments:

အပေါ်သို့