Saturday, April 25, 2009

ကိုမင်းကိုနိုင် ဂွမ်ဂျူးဆု ရရှိ

ကိုဝိုင်း
ဧပြီလ 24 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယားနိုင်ငံမှ အမြင့်မားဆုံးဆု တခုဖြစ်သည့် ဂွမ်ဂျူး လူ့ အခွင့်အရေးဆုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ချီးမြှင့်လိုက်သည်။

Gwangju Prize for Human Rights ဆုကို တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ “May 18 Memorial Foundation” အဖွဲ့မှ ချီးမြှင့်ခြင်းဖြစ်ပြီး ယခုနှစ် ဆုရှင်အတွက် မြန်မာနိုင်ငံမှ ကိုမင်းကိုနိုင်၏ အမည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။


Gwangju Prize for Human Rights ဆုတံဆိပ်

“ဒီနှစ်အတွက် ဆုရတဲ့သူက မင်းကိုနိုင်ပါ။ မင်းကိုနိုင်က ဖိနှိပ်နေတဲ့ အကြားက ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး အတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်တဲ့သူ ဖြစ်လို့ပါ။ ဒါ့အပြင် ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းဖြစ်တယ် ဆိုတာကိုလည်း ပြသချင်လို့ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေက တိုးတက်လာတာ မရှိပါဘူး။ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အများကြီး ရှိနေပါသေးတယ်” ဟု ဆုပေးရေး အဖွဲ့မှ ဒါရိုက်တာ တဦးဖြစ်သူ မစ္စတာ ချန်ဟိုကင်းက မဇ္ဈိမကို ပြောသည်။

မေလ ၁၈ ရက်နေ့တွင် ဂွမ်ဂျုံးမြို့ရှိ May 18 Memorial ခန်းမဆောင်တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အတူ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုတံဆိပ်ပါ ရွှေပြားနှင့် ဂုဏ်ထူးဆောင် လက်မှတ်တို့ကို ပေးအပ်မည် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲမှ ပြန်ကြားရေး တာဝန်ခံ ကိုရန်နိုင်ထွန်းက ဆုလက်ခံမယ့်သူ နာမည်ကို လောလောဆယ်တွင် မသေချာသေးသည့် အတွက် မပြောနိုင် သေးသော်လည်း သူတို့ ပါတီဌာနခွဲက ဆုလက်ခံယူမည် မဟုတ်ကြောင်း ပြောသည်။

သူက ဆက်ပြီး ''ဆုငွေနဲ့ တံဆိပ်တွေကိုတော့ သိမ်းဆည်းထားမှာပါ။ ဘာလို့လဲဆိုတော့ ကာယကံရှင်ရဲ့ သဘော ဆန္ဒနဲ့အညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းဆုကြည် အတွက် ဆုရတုန်းကလည်းပဲ ဒေါ်စုရဲ့ ပိုက်ဆံကို အခုချိန်အထိ ကိုရီးယားဘဏ်မှာ သိမ်းဆည်းထားပါတယ်။ ဆုတံဆိပ်ကိုလည်း ဘဏ်မှာ အပ်နှံထားပါတယ်။ ကာယကံရှင်တွေနဲ့ ဆက်သွယ်ရမှ သူတို့သဘောအတိုင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဂွမ်ဂျူးဆုကို ၂ဝဝဝ ခုနှစ်မှ စတင် ပေးအပ်လာခဲ့ပြီး အရှေ့တီမော ခေါင်းဆောင် ဇာနာနာ ဂတ်စ်မားအိုး ရရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ပါကစ္စတန်မှ မစ္စတာ မူနီးယား မာလစ် ကို ပေးအပ်ခဲ့သည်။ အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၂ဝဝ၄ ခုနှစ်က ပေးအပ်ခဲ့သည်။

ဆုကြေးအဖြစ် ယခင်က အမေရိကန်ဒေါ်လာ တသောင်းသာ ပေးအပ် ခဲ့သော်လည်း ၂ဝဝ၅ ခုနှစ်မှ စတင်၍ ၅ သောင်းအဖြစ် သတ်မှတ်ခဲ့သည်။

ဆုချီးမြှင့်မည့် ရက်ဖြစ်သော မေလ ၁၈ ရက်နေ့တွင် သမ္မတဟောင်း ချန်ဒူးဝမ်ကို တော်လှန်စဉ်က ကျဆုံးသွားခဲ့သော ကျောင်းသား၊ ပြည်သူများကို ဂုဏ်ပြု အောက်မေ့သည့် အခမ်းအနားနှင့် အလေးပြု အခမ်းအနားများလည်း ပြုလုပ်မည်ဖြစ်ပြီး လက်ရှိသမ္မတ အပါအဝင်၊ လွှတ်တော်အမတ်များ၊ နိုင်ငံတကာမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။

ထိုနေ့တွင်ပင် မြန်မာ့အရေးဆွေးနွေးပွဲတခု သီးသန့် ကျင်းပ သွားရန်ကိုလည်း May 18 Memorial Foundation က စီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။

“May 18 Memorial Foundation” အဖွဲ့ကို ဝမ်ဂျူးမြို့မှ ကျောင်းသားများက ကိုရီးယားသမ္မတ ချန်ဒူးဝမ်၏ အာဏာရှင်စနစ်ကို ၁၉၈ဝ ခုနှစ် မေလ ၁၈ ရက်နေ့မှ စတင်၍ တော်လှန်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိ တောင်ကိုရီးယား အစိုးရက အဓိက ထောက်ပံ့ပေးနေသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့