Wednesday, June 24, 2009

ဟိုတစ်စ ဒီတစ်စ တပ်တွင်း အက်ကွဲစများ - အပိုင်း (၁)

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

တပ်မတော်ထဲက အဆင် မပြေမှုများစွာကို ဒီနေရာကနေ ပြည်သူတွေဆီ ပြောပြချင်ပါတယ်။ ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး” လို့ လက်ခံ အားပေးကြမှာပါ။ အရင်က ကျွန်တော်ဟာ စာစီ စာကုံးကိုတောင် အမှတ်ရအောင် ဘယ်လို ရေးရမှန်း မသိခဲ့သူပါ။ သူငယ်ချင်းတချို့ စာစီစာကုံး ပြိုင်ပွဲတွေဝင်ပြီး ဆုရတယ် ဆိုတဲ့ အခါ ဘယ်လို ရေးရတာပါလိမ့်လို့ မေးမိလို့ အဟား ခံခဲ့ရဘူးပါတယ်။

အခုတော့လည်း ရင်ထဲက ဆန္ဒနဲ့ အဖြစ်မှန်ကို ချရေးမိတဲ့အခါ ဆောင်းပါး တစ်ပုဒ်တော့ ဖြစ်လာခဲ့ပါပြီ။ စစ်တပ်ထဲက စစ်ဗိုလ်တိုင်း ရာထူး၊ အာဏာ၊ စည်းစိမ်တွေနဲ့ ပြည့်စုံနေတာ မဟုတ်သလို အခြားအဆင့် (အရာခံဗိုလ် မှ ရဲဘော်သစ်) တိုင်းလည်း ငတ်မနေ ကြပါဘူး။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင် စနစ်ကြောင့်ပါ။ ဒီစနစ်ဟာ တန်းတူရည်တူ အခွင့်အရေး မရရှိပါဘူး။

ဗိုလ်ချုပ်တွေ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်ရာ စစ်ဗိုလ်တွေ၊ အခြားအဆင့်တွေ အတွက်တော့ စစ်တပ်ဆိုတာ သုခဘုံကြီးပါ။ GE လို့ခေါ်တဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်က တပ်ကြပ်ကြီး တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုဟာ သာမန်ဗိုလ်မှူးကြီး တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုနဲ့ ညီတယ်ဆိုတာ တပ်ထဲက လူတိုင်း သိနေတဲ့ ကိစ္စပါ။

ဒါပေမယ့်လည်း အရိုးစွဲ နေပြီဖြစ်တဲ့ ဗမာ့တပ်မတော်ရဲ့ ထုံးစံအတိုင်း ငါလည်း ဒီလို နေရာရောက်ရင် ခံစားရမှာပဲ ဆိုတဲ့ အတွေးနဲ့ပဲ မလုပ်၊ မရှုပ်၊ မပြုတ် နေကြရပါတယ်။ နေရာနဲ့ လုပ်ပိုင်ခွင့် ကိစ္စဟာ ဗိုလ်လောင်း ဘ၀မှာ ကတည်းက စခဲ့တာပါ။ လေ့ကျင့် ပေးခဲ့တာလား လေ့ကျင့်ခံခဲ့ ရတာလား၊ အကျင့်ဆိုးကို လက်ဆင့်ကမ်း ပေးခဲ့တာလားတော့ မတွေးလိုတော့ပါဘူး။

ကျွန်တော်တို့ ဗိုလ်လောင်းဘ၀မှာ လစာတွေ မတိုးသေးပါဘူး။ ဒါပေမယ့် လစာ ဘယ်လောက် ရသလဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ လက်မှတ်ပဲ ထိုးပြီး လစာက လက်ထဲ မရောက်တာ များလို့ပါ။ First year အတွက်က ပိုဆိုးပါတယ်။ တပ်ခွဲ အဆောင်စစ်၊ အလှူငွေ၊ တပ်ရင်းစာစောင်၊ တပ်ခွဲ အားကစား၊ တပ်ရင်း ဂျွမ်းဘား စတဲ့ ကိစ္စတွေ အတွက် များစွာ ဖြတ်လိုက်တာမှာ တခါတရံ ကိုယ်က ပြန်တောင် အမ်းရပါသေးတယ်။ တကယ်ပါ၊ မယုံ မရှိပါနဲ့။

Second year နဲ့ Senior One ခေါ် တတိယ နှစ်မှာတော့ အကျိုးအကြောင်း ပြန် မေးရဲလာပြီ ဖြစ်လို့ Final Year Appointment (တပ်ခွဲမှူး/ တပ်စုမှူး အဖြစ် တာဝန်ပေးပြီး ဗိုလ်လောင်း အချင်းချင်း အရာရှိ အစား အုပ်ချုပ်သူ) တွေက ကျွန်တော်တို့ လစာငွေကို မဖြတ်ရဲ တော့ပါဘူး။

လက်ရှိ တပ်မတော်ရဲ့ မကောင်းတဲ့ အစဉ်အလာဖြစ်တဲ့ နေရာရရင် လုပ်ချင်တာ လုပ်ပြီး မဟုတ် မခံ တတ်သူများ၊ အမှန်တရားကို ချစ်မြတ်နိုး သူများအား ရာထူး ကြီးသူများက ကြည့်မရခြင်းဟာ အဲဒီမှာ ကတည်းက စခဲ့တာပါဘဲ။

အဲဒီဖြတ်ငွေတွေ ဘာလုပ်လဲလို့ မေးစရာရှိပါတယ်။ ကျွန်တော်လည်း Final year ရောက်မှပဲ သိပါတယ်။ အငယ် ဘ၀မှာတုန်းက Final Year Appointment တွေဟာ အချင်းချင်း သိပ်ချစ် ကြတာပဲ၊ Outpass ထွက်ရင်လည်း အတူတူ၊ စားတော့လည်း အတူတူပဲ ၊ ယူနီဖောင်း ဆိုလည်း မတ်နေတာပဲ၊ လစာလည်း ပိုတဲ့ အပြင် အိမ်တောင် ပို့နိုင်သေးတယ် ဆိုတာ သိနေတာဘဲ။

တကယ်ကတော့ အဲတာတွေဟာ ဗိုလ်လောင်း အချင်းချင်း ဖြတ်ခုတ်ထားတဲ့ ငွေတွေပါ။ ရာခိုင်နှုန်း တချို့ ကိုတော့ Appointment ဖြစ်ရေး အတွက် မစတဲ့ CI (နည်းပြချုပ်) နဲ့ အဲဒီအချိန်က DSA မှာ နာမည် အလွန်ကြီးတဲ့ SI (Senior Instructor) ဗိုလ်မှူး မြင့်လွင်ဆီကို ပသ ရပါတယ်။ 870 (အိပ် ဆဲဗင်း ဇီးရိုး) လို့ တပ်ထဲမှာ ပြောပြောနေတဲ့ ဂါရ၀ တရား ထားတတ်မှုကိုလည်း အဲဒီအချိန် ကတည်းက လေ့ကျင့် ပေးတာ ခံခဲ့ရတာပါ။

ဆရာကောင်းကို ဆည်းကပ်တတ်ခြင်း ကိုလည်း တတ်မြောက် ခဲ့ရပါတယ်။ အခုတော့လည်း ဒါတွေဟာ DSA ရဲ့ အိပ်ယာဝင် ပုံပြင်တွေ ဖြစ်သွားပါပြီ။ ဗိုလ်လောင်း အချင်းချင်း အုပ်ချုပ်မှုရဲ့ ဆိုးရွားတဲ့ အိပ်မရသော ညများစွာကို အကြောင်းပြုလို့ ဗိုလ်လောင်း အချင်းချင်း အပြစ်ပေးမှုကို ကန့်သတ်ဖို့ အရာရှိများက အုပ်ချုပ်မှု ၀င်ယူရာမှ Final year Appointment များ နေရာကို အရာရှိများက အမှား မရှိရအောင် ကိုင်တွယ် ပေးနေပါပြီ။

လစာကလည်း တိုးနေပြီ ဖြစ်ရာ ကျွန်တော်တို့ ခေတ်ကလို ယူနီဖောင်းစ ဖိုးလောက် မကတော့ပဲ ဆိုင်ကယ်ဖိုး/ GSM ဖိုးလောက် ဖြတ်နိုင်နေပါပြီ။ DSA နှင့် DSTA မှ နည်းပြ အရာရှိများတွင် စာပေနှင့် လေ့ကျင့်ရေးဌာန (၂) ခုမှ အရာရှိ အချင်းချင်းကို နှိုင်းယှဉ် ကြည့်လိုက်ပါ။ ပြင်ဦးလွင် မြို့ထဲက သာမန် အရပ်သားပင် ခွဲပြနိုင်ပါလိမ့်မယ်။

တပြိုင်တည်းပဲ စစ်သည်တွေရဲ့ ဘ၀တချို့ကိုလည်း သိခဲ့သလောက် ပြောပြ ပါမယ်။ ကျွန်တော်တို့ ပထမနှစ် စစ်ပညာ သင်နေချိန်မှာ ဆရာကြီး တစ်ယောက်က မုန့်ရောင်းပါတယ်။ ပထမနှစ် ဗိုလ်လောင်း ဘ၀မှာ အချိန်တိုင်း မအားရသလို အချိန်တိုင်းလဲ ဆာနေတတ်တာကို မရှက်တမ်း ၀န်ခံပါရစေ။ အဲဒီတုန်းကတော့ ဘာမှ မစဉ်းစား နိုင်ပါဘူး။ ၀ယ်စားခွင့် ရနေခြင်းသည်ပင် ကြီးမားသော ဆုလာဘ်ကြီး တစ်ခုကိုး။ ဘယ်သူ ရောင်းရောင်း ၀ယ်စားလို့ ရနေတာက ရှယ်ဘဲပေါ့။

Final year အရောက် မှာတော့ အဲဒီ ဆရာကြီးကို ကျွန်တော် မေးကြည့်မိပါတယ်။ သင်တန်းချိန်၊ သင်တန်းနေရာမှာ မုန့်ရောင်းခွင့်ကို ဘယ်လို ရပါသလဲ ဆိုတော့ လက်နက်ငယ် ဌာနမှူးဆီက ပါမစ် ရလို့ ပေါ့တဲ့၊ အဲဒီအတွက် ဘာပေးရသလဲ ဆိုတော့ ရာနှုန်းနဲ့ ပေးရတာပေါ့တဲ့၊ ကျွန်တော်က ကိုယ့် ဆရာကြီးတွေ အဆင်ပြေအောင် အလကား ပေးရောင်းတယ် မှတ်နေတာလို့ ပြောတော့ ဗိုလ်လောင်းရယ် စစ်တပ်မှာ Issue ထုတ်ပေးတဲ့ ယူနီဖောင်းတောင် တပ်ထောက်မှာ ၀န်ဆောင်စရိတ် ပေးပြီးမှ ထုတ်လို့ ရတာတဲ့လေ။
မကြာခင် ကျောင်းဆင်းပြီးရင်တော့ စစ်တပ်အကြောင်း မောင်ရင် ဒီထက် ပိုသိလာ ပါလိမ့်မယ်တဲ့။ အခု အချိန်မှာတော့ စစ်ကျောင်းကြီးများမှာ ဆရာကြီးများသာ မဟုတ်ပဲ အရာရှိတွေတောင် စားဝတ်နေရေး အတွက် ဗိုလ်လောင်းများကို မုန့်ရောင်း နေကြရပါပြီ။ ထောင်နှင့်ချီတဲ့ ဗိုလ်လောင်း ဈေးကွက်ကြီး၊ ထိုမှတဖန် အရာရှိ သင်တန်းသား ဈေးကွက်ကြီးနဲ့ ပြင်ဦးလွင်မြို့ဟာ လက်ညိုးထိုး မလွဲသော စစ်ဗိုလ်တို့ ကျက်စားရာ မြေယာ ဖြစ်နေပေပြီ။

အလျဉ်းသင့်လို့ ပြောပြပါအုံးမယ်။ ကျွန်တော်တို့ အပတ်စဉ်မှာ လေတပ်က တပ်ကြပ်ကြီး တစ်ယောက်ရဲ့သား ပါလာပါတယ်။ ကျွန်တော်ကလည်း လေတပ်ကို စိတ်ဝင်စားသူမို့ မကြာခဏ လေတပ် အကြောင်းတွေ သူ့ကို မေးဖြစ်ပါတယ်။ သူကလည်း လေသူရဲတွေ မှောင်ခိုခေတ်မှာ ရဟတ်ယာဉ်နဲ့ ပစ္စည်း သယ်ပုံတွေ လေယာဉ်ဆီ ဘယ်လိုချန်ပြီး ဘယ်လို ထုတ်ရောင်းပုံတွေက အစ ကျွန်တော့်ကို ပြောပြပါတယ်။

လေယာဉ်ဆီ အပြင်ကို မထုတ်မီ လေယာဉ်ရုံ နံဘေးက ရေမြောင်းထဲမှာ အိတ်တွေ ထားပြီး သွန်ချ ထားရကြောင်း၊ ပြီးမှ ဆာလာအိတ်လို အိတ်တွေနဲ့ စက်ဘီးပေါ် တင်ပြီး ဒိုင်ကို ပို့ရကြောင်း၊ ဒိုင်ဆိုတာ ကလည်း ထောက်လှမ်းရေးနဲ့ မကင်းရာ မကင်းကြောင်းတွေပဲ ဖြစ်ကြောင်း၊ ဒီလိုသယ်ပို့ပေးတဲ့ အခါ စစ်သည်တွေက အလှည့်ကျ လုပ်ရတာဖြစ်ပြီး ရဲဘော်တိုင်းဟာ Carry လုပ်ချင်သူ များနေလို့ ဖြစ်ကြောင်း၊ ဆီရောင်းရငွေကို အုပ်မှူးနှင့် အုပ် စက်မှုလက်မှု အရာရှိ (EO) က ခွဲယူကြောင်း၊ ပျံသန်းရေးက ၆၀ % နဲ့ စစ်သည်များ ဘက်က ၄၀% ရကြောင်း၊ သက်ဆိုင်ရာ စခန်းမှူး၊ အုပ်ချုပ်ရေး၊ တပ်ရဲ၊ လေကြောင်းထိန်း မျှော်စင် စတာတွေကိုလည်း နာရီအပြည့် မပျံတာတွေ ဆီခိုးထုတ်ရာ လမ်းကြောင်း လုံခြုံမှု စတာတွေအတွက် ခွဲဝေပေးရကြောင်း သူပြောပြ ခဲ့ရာမှာ ကျွန်တော်လည်း ထူးဆန်းအံ့ဖွယ် ဖြစ်နေခဲ့ ပါတယ်။

သူ့အမေကလည်း သူ့ဆီ ဖုန်းဆက်တိုင်း အဖေက Duty အဌားစောင့်ပြီး မင်းကို ကျောင်းထား ပေးခဲ့တာ ကြိုးစား၊ အရာရှိဖြစ်ရင် ကျေးဇူးပြန်ဆပ်လို့ ပြောတယ်ဆိုရာ ကျွန်တော်မှ Duty အဌားစောင့်တယ် ဆိုတာ ဘာလဲဟု မေးကြည့်ပါတယ်။ လေတပ်ထဲမှာ အပြင်ထွက် အလုပ်လုပ်သူများ ရှိကြောင်း၊ စပယ်ယာ၊ ဆောက်လုပ်ရေး စတဲ့ ပြင်ပအလုပ်များ လုပ်ပါက လစာထက်ပိုတဲ့ ၀င်ငွေ ရကြကြောင်း၊ အဲဒီလို အလုပ်တွေ သွားလုပ်သူတွေ ကိုယ်စား ဂျုတီ အငှား စောင့်ကြရာမှာ ကျွန်တော်က လုံခြုံရေး အမြင်နဲ့ သေနတ်ကို လူစားထိုးပြီး ထုတ်လို့ ရလို့လားလို့ မေးရာ သူက ရီပါတော့တယ်။

ငါ့အဖေ လေတပ်မှာက ကင်းစောင့်ရင် သေနတ်မထုတ်ရ ပါဘူးတဲ့၊ ကျွန်တော်လည်း ထူးဆန်း အံ့ဖွယ် နောက်တစ်ခုကို ကြားရပြန်ပါတယ်။ တန်ဖိုး များစွာသော လေယာဉ်များ ရှိရာ လေတပ်မှာ ကင်းတာဝန် စောင့်တာ သေနတ် မထုတ်ရဘူးတဲ့၊ အပြင်ထွက် အလုပ်လုပ်ပြီး ကင်းအဌား စောင့်ခိုင်းတယ် ဆိုပဲ၊ ဆီတွေရောင်းပြီး နိုင်ငံတော် ပစ္စည်းတွေကို ကိုယ်ကျိုးရှာ စားနေကြတယ်။ ငါလေတပ်ထဲ ရောက်ရင်တော့ တွေ့ကြ သေးတာပေါ့လို့ တေးထား လိုက်မိပါတယ်။

မယုံတ၀က် ယုံတ၀က်နဲ့ လေတပ်ကို ကျွန်တော် တကယ် ရောက်လာ ချိန်မှာတော့ “ဟုတ်ပါ့မလား မောင်ကာလုရေ” လို့ တွေးထင် ထားခဲ့သမျှ ဟုတ်ရုံမက ပိုတောင် ပိုနေကြောင်း တွေ့ရ ပါတော့တယ်။ မှောင်ရီပျိုးတာနဲ့ ရိပ်သာဘေးမှ လမ်းလေးဟာ တမာရနံ့ အစား ဆီနံ့လေးများ သင်းနေသလို စက်ဘီး ကိုယ်စီဖြင့် လူးလားခေါက်ပြန် စည်ကားနေပါ တော့တယ်။ သူ့အရပ်နှင့် သူ့ဇာတ်မို့ မထူးဆန်း ကြပေမဲ့ အခုမှ ရောက်လာတဲ့ ကျွန်တော်တို့ ကတော့ ထူးဆန်း နေတာပေါ့။ သခင်မျိုးဟေ့ ဒို့ဗမာဘဲ ကြားဖူးခဲ့ပေမဲ့ သူခိုး မျိုးဟေ့ ဒို့ဗမာလို့ ထပြီး ကြွေးကြော် ချင်စိတ်တောင် ပေါက်မိပါရဲ့ ။

မေးကြည့်မိတော့ ဒီလိုပဲ အသက်ဆက်ပြီး ရှာကျွေး နေရတာပဲ၊ မထူးဆန်း ပါဘူးတဲ့။ လေတပ်မှာ ရစရာလမ်းဟာ ဒါပဲရှိတာကိုး၊ ဂိတ်လည်းမရှိ၊ သစ်ကွက်လည်း မရှိ၊ လည်ပင်း ညှစ်စရာ နယ်မြေလည်း မရှိ၊ သူများ မျက်ရည်နဲ့ ကိုယ့်အတွက် ရှာတာ မဟုတ်ပဲ လေသူရဲက အသက်နှင့်ရင်းပြီး ဆီအများကြီး ချန်လို့ မြေပြင် အရောက် ဆင်းလာပေးသလို စက်မှုအရာရှိ စစ်သည်တွေကလည်း အပြင်အရောက် ဆီထုတ်ပေး၊ ကျန်အုပ်ချုပ်ရေး အရာရှိ စစ်သည် တွေကလည်း ဘေးရန် မရှိရအောင် ကူညီပေးနဲ့ လေတပ်ရဲ့ သုံးနားညီ တြိဂံပုံ အတိုင်း ပျံသန်းရေး/ စက်မှုလက်မှု/ အုပ်ချုပ်ရေး သုံးခုဟာ ဘက်ညီညီ လှုပ်ရှားပြီး သမာ အာဇီဝနဲ့ ရှင်သန် နေကြရတာ ဆိုပဲ။ အင်း…. ဒီလိုဆိုတော့လည်း ဟုတ်သလိုလိုတော့ ရှိသား။ နောင်လာ နောက်သား တွေလည်း အစဉ်အဆက် ဒီလိုဘဲ လုပ်ကြ ရပေတော့ မပေါ့။ အင်း….ခေတ်မှီဖွံ့ဖြိုး တိုးတက်ပါတဲ့ ဒို့ တပ်မတော်ကွ။

ကဲ ဒါကတော့ထားပါလေ။ ကင်းစောင့်တာ တချို့တပ်တွေက သေနတ်လည်း မပါဘူး။ တချို့တပ် ကျတော့ သေနတ်ပါပြီး ကျည်ဆံ ထုတ်မပေးထားဘူး။ တခုခုဖြစ်ရင် ဘာလုပ် မှာလဲ၊ ခဲနဲ့ထုမှာလား ဆိုတော့ ၂ ချက် ရှိတယ်တဲ့၊ လက်နက် အစုံအလင် မထုတ်ပေးထား တော့ Duty အဌားစောင့်တဲ့ သူတွေအတွက် ပို အဆင်ပြေတယ်တဲ့။ ငမူးတွေ သေနတ်နဲ့ ပြဿနာ ရှာတဲ့အမှု၊ လက်နက်နဲ့ စစ်ပြေးမှုလို အမှုတွေကို ရှင်းစရာ မလိုတော့ဘူး ပေါ့တဲ့။ ဒါလဲ ဟုတ်ပြန်ရော။

ပြီးတော့ ပြောသေးတယ်၊ ဘယ်သူကမှလည်း လေတပ်ကို ဒုက္ခ မပေးပါဘူးကွာ၊ “၈၈” မှာကတည်းက အစောဆုံး ထွက် ဆန္ဒပြလို့ ပြည်သူတွေက ချစ်ပြီး သားပါတဲ့။ ဆရာတက္ကသိုလ် ဘုန်းနိုင် လေသံနဲ့ ပြောရရင်တော့ “ကျွန်တော် မောင်ဝေဟင် ဘာများတတ်နိုင် ပါဦးမည်လဲ” ပေါ့။ ဒါနဲ့ Duty အဌားစောင့်တဲ့ ကိစ္စဘက် လှည့်ပြီး စပ်စု ရပါတော့တယ်။

အရင်ကတော့ အငှားစောင့်ခ တစ်ရက်ကို ကျပ် ၂၀၀/၃၀၀ ပါ၊ လစာတွေတိုးတော့ ကျပ် ၁၀၀၀ ကနေ ၂၀၀၀ အထိ ဖြစ်သွားတယ်တဲ့။ တပ်ခွဲ ၃ ခွဲရှိရင် ၃ ရက်တစ်ကြိမ် Duty ကျတော့ အဌားလိုက်တဲ့ သူတွေ ပို တွက်ခြေကိုက်တယ်။ ဒါပေမယ့် တာဝန်ကျ တာဝန်မှူး အရာရှိနဲ့လည်း အငှားစောင့်ခက တိုက်ရိုက် အချိုး ကျသေးတယ် ဆိုပါတယ်။ ဘယ်လို့လဲဆိုတော့ ကင်းအမြဲစစ်တဲ့ တာဝန်မှူး အရာရှိ ကိုတိကျများရဲ့ တာဝန် ကျတဲ့ ရက်မှာ ဆိုရင်တော့ ပုံမှန်ဈေးထက် ပိုပေးရတယ်တဲ့။ မှတ်သား စရာလေးပါနော်။

နောက်ဆောင်းပါးများမှာ ပျံသန်းရေး အုပ်တွေရဲ့ ၄၀/၆၀% ကိစ္စတွေကို ထပ်ပြောပြ ပါဦးမယ်။ ဒီလောက်ဆိုရင်ဘဲ စစ်တပ်ထဲက တကယ့် ဘ၀တွေကို စာဖတ် သူတွေ သိခွင့်ရပြီး ထူးဆန်းသော စကားတွေ ကြားရသလို ဖြစ်နေလောက်ပါပြီ။ သိပြီးသား ညီနောင်များကရော ကျွန်တော့် တင်ပြချက်မှာ လိုနေသေးရင် ထပ်ဖြည့်ပေးကြ စေလိုပါတယ်။ နောက်ရက်မှာတော့ ဟိုတစ်စ ဒီတစ်စ တပ်တွင်း အက်ကွဲစများ အပိုင်း (၂) ကို ဆက်လက် တင်ဆက်သွားပါမယ် ခင်ဗျား။

Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့