Saturday, June 27, 2009

နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထားဟာ အဓိကစံ ဖြစ်တယ်

ရဲဘော်ဖိုးသံချောင်း
၂၄ ဇွန် ၂၀၀၉

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ နအဖစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ဘယ်လို သဘောထားတယ် ဆိုတာဟာ နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်းရဲ့ ရပ်တည်ချက်ကို တိုင်းတာတဲ့ စံတခု ဖြစ်နေ ပါပြီ။ လွယ်လွယ် အရပ်သားစကားနဲ့ ပြောရရင် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံသူဟာ စစ်အာဏာရှင် စနစ်ရဲ့ဘက်သား၊ ကန့်ကွက်သူ ဟာ ပြည်သူ့ ဘက်သား ဖြစ်ပါတယ်။ တကယ်တော့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုတာဟာ အဲဒီနိုင်ငံရဲ့လက္ခဏာကို ပြဋ္ဌာန်းတာ၊ ဖော်ပြတာ ဖြစ်တဲ့ အတွက် ဒါဟာ တိုင်းပြည်တခုရဲ့ သေရေးရှင်ရေး ပြဿနာဆိုရင် မမှားပါဘူး။ တိုင်းပြည်ရဲ့ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို အဆုံးအဖြတ် ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံက နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်း အနေနဲ့ ဒီသမိုင်း အကွေ့မှာ နအဖ စစ်အစိုးရက မတရား အတည်ပြု ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ဘယ်လို သဘောထား ရှိခဲ့တယ် ဆိုတာဟာ နောင် သူ့သမိုင်းမှာ အမြဲ ကပ်ပါသွားမယ့် မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

ဒီ “ဖွဲ့စည်းပုံအခြေခံဥပဒေ” အခြေခံဥပဒေနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သူတို့ရဲ့ သဘောထားကို ရွှေဂုံတိုင် ကြေညာချက်မှာ တိတိလင်းလင်း ဖော်ပြခဲ့ပြီးပါပြီ။ သူတို့ ဘာကြောင့် လက်မခံတယ်၊ ဘာတွေ လက်မခံတယ် ဆိုတာကို အသေးစိတ် မဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ဖော်ပြခဲ့တဲ့ သဘောထား၊ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ပဲ ပြည်သူ အများစုကြီးက မြင်ကြပါတယ်။ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြုပြင်ဖို့ လိုတယ်လို့ ထောက်ပြ လိုက်တာဟာ ဒီနေ့ နအဖရဲ့ ဒီမိုကရေစီ အောက်မှာ လုံလောက်တယ်လို့ အများက နားလည်ကြပါတယ်။

လတ်တလောဗမာပြည်ရဲ့ နိုင်ငံရေးမှာ ရှေ့ဆုံးကို တက်လာနေတဲ့ ပြဿနာ တခုကတော့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအင်အားစုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို ညောင်နှစ်ပင် ညီလာခံမှာ စနစ်တကျ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့ တင်ပြချက်ကို နအဖ အစိုးရဟာ အဲဒီကတည်းက အများပြည်သူ အကြားမှာ အကျယ်အပြန့် ဖြန့်ဖြူးခွင့်၊ ဆွေးနွေးခွင့် မပေးရုံမက ညောင်နှစ်ပင်က ကုလားထိုင်တွေ အကြားမှာပဲ ချောင်ထိုးထား လိုက်ပါတယ်။ ဒီနေ့ နအဖနဲ့ ဒီအပစ်ရပ် အဖွဲ့အစည်း တွေအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ အဲဒီလို နအဖက လူကြီး လူကောင်း မဆံခဲ့တာတွေနဲ့ တိုက်ရိုက် ဆက်နေပါ တယ်။ သူတို့ကို နအဖက နိုင်ငံရေးကိစ္စ၊ နိုင်ငံရေး ပြဿနာ တင်ပြခွင့်၊ ပြောကြားခွင့် မပြုဘူးလို့ သူတို့ မှန်ကန်စွာ ခံစား နေရပါတယ်။

၁၉၈၉ ခုနှစ်တုန်းက ဗကပ လက်အောက်ကနေ ခွဲထွက်ကြတုန်းက နဝတ စစ်အစိုးရဟာ တနပ်စားဉာဏ်နဲ့ “ကျုပ်တို့ကတော့ စစ်အစိုးရပဲ၊ ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့ အစိုးရနဲ့ကျမှ ခင်ဗျားတို့ နိုင်ငံရေး ကိစ္စဆွေးနွေး ကြပါ။ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမှာပဲ” လို့ ချွေးသိပ်ပြီး ပိုနေမြဲ ကျားနေမြဲ နေခဲ့ကြပြီး တလျှောက်လုံး စစ်ရပ်စဲရေး ဆိုတာနဲ့ပဲ တည်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်အစိုးရဟာ သူတို့ရဲ့ ညောင်နှစ်ပင်မှာ ဝါဒဖြန့် ကောင်းအောင်လို့ အတွက် ဒီအပစ်ရပ် အဖွဲ့အစည်းတွေကို တက်ခိုင်းပြီး ဒီလူတွေဟာ “တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ”၊ “တိုင်းရင်းသား ကိုယ်စားလှယ်ကြီးတွေ” လို့ ဝိသေသနတွေ တပ်ပေး ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ သူတို့ရဲ့ အဖြစ်ဟာ ရုပ်ပြသက်သက်သာ ဖြစ်နေတယ် ဆိုတာကို သူတို့ရဲ့ စာတမ်း ချောင်ထိုးခံရတဲ့ အဖြစ် အပျက်က ရှင်းလင်းစွာ ဖော်ပြနေပါတယ်။ အခုနောက်ဆုံး ဒီအဖွဲ့တွေကို နယ်ခြားစောင့် ပုလိပ် လုပ်ခိုင်းရာမှာ သူ့ကိုယ်သူ ဗိုလ်သန်းရွှေရဲ့ကိုယ်စားလှယ် ပါလို့ ပြောတဲ့ ဗိုလ်ရဲမြင့်က ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီကို “ခင်ဗျားတို့ရဲ့ တိုက်တွေ တာတွေ မနှမြောဘူးလား” ခနဲ့တဲ့တဲ့နဲ့ ခြိမ်းခြောက်တာဟာ သူတို့ရဲ့ ဒီအဖွဲ့အစည်းတွေ အပေါ် သဘောထား မမှန်မှု၊ အထင်သေး၊ ပြက်ရယ် ပြုလိုမှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ဒီက တဆင့်တက်ပြီး နအဖစစ်အစိုးရဟာ သူတို့ စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြီး ဖြစ်ကတတ်ဆန်း အတည်ပြု လိုက်ကြပါတယ်။ ဒီနောက် ဘာမှ မကြာဘူး ဒီအပစ်ရပ် အင်အားစုတွေကို “မင်းတို့တတွေ နယ်စပ် ကာကွယ်ရေးတပ်တွေ လုပ်ကြ၊ ဒေသ ပြည်သူ့စစ်တွေ လုပ်ကြ” ဆိုပြီး ခန့်ခွဲ အမိန့် ပေးလာပါတယ်။ ဒီအခါမှာ နိုင်ငံရေး သူငယ်နှပ်စားတွေ မဟုတ်တဲ့၊ ဆယ်စုနှစ်နဲ့ချီ လက်နက်ကိုင် တိုက်ခဲ့ဖူးကြတဲ့၊ တော်လှန်ရေးသမား ဟောင်းတွေဟာ အနည်းဆုံး ကိုယ့်ဂုဏ်သိက္ခာ အတွက် နအဖကို အာခံ ရပ်တည် လာကြပါတယ်။ သူတို့ပါးစပ်က ထုတ်မပြောပေမယ့် သူတို့ ဖော်ပြနေတာက နိုင်ငံရေးအရ ဆွေးနွေးတာ မလုပ်ဘဲနဲ့တော့ လက်နက်ကို မစွန့်နိုင်ဘူး၊ နအဖ အမိန့်ပေးတိုင်း မလိုက်နာနိုင်ဘူးရယ် လို့ပဲဖြစ်တယ်။ နအဖရဲ့လုပ်ပုံက သူ့လက်အောက်ခံတွေလို နာခံခိုင်းတာ သက်သက် ဖြစ်နေပါတယ်။ “ဒါလုပ်ရင်လုပ်၊ မလုပ်ရင် - - -” ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားသူတွေ အနေနဲ့ အခုလို ရပ်တည် ရင်ဆိုင်တာ တရားပါတယ်။ ကျိုးကြောင်း ဆီလျော်ပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ အင်အားစုတွေအနေနဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတာနဲ့ စာရင် ရှိတာက တော်သေးတယ်” လို့ ပြောနေသူတွေလို မစဉ်းစား နိုင်ပါဘူး။ တချို့လူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာလေး ပြစရာရှိတော့ နအဖနဲ့ ပေါင်းဖို့အတွက် အကြောင်းပြစရာ ရတာပေါ့လို့ သဘောထားတာပါ။ တချို့ကတော့လည်း နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာ ဘာတွေပဲ ပါနေနေ၊ ငါတို့ အမတ်ဖြစ်ရင် ပြီးရောလို့ အောက်မေ့ နေကြပါတယ်။ ဒါမျိုးကို အပစ်ရပ်အဖွဲ့တွေ မလုပ်နိုင်ပါဘူး။ သူတို့မှာ ယုံကြည်ချက် ရှိပါတယ်။ မူရှိပါတယ်။ တော်လှန်တဲ့ နိုင်ငံရေးအခြေခံ နောက်ကြောင်းတွေလည်း ရှိပါတယ်။ ထောက်ထားရမယ့် တိုက်ဖော် တိုက်ဖက် အာဇာနည်တွေ အပြင် အသက်ပေး ကာကွယ်ရမယ့် အမျိုးသား အကျိုးစီးပွားတွေလည်း ရှိပါတယ်။

သူတို့ဟာ မနေ့တနေ့ကမှ နအဖအလိုကျ နိုင်ငံရေး ထလုပ်တဲ့ လူတွေလို စစ်အစိုးရ ကြိုးဆွဲရာ မကနိုင်ပါဘူး။ နအဖ ဗိုလ်ချုပ်တွေက ထားရာနေ စေရာ သွားခိုင်းတဲ့ အတိုင်း မလုပ်နိုင်ပါဘူး။ ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုသာ မဆန့်ကျင်လိုက်ရင် သူတို့သမိုင်း ဘာဖြစ်သွားမယ် ဆိုတာ သူတို့ သဘောပေါက်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုသာ ထောက်ခံမိရင် နောင်မှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားဦးတောင်မှ သူတို့ အပေါ်မှာ တင်နေမယ့် အမည်းစက်ကြီးဟာ ဘယ်လိုမှ မပျက်နိုင်တော့ဘူးဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။

ဒီနေ့ဗမာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စဟာ စေ့စပ်လို့ မရတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မလဲနိုင်ပါဘူး။ ဆိုလိုတာ ကိုယ်က သူ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသိ အမှတ် ပြုပေးမယ်၊ သူက ကိုယ့်ကို အဲဒီရွေးကောက်ပွဲ ကျင်းပပေး ဆိုတာမျိုး လုပ်လို့ မဖြစ်ပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ ပန်းလိုပဲ ခွဲခြားလို့ မရတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ နအဖစစ်အုပ်စု အာဏာ တည်မြဲရေး အတွက် လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပိုပြီး အခရာကျပြီး ကျောရိုးလည်း ဖြစ်ပါတယ်။ ဒီနအဖ စစ်အုပ်စုရဲ့ ကျောရိုးဖြစ်လာမယ့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ် ဗမာပြည်သားတိုင်းရဲ့ သမိုင်းပေး တာဝန်ဆိုရင် မမှားပါဘူး။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့