Tuesday, July 14, 2009

ဝီလျံ ယက်ထော ရှေ့နေ၏ လျှောက်လဲချက်

ကိုစိုး
Friday, 10 July 2009 17:44

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက တိတ်တဆိတ် ဝင်ရောက် ခဲ့သောကြောင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ၎င်း၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦး ကို ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။ ။ အမှုသွား အမှုလာ အခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ စည်းရိုးကျော်ဖြတ်လိုက်တဲ့ အခါကျရင် ညအချိန် မိုးချုပ် အိမ်ကျော် တက်မှု လောက်ပဲ ဖြစ်နေတယ်လေ။ ၂ နှစ် ကနေ ၃နှစ်ကိုး။ သူတို့က အားပေး ကူညီတယ် ဆိုတာကို ကျနော်တို့က လက်မခံနိုင် ဘူးပေါ့။ ဒါ တရားသူကြီးက ဆွဲချတာ၊ ကျနော်တို့က တင်ပြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် အိမ်အဝန်း အဝိုင်းကို လုံခြုံရေးက ကိုင်တာကိုး။ ဒေါ်အောင်ဆန်း စုကြည် အဝန်းအဝိုင်း ထဲက ခြံစည်းရိုး နောက်ကွယ်နဲ့ ဥပစာကြီး တခုလုံး၊ အိမ်ကြီး တခုလုံး။ ကျော်နင်း မိတာကတော့ ပွဲပြီးပေါ့၊ သူ့ကို တရားခံ လုပ်တာ မလုပ်တာ ကတော့ ကျနော်တို့နဲ့ မဆိုင်ဘူးပေါ့။

အဓိက တရားခံက ပြစ်မှု မကျူးလွန်မှ ကျနော်တို့လူက လွတ်မှာကိုး။ လွတ်တာတော့ မဟုတ်ဘူး ပေါ့နော်၊ အတိုင်းအတာ က ညအချိန် ပုန်းလျှိုး အိမ်ကျော်မှုပဲ ဖြစ်တာကိုး။ အနိမ့်ဆုံး ပြစ်ဒဏ်က ၂ နှစ်ကနေ ၃ နှစ်အထိ ချနိုင်တယ်။

မေး။ ။ ဘယ်သူ့မှာ အဓိက တာဝန် ရှိတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အဲဒါကတော့ လုံခြုံရေးကို ကျော်ဖြတ်လိုက်တဲ့အခါ ကျတော့ ပြစ်မှု မြောက်သွားပြီ။ ဒေါ်အောင်ဆန်း စုကြည်ကို အားပေးတဲ့ သဘော မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူ့ကို နေမကောင်းလွန်း အားကြီးလို့ Refuge ပေါ့နော်၊ ခိုလှုံခွင့် ပေးလိုက်တာပဲ။ ပြန်ထွက် သွားတယ်။ ပြန်ထွက်သွားတော့ သူက နောက် ၂ ရက်မှာ ၆ ရက်နေ့မှာ အဖမ်း ခံရတယ်။ ညကြီး ထွက်သွားတာ၊ အဲဒီတော့ ၇ ရက် နေ့မှာ ဒေါက်တာ တင်မျိုးဝင်းကို အကြောင်းကြားဖို့ဟာ၊ ဒေါက်တာ တင်မျိုးဝင်းက မရောက်လာဘူး၊ ဒေါက်တာ တင်မျိုးဝင်း ခေါ်စစ် ခံရတယ်။ သူတောင်မှ သူနဲ့ သူ့အဖွဲ့တောင် ချုပ်နှောင် ခံနေရတယ်၊ ထောင်ချ ခံနေရတယ် ဆိုတော့ လူတယောက်ကို ချောက်တွန်းဖို့ မရှိဘူး။ နောက်ပြီးတော့ အစောင့်တွေနဲ့ ပလူးပလဲ လုပ်ဖို့ မရှိဘူး။ အစောင့်က အစောင့် သပ်သပ်ပဲ။

ဝင်တာကတော့ ရဲမှူးကြီး ဝင်းနိုင်ထွန်းပဲ အဝင်အထွက် ရှိတယ်။ အဲဒီလိုမျိုးလေး Nature လေးက။ လုံခြုံရေး ကတော့ အဝန်းအဝိုင်းပဲ စောင့်တယ်။ အဲဒီ ဝင်ထွက်ခွင့်က ဘယ်သူတွေ ရှိလဲ ဆိုတော့ သတင်းတပ်ဖွဲ့က ဗိုလ်မှူးကြီး ဝင်းနိုင်ထွန်းပဲ အဝင်အထွက် ရှိတယ်။ Nature လေးက အဲသလိုဗျ။

မေး။ ။ ဒါဆို လုံခြုံရေးမှာလည်း လစ်ဟာချက်တွေ ရှိတာပေါ့။

ဖြေ။ ။ လုံခြုံရေးတာဝန်ပေါ့လေ။ ဒါကတော့ သူတို့ အလုပ်ပေါ့။ ကျနော်တို့ လူက လုံခြုံရေးကို ကျော်ဖြတ် လိုက်တာတော့ မှန်ပါတယ်။ ဘာလို့လဲ ဆိုတော့ ညအချိန်ကြီး ဝင်ရတာကိုး ကျနော်တို့ လူက။ အဲဒီ အတွက်ပဲ အပြစ်ရှိမှာပေါ့။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ် ကာကွယ်ထားတဲ့ ဥပဒေ အတွက်တော့ အားပေးကူညီမှု မမြောက်ဘူးလို့ ကျနော်က ယူဆပါတယ်။ ဒီဥစ္စာက ၃ နှစ်ရှိတယ်။ Immigration Act က အနည်းဆုံး ၆လ၊ အများဆုံး ၅ နှစ်ပေါ့လေ။ Immigration ကတော့ ချိုးဖောက်တယ် ဆိုပြီးတော့ အဲဒါ တမှု စွဲထားတယ်။ ရေကူးမှု၊ အင်းလျားကန်ထဲ ရေထဲ ဆင်းကူးမှုပေါ့ဗျာ၊ အင်းလျားကန်မှာ စည်ပင် ဥပဒေပေါ့နော်၊ အဲဒီအတွက် လျှောက်လဲ ရမှာပေါ့၊ လာတာလည်း ထင်ရှားတယ်၊ ထွက်သွားတာလည်း ထင်ရှားတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ကန့်သတ် ချုပ်ချယ် ထားတာကို ဖောက်ဖျက်ပါတယ် ဆိုတာကိုတော့ မထိဘူး ပေါ့နော်။ ကျနော့် လူကလည်း နေမှ မကောင်းတာ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း Refuge ပေးမှာပဲ။

မေး။ ။ အဲဒီအချိန်မှာ မစ္စတာ ယက်ထောက ကျန်းမာရေး ချွတ်ယွင်းနေသလား။

ဖြေ။ ။ သူက ဝက်ရူးပြန် ရှိတယ်။ ဆီးချိုရောဂါ ရှိတယ်။ အဲဒါတွေကြောင့် သူ့ကို Refuge ပေးလိုက်တာ။ ဒါပေမယ့် သူကတော့ အာရုံ ရတယ်ပေါ့။ ဒီလူက ဘာသာရေး ကိုင်းရှိုင်းတဲ့ အခါကျတော့ ငယ်ငယ်ကတည်းက အာရုံရတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် အိမ် မရောက်ခင် ကတည်းက ရောက်ဖူး သကဲ့သို့ မြင်နေတယ်၊ အဲဒီ Scence တွေ ရတယ်ပေါ့။ ဒေါ်အောင်ဆန်း စုကြည် လုပ်ကြံခံရရင် ဒေါ်အောင်ဆန်း စုကြည်က သေမယ်၊ အစိုးရက သိက္ခာကျမယ် ဆိုလို့ လာသတိ ပေးတာတဲ့။ Inside story ပါပဲ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ မစ္စတာ ယက်ထောတို့ တွေ့တဲ့ အချိန်က ဘယ်အချိန်လဲ၊ မနက် အစောကြီးလား။

ဖြေ။ ။ သူက လဲနေတာ၊ မောနေတာ။ ဓာတ်ဆားရည် ပေးလိုက်တယ်တဲ့။ ဓာတ်ဆားရည် ပေးပြီး ဒေါ်အောင်ဆန်း စုကြည် က ကဲ မင်းသောက်၊ ဒီနိုင်ငံ ရောက်ရင် ဒီနိုင်ငံရဲ့ ဥပဒေကို မင်း လိုက်နာရမယ်၊ မင်း ပြန်ပါတဲ့။ မနက် အစောကြီးပေါ့။ ဒါပေမယ့် သူက တံခါး မဖွင့်ဘူး၊ အပြင်ဘက်မှာ အိပ်နေတယ်။ နောက်တော့မှ အထဲဝင်ခွင့် ပေးလိုက်တယ်။ ထမင်းကြော် ၂ နပ် ကျွေးလိုက်တယ်။ သူက အစာ မစားဘဲ ရေသောက်ပြီး နေနိုင်တာ အကျင့် ဖြစ်နေတယ်။ ဆေးရုံမှာလည်း သူ့ကို အားဆေး ထိုးပေးပါတယ်။ အခု ထောင်ဆေးရုံမှာပဲ ထားပါတယ်။

မေး။ ။အဲဒီတုန်းက သတင်းစာမှာ ဖတ်ရတာကတော့ မစ္စတာယက်ထော ကျန်းမာရေး ချို့တဲ့ နေတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတာတွေ မပါဘူး။

ဖြေ။ ။ ကျနော်တို့က အမှုတွဲမှတ်တမ်းအတိုင်း ပြောရတာကိုး။ အမှုကလည်း Controversial သိပ် ဖြစ်လွန်းလို့ ကျနော်တို့ ဘာမှ မပြော ဘူးလေ။ အမှု အကြောင်းအရာ ကတော့ ဒါပဲ။ လာတယ်၊ Remind လုပ်တယ်၊ ဒေါ်အောင်ဆန်း စုကြည်က လက်ခံတယ်၊ ဒါပေမယ့် မင်း ရောက်တဲ့နိုင်ငံရဲ့ တည်ဆဲ ဥပဒေကို လေးစားပါ လိုက်နာပါ ဆိုပြီးတော့ ပြောတယ်။ သူက လည်း အဲဒီလို အာရုံထဲမှာ မြင်တယ်၊ မြင်တဲ့အတွက် လာရခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း ပြောချင်တယ်၊ နာမည် ပျက်မယ်ပေါ့နော်၊ လုံခြုံရေး လျော့နည်းတာ ပေါ့နော်၊ ဥပမာ ကမ်းနားဘက်က၊ သူက ရေဘက်က ဝင်တာကိုး၊ ရေဘက်မှာ ဘယ်သူမှ မစောင့်ထားဘူး။

သူက ၂ ကြိမ်လာတာ၊ ပထမ ၂၀၀၈ ကတခါလာတယ်၊ အဲဒီတုန်းက Book of Mormon ဆိုတဲ့ ဘိုင်ဘယ် တမျိုးပေါ့၊ ရက်ဒ် အင်ဒီးယန်းတွေ ဆီက တွေ့တယ်လို့ ပြောတယ်၊ အဲဒါ သူတို့ ကျင့်စဉ် ကျင့်နည်းက မှန်တယ်ပေါ့ဗျာ၊ ဒါက ယုံကြည်မှု ပေါ့နော်၊ အဲဒါကြောင့် သူလာတာတဲ့။ အဖမ်းခံရလည်း အကြောင်း မဟုတ်ဘူး။ အနောက်မှာလည်း Backing မရှိပါဘူး တဲ့။ Finicial Backing ရော Political Backing ရောပေါ့။ ရိုးရိုးသားသား လေးပဲ ပြောပါတယ်။

မေး။ ။ အမျိုးသမီး ဝတ်စုံ အကြောင်းရော မစ္စတာ ယက်ထောက ပြောသေးလား။

ဖြေ။ ။ အဲဒါကတော့ Assassinators တွေ လာရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Identity ကို Disguise လုပ်တာ။ ဒေါ်အောင်ဆန်း စုကြည်ကလည်း ယုံတယ် မယုံတယ် ဘယ်ပြောမလဲ၊ သူကလည်း ခေါင်းဆောင် တယောက်ပဲ။ ကမ္ဘာ့ အဆင့်မီပဲ။ အဲဒါ ထားခဲ့တယ် ပေါ့နော်။ ဒါလည်း သူ့ရဲ့ ယုံကြည်မှုပဲ။ စိတ်ကူး ယဉ်တဲ့ သဘောပေါ့၊ ကျနော်တို့ကတော့ အမှုသည်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရမှာပဲ။

မေး။ ။ အဲဒီဝတ်စုံက အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ ဝတ်တဲ့ ဝတ်စုံလို့ ပြောတာတွေလည်း ရှိတယ်။

ဖြေ။ ။ သူပြောတာက သူထွင်ထားတာပေါ့နော်၊ အဲဒါဝတ်ရင် လွတ်မယ်၊ ခြုံထည် ဝတ်လိုက်မယ်၊ ခေါင်းမှာ စွပ်လိုက်မယ်၊ နေကာမျက်မှန် တပ်လိုက်မယ်၊ လုပ်ကြံ ခံရရင် လွတ်သွားမယ် ဆိုတဲ့ စိတ်ကူးပေါ့နော်။ အစ္စလာမ် ဘာသာဝင်တွေ လိုလည်း မဟုတ်ဘူး၊ Bible (ခရစ်ယာန်ကျမ်းစာအုပ်) ထဲကလိုလည်း မဟုတ်ဘူး၊ ထွင်ထားတာပေါ့နော်၊ လွတ်ရာ လွတ်ကြောင်းပေါ့။ သူကတော့ တကယ့်ကို လုပ်ကြံ ခံရမယ်ပေါ့လေ။ ဒါက အမှုမှတ်တမ်း အရပေါ့၊ ကျနော်တို့က ဒီမှတ်တမ်းကို ကျော်လို့မှ မရတာ၊ ကျနော်တို့ ဓမ္မဓိဌာန် ကျကျ လုပ်ရမှာပေါ့၊ တရားရုံးကို တင်ပြရမှာပေါ့နော်၊

မေး။ ။ မစ္စတာယက်ထောရဲ့အမှုကို လိုက်ပေးဖို့ ဘယ်သူက ဆက်သွယ် ကမ်းလှမ်းတာလဲ။

ဖြေ။ ။ Refer လုပ်တဲ့လူ ညွှန်းတဲ့သူကိုတော့ ကျနော် မသိဘူး။ ကျနော်ကတော့ အရင်ကလည်း နိုင်ငံခြားသား အမှုတွေ လိုက်တယ်လေ။ ကျနော်လည်း အရင်တုန်းက Judge (တရားသူကြီး)ပါပဲ။ ဘယ်သူ Refer လုပ်လဲတော့မသိဘူး၊ အမေရိကန် တွေက ဒါရိုက် ဆက်သွားတာပဲ၊ သံရုံးကပဲလေ။ Refer လုပ်တာကိုတော့ ကျနော် မသိပါဘူး။

မေး။ ။ တချို့ကလည်း အစိုးရ ငှားပေးတာလို့ ပြောကြလို့။

ဖြေ။ ။ မဟုတ်ပါဘူး၊ ညွှန်းတဲ့သူတော့ သေချာ မသိဘူး။ အဲဒီလို ညွှန်းလေ့ ရှိကြတာပဲ။ ကျနော်က အရင်ကလည်း နိုင်ငံခြားသား အမှုတွေ လိုက်ဖူးတာကိုး၊ ကျနော်တို့က ဆန္ဒ ၊ ဒေါသ ၊ ဘယာ ၊ မောဟ ကင်းအောင် လုပ်ရမှာကိုး၊ အဲဒီလို လုပ်ဆောင် ရတာပါ။ ။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့