Friday, August 21, 2009

မြန်မာ့တပ်မတော် သံယောဇဉ်

ဗိုလ်ထွန်းလှ
Thursday, 20 August 2009

၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ကြရန် စီစဉ်ပြီးသား ဖြစ်နေ လင့်ကစား ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် သူ တွေ့ဆုံ စကားပြောလိုသော ပုဂ္ဂိုလ်တစ်ဦး ကျန်နေသေးသောကြောင့် ဇန်န၀ါရီလ ၃၀ရက်နေ့မှာပင် တွေ့ဆုံနိုင်ရန် အစီအစဉ် ပြုလုပ် ခိုင်းပါသည်။ သူတွေ့ဆုံလိုသော ပုဂ္ဂိုလ်ကား “အာ-အေ-အက်ဖ်” ခေါ် ဘုရင့်လေ တပ်မတော် လေတပ်ဗိုလ်ချုပ်ကြီး “လော့ဒ်တက်ဒါ”ပင်ဖြစ်သည်။

ထိုပုဂ္ဂိုလ်နှင့် နေ့လယ်စာစားပြီးချိန် တွေ့ဆုံဆွေးနွေးရန် စီစဉ်ကြရာ အဆင်ပြေ သဖြင့် တရုတ် သံအမတ်ကြီး၏ ဧည့်ခံပွဲအပြီး မွန်းလွဲ သုံးနာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း သည် လေတပ်ဗိုလ်ချုပ်ကြီး “လော့ဒ်တက်ဒါ” အား ၎င်း၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံပါသည်။

“လော့ဒ်တက်ဒါ” ၏ ရာထူးအဆင့်မှာ ကက်ဘိနက်အဖွဲ့တွင် ၀န်ကြီးအဆင့်ရှိပြီး အင်္ဂလိပ် ဘာသာအားဖြင့် (Marshal of the R.A.F) ဘုရင့် လေတပ်မတော်၏ သေနာပတိ ဟု ခေါ်သည်။ “လော့ဒ်တက်ဒါ” သည် ဗိုလ်ချုပ်အောင်ဆန်း ရောက်သွားသွားချင်း လှိုက်လှဲစွာ ခရီးဦးကြို နှုတ်ဆက်ပြီးနောက် နေရာထိုင်ခင်း ပေးကာ ရင်းရင်းနှီးနှီးပင် စကားပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းက ဇန်န၀ါရီလ ၂၁ ရက်နေ့က “ပက်ဆင်ဟန်” အရပ်ရှိ အင်ပိုင်ယာ လေကြောင်း အတတ်သင် ကျောင်းသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ရာတွင် အလွန်စိတ် ၀င်စားခဲ့ကြောင်း၊ နောက်ဆုံးပေါ် တိုက်လေယာဉ်များ၏ စွမ်းပကားကိုလည်း မြင်ခဲ့ရ၍ ချီးကျူးမိကြောင်း အစရှိကာ မိမိတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးလျှင် ခေတ်မီ လေတပ်ကြီး ရှိလာအောင် ကြိုးစား ထူထောင်ရန် ရည်ရွယ်ပါကြောင်း စသည်ဖြင့် ပြောပါ သည်။

ထို့ပြင် “လော့ဒ်တက်ဒါ” က မေးသဖြင့် ဗိုလ်ချုပ်က သူကိုယ်တိုင် ဒုတိယ ကမ္ဘာစစ်ပွဲကို လေ့လာခဲ့ရာ၌ စစ်၏ အနိုင်အရှုံးကို လေတပ် အင်အားက အဆုံးအဖြတ် ပေးသွားသည်ဟု မိမိအနေဖြင့် ကောက်ချက် ချမိကြောင်း ပြန်ပြောလိုက်ပါသည်။

ထို့နောက် ဗိုလ်ချုပ်နှစ်ဦးသည် လေတပ်ဖွဲ့စည်းပုံအကြောင်း၊ လေတပ်တွင် ဗုံးကြဲ လေယာဉ်နှင့် တိုက်လေယာဉ် အမျိုးအစားနှင့် အချိုးအစား ပါဝင်မှု မည်ကဲ့သို့ သတ်မှတ်ခြင်းသည် အကောင်းဆုံး ဖြစ်မဖြစ် ဆွေးနွေး ညှိနိုင်းကြကြောင်း စသဖြင့် အပြန်အလှန် ပွင့်လင်း ရင်းနှီးစွာ ဆွေးနွေးကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းလည်း ညနေ လေးနာရီခွဲတွင် ဒေါ်ချက်စတာ ဟိုတယ်သို့ ပြန်လာခဲ့ပါသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းက အထက်ပါခရီးစဉ်သာမက စည်းဝေး ညှိနှိုင်းရန်လည်း မရှိသဖြင့် ကြားဖြတ် အစီအစဉ်အဖြစ် ဗြိတိသျှ ဘုရင့်လေတပ်၏ စွမ်းပကားကို အသေးစိတ် ထပ်မံသိရှိလို၍ ဗဟိုလေကြောင်း အတတ်သင် ကျောင်းသို့ သွားရောက်ပြီး အောက်ခြေ လေတပ် လေ့ကျင့်ပုံ အထူးသဖြင့် “လေသူရဲ” များက“မီတီယော်” အမည်ရှိ တိုက်လေယာဉ်ဖြင့် လက်တွေ့ လေ့ကျင့်နေပုံ တို့ကို စိတ်ပါဝင်စားစွာ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်တွင်ကား ဘိလပ်အစိုးရနှင့် ဆွေးနွေးပွဲ မရှိသည့်ပြင် မြန်မာကိုယ်စားလှယ် အဖွဲ့အနေဖြင့် စည်းဝေး ညှိနှိုင်းရန်လည်း မရှိသဖြင့် အားလပ် နေကြပါသည်။ မြန်မာ ခေါင်းဆောင်များသည် လူစုခွဲ၍ လေ့လာရေး ထွက်ကြရာ ဗိုလ်ချုပ် အောင်ဆန်းသည် လန်ဒန်မြို့ အနောက်ဘက် မိုင် ၉၀ ခန့် ကွာဝေးသော “ပတ်ဆင်ဟန်” အရပ်ရှိ ဗြိတိသျှ အင်ပါယာ ဗဟိုလေကြောင်း အတတ်သင် ကျောင်းသို့ သွားရောက် လေ့လာ ခဲ့ပါသည်။

အဆိုပါလေ့လာရေးအတွက် “ အာ-အေ-အက်ဖ်” ခေါ် ဗြိတိသျှ ဘုရင့်လေတပ် ဦးစီးဌာနချုပ်မှ စီစဉ်ပေး ပါသည်။ ဗိုလ်ချုပ်အား လိုက်လံ ပြသရန်အတွက် လေတပ် အရာရှိနှစ်ဦးကို တာဝန်ပေးသည့် အတိုင်း ထိုအရာရှိ နှစ်ဦးက “ဒေါ်ချက်စတာ” ဟိုတယ်သို့ လာရောက် ကြိုဆိုကြပါသည်။

မိုင် (၉၀)ကွာဝေးသော “ပတ်ဆင်ဟန်” သို့ သွားရောက်ရာတွင် လန်ဒန်မြို့ နာမည်ကျော် “ပက်ဒင်တန်” ဘူတာမှ မီးရထားဖြင့် သွားရပါသည်။ လေတပ်အရာရှိ များက ဗိုလ်ချုပ်အောင်ဆန်းအား ပထမတန်း (အထက်တန်း) တွဲတစ်တွဲတွင် စီးနင်းလိုက်ပါရန် စီစဉ်ပေးပါသည်။ ဒီရထားတွဲက ဖတ်စ်ကလပ်စ် ပထမတန်းသာ ဆိုတယ် ဘာမှလည်း ထူးထူးခြားခြား မကောင်းပါလားကွ၊ ညစ်ပတ် တာကလည်း တို့ဗမာပြည်က ရထားတွဲတွေနဲ့ မထူးပါဘူး။ စစ်ပြီးခါစ ခေတ်မို့ သူတို့လည်း ကောင်းကောင်း မပြုပြင်နိုင်ဘူးနဲ့ တူတယ်” ဗိုလ်ချုပ်က လေတပ် အရာရှိများ နားမလည်အောင် ကျွန်တော့်ဘက်သို့ လှည့်၍ ခပ်တိုးတိုး မှတ်ချက်ချပါသည်။

သို့သော် မိနစ်လေးဆယ်ခန့်ကြာ၍ လန်ဒန်မြို့ပြင်ဘက် အင်္ဂလိပ် ကျေးလက်ရှုခင်း များဆီသို့ ရထားကြီး ရောက်သွားသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စိတ်ကြည်လင် လာဟန်ဖြင့် ပြတင်းမှ ငေးမျှော် ကြည့်နေပါသည်။ အင်္ဂလန်နိုင်ငံ၏ ကျေးလက်ဒေသ ရှုခင်းမှာ ဟင်းသီး ဟင်းရွက် ခင်းကြီးများနှင့် သေသပ်သန့်ရှင်းသော လူနေအိမ်ငယ် များဖြင့် ပြီး၍ မျက်စိအာရုံတွင် ကြည်လင် ကြည်နူးဖွယ် ကောင်းနေပါသည်။

မီးရထားခုတ်မောင်းသွားသည့် မိုင်နှုန်းက လျင်မြန်လှသဖြင့် မကြာမီပင် “ပတ်ဆင်ဟန်” ဘူတာသို့ ဆိုက်ရောက် သွားကြရာ လန်ဒန်မှ ကြိုတင် အကြောင်းကြား ထားသည့်အတိုင်း ဗဟိုလေကြောင်း အတတ်သင် ကျောင်းမှ ကျောင်းအုပ် (တပ်မှူးကြီး) နှင့် အရာရှိများ လာရောက် ကြိုဆိုနေကြပါသည်။ ဘူတာရုံမှတဆင့် သင်တန်းကျောင်းနှင့် လေယာဉ်ကွင်း ရှိရာသို့ နှစ်မိုင်ခန့်ခရီးကို မော်တော်ကားဖြင့် ဆက်လက် သွားကြရပါသည်။

အင်ပါယာ ဗဟိုလေကြောင်း အတတ်သင်ကျောင်းမှာ ဗြိတိသျှအင်ပါယာ တစ်ဝန်းလုံးတွင် အကြီးဆုံး အဆင့်အတန်း အမြင့်ဆုံး လေကြောင်း ပညာသင် ကျောင်းကြီး ဖြစ်ပါသည်။ လေကြောင်း အတတ်ပညာ ဆိုင်ရာ စက်ကိရိယာ ယန္တရားများနှင့် လေယာဉ် အမျိုးအစားတွေက ခေတ်မီ စုံလင်လှပါသည်။ ကျောင်းအုပ် (တပ်မှူးကြီး)၏ ပြောပြချက် အရ ထိုကျောင်းသို့ ဗြိတိသျှ အင်ပါယာအတွင်း နိုင်ငံများ (ယခုဓနသဟာယ နိုင်ငံများ) မှ အထက်တန်း လေတပ်အရာရှိများ တက်ရောက် သင်ကြားရသည်ဟု သိရပါသည်။ အဆင့်မြင့်ဆုံး လေကြောင်းပညာများ သင်ကြား ပို့ချပေးသည့် ကျောင်းပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ရောက်သွားချိန်တွင်မူ ဗြိတိသျှအင်ပါယာ နိုင်ငံများမှ သင်တန်းသားများ အပြင် အမေရိကန် ပြင်သစ်နှင့် တရုတ်လေတပ်မှ အရာရှိ အချို့ကိုပါ တွေ့ရသဖြင့် မေးမြန်းကြည့်ရာ ဗြိတိသျှ လေကြောင်းပညာ အဆင့်အတန်း မြင့်မား၍ မိတ်ဆွေ နိုင်ငံများ အနေဖြင့် အထူးအစီအစဉ် ပြုလုပ်ကာ လာရောက် သင်ကြားနေကြခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုနေ့က ဗဟိုလေကြောင်း အတတ်သင် ကျောင်းမှ လက်ရွေးစင် လေသူရဲများက“မီတီယော်” အမည်ရှိ တိုက်လေယာဉ်ဖြင့် တစ်နာရီလျှင် မိုင် ၆၀၀ နှုန်း ပျံသန်းရင်း ကောင်းကင်တွင် အတိမ်းအရှောင် အဆင်းအတက် စစ်ရေး လှုပ်ရှားမှုများကို ကျွမ်းကျင်စွာ ပြသည်ကို ဗိုလ်ချုပ်သည် အထူးစိတ်ဝင်စားစွာ လေ့လာကြည့်ရှုပါသည်။

“အင်း… တစ်နေ့ကျရင် လွတ်လပ်တဲ့ ငါတို့မြန်မာပြည်က လေတပ်မှာလည်း ဒီလိုခေတ်မီတဲ့ လေယာဉ်တွေ ရှိလာရမှာပေါ့ကွာ” ဟု ဗိုလ်ချုပ်က ကျွန်တော့်ကို ထိုနေ့က ပြောခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် အတွင်းက မဟာမိတ် နိုင်ငံများက နာဇီနှင့် ဖက်ဆစ် ရန်သူများကို ချေမှုန်းနိုင်ခဲ့ရာတွင် မဟာမိတ်တို့၏ လေတပ်အင်အား သာလွန်မှုက အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု သုံးသပ်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံတော် ကာကွယ်ရေး အတွက် ခေတ်မီပြီး တိုက်အား ထက်မြက်သော “လေတပ်မတော်ကြီး” ဖြစ်အောင် တည်ဆောက်ရန် ရည်မှန်းချက် ရှိသဖြင့် အထက်ပါအတိုင်း မှတ်ချက် ချခဲ့ခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် သင်တန်းကျောင်းကြီး၌ ဌာနခွဲ အသီးသီးသို့ အချိန်ယူ လေ့လာကြည့် ရှုခဲ့ရာ လေကြောင်း ပျံသန်းမှုအတွက် မိုးလေ၀သ ရာသီဥတု ခန့်မှန်း တိုင်းထွာရေး ဌာနနှင့် ရေဒီယို အဆက်အသွယ် ဌာနများကိုလည်း အသေးစိတ် လေ့လာခဲ့ပါသည်။ တစ်နေကုန်နီးပါး အချိန်ကုန်ခံ ကြည့်ရှုပြီးနောက် မွန်းလွဲ ၃ နာရီခွဲကျော်မှပင် လန်ဒန်မြို့သို့ ပြန်လာခဲ့ပါသည်။

Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့