Tuesday, August 18, 2009

လွတ်တော်အမတ် Webb ပြောဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

၂၀၀၉ - ၀၈ - ၁၇

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတချို့ ဖယ်ရှားပေးရေးကို ဒေါ်အောင်ဆန်းစုကြည်က သဘော တူလိမ့်မယ်လို့ ယူဆကြောင်း အမေရိကန် အထက်လွတ်တော် အမတ် Jim Webb ရဲ့ ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို လိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွတ်တော် အမတ် Mr. Jim Webb တို့
အစိုးရ ဧည့်ဂေဟာတွင်၂၀၀၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အထက် လွတ်တော်အမတ် Jin Webb တွေ့ဆုံစဉ် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ပိတ်ဆို့ ဒဏ်ခတ် အရေးယူနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးချက်တွေ ပေါ်ကနေ သုံးသပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု တချို့ ပယ်ဖျက်ရေး ကိစ္စကို မကန့်ကွက်ဘူးလို့ မိမိ ယူဆကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Mr. Jim Webb ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ပါတီ ပြောခွင့်ရှိ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို မေးမြန်းကြည့်တဲ့ အခါမှာ Mr. Jim Webb ရဲ့ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည် က ငြင်းဆို လိုက်တယ်လို့ အခုလို ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ “ လုံးဝ လုံးဝ အဲဒီလို Sanction lift လုပ်ဖို့ ဘာညာ သူမပြောဘူးတဲ့။ သူပြောခဲ့တာက Sanction နဲ့ ပတ်သက်လို့ ရှိရင် သူဟာ Sanction တွေ lift လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်၊ ပူးပေါင်း ဆောင်ရွက်ချင်တယ် ဆိုတာ အစိုးရကို အဆို ပြုဖူးတယ်တဲ့။ အစိုးရ ဘက်ကသာ ဘာမှ မလုပ်တာတဲ့၊ အဲဒီလို ပြောတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Jim Webb တွေ့ဆုံစဉ် Mr. Jim Webb က မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်အရေးယူ မှုတွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားအောင် ဆွေးနွေး အကြံပြုတယ်လို့ ဆိုပါတယ်။

ဦးဉာဏ်ဝင်း။ ။ “နောက် Interaction နဲ့ ပတ်သက်ပြီးတော့ အနောက်နိုင်ငံတွေနဲ့ Interaction လုပ်ဖို့ သူက အကြံ ပြုတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြန်ပြောတယ်၊ Interaction ဆိုတာ အနောက်နိုင်ငံနဲ့ မလုပ်ခင် ပြည်တွင်းမှာ အရင် လုပ်ရမှာတဲ့။ ပြည်တွင်းမှာ Interaction မရှိပဲနဲ့ အနောက်နိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုး မရှိနိုင်ဘူးလို့ သူရှင်းပြ ခဲ့တယ်တဲ့”

စီးပွားရေး ပိတ်ဆို့တာတွေ ရပ်တန့်သွားအောင် တွေ့ဆုံ ညှိနှိုင်းဖို့ Mr. Jim Webb က အကြံပြုတာကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာလို့ ဆိုပါတယ်။ Mr. Jim Webb ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ရွေးကောက်ပွဲ ဝင်ရေးကိစ္စ အပြင် မြန်မာနိုင်ငံအရေး အပေါ် တရုတ်နိုင်ငံရဲ့ ပါဝင် ပါတ်သက်မှုတွေ အလွန်အကျွံ ဖြစ်နေတာကိုလည်း ပြောဆိုပါတယ်။ ဒီကိစ္စအပေါ် Mr. Webb ပြောဆို သုံးနှုန်းသွားတဲ့ စကားလုံး အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည်က မနှစ်သက်ကြောင်း ပြောပြတယ်လို့ ဆိုပါတယ်။

ဦးဉာဏ်ဝင်း။ ။ “နောက်သူကပြောတယ်တဲ့။ သူ့အနေနဲ့တော့ ဒီစကားလုံးလည်း မကြိုက်ဘူး၊ China ကိုလည်း အိမ်နီးနားချင်း၊ မိတ်ကောင်း ဆွေကောင်း သဘောပဲ သူသဘောထားတဲ့ အကြောင်း သူရှင်းပြခဲ့တယ်တဲ့”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အသံဖိုင်

Ref: RFA News

0 comments:

အပေါ်သို့