Monday, August 3, 2009

နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ

မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)

၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။ သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။

ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့် ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ် ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန် ကောင်းပါသည်။ ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ရေခံ မြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု လောက်တော့ ၀ယ်နိုင်ကြပါသည်။

ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ မည်သည့် နိုင်ငံမှန်း မသိရသေးခင် ကတည်းက ၀မ်းသာခဲ့ရသည်။ ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။ ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ် ပါသည်။ အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။ ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။

ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ ၀င်းပ နေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။ ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီး မောင်အေး အမှူးပြုသော လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…” ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာ ကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့် တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ ပြောကာ ချွေးသိပ်လိုက်ပါသည်။

ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့် ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့် ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။

ကျန်ရှိနေသည့် ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊ တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်း ပြောကြပါတော့သည်။ ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း အောက်တန်းကျလှသည်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့် ၀ယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန် ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ အားလုံး သိကြပါသည်။

ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။ ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။

နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။ အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည် အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင် ၄င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့ သဘောပေါက်မိခဲ့ကြပါသည်။ ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိခဲ့ကြပါသည်။

မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။ ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။ မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။

အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက် ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ ဖြစ်ကြရသည်။ အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင် ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။ (ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)

ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။ ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။

ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊ ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။ ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထား ပါသည်။ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။ ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။ (ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။ သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားသည်။

ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့် မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင် ကျောင်းတက် နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင် လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့် အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။) ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။

ထို့ကြောင့် မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။

ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။ နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့် ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ် လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊ ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။ တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။

ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင် ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ ပေးရတာမျိုးပါ။ အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန် မပြောနှင့်။ ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။

သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့ ပြန်ကြပါသည်။ မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊ ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။

သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး အနားပေးခံရပြီးပါပြီး။ ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။ သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူးပါသည်။ မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင် ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကိုပိုက်ကာ လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှ ဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့ များသို့ သွားရန် ကြိုးစားနေကြသည်။ ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့ အရည်အချင်းနဲ့ နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။ ဟုတ်ကဲ့။ ဖြစ်နိုင် လောက်ပါသည်။

စာသင်ချိန်တွင် ရုရှားကျောင်းသားများလို ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့် ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။ ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသော ပညာရှင်များနှင့် ထုတ်လုပ်ရန် စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။

Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့