Monday, August 3, 2009

ဗိုလ်ထက်မင်း၏ ခေတ်ပြိုင် ဆောင်းပါးများ ပေါင်းချုပ်



နအဖရဲ့ ရုပ်သေးဝန်ကြီးချုပ် (၃) ရုပ်


ဗိုလ်ထက်မင်း

မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေဟာ အကြီးအကျယ် လာဘ်စားမှုတွေနဲ့ အဘက်ဘက်က ယိုယွင်း ပျက်စီးနေပြီးတော့ စီမံကိန်းတွေလည်း မအောင်မြင် ကြတာကိုတွေ့နေရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ အချုပ်ြဖစ်တဲ့ ၀န်ကြီးချူပ် ဆိုသူတွေဟာလည်း ဗိုလ်သန်းရွှေကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်နေပြီး တိုင်းပြည်ကောင်းရာကောင်းကြောင်းကို မလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလမှာ ဒီပဲယင်း အရေးအခင်းကြောင့် ဗိုလ်သန်းရွှေဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပခါနီး ဖြစ်တာမို့ ဂျပန်နိုင်ငံ အပါအ၀င် အိမ်နီးချင်း အာဆီယံနိုင်ငံများက ဒီပဲယင်းကိစ္စကို မေးမြန်းတော့မှာဖြစ်လို့ ထိပ်တိုက် တွေ့မယ့် အနေအထား ရှိနေပါတယ်။ ဗိုလ်သန်းရွှေဟာ နိုင်ငံရေး ကစားကွက် ရွှေ့လိုက်ပြီး ဗိုလ်ခင်ညွှန့်ကို ၀န်ကြီးချုပ်ရာထူး တိုးမြှင့်ပေး လိုက်ပါတယ်။ ဗိုလ်ခင်ညွှန့်က ၀န်ကြီးချုပ် ရာထူးယူမယ်ဆိုရင် သူ့ရဲ့ အနေအထား ပျက်ယွင်းမှာ၊ ထိခိုက်သွားမှာ စိုးရိမ်ပြီး တောင်းဆိုချက်များ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအဖြစ်မှ တပ်မတော်ထောက်လှမ်းရေး မှူးချုပ်ရုံးသို့ ဖွဲ့စည်းပုံအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်နဲ့ ၀န်ကြီးချုပ်ကို ၄င်းရုံးအား တွဲဘက်ကိုင်တွယ်ခွင့် တောင်းဆို ခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ခင်ညွှန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ် ကျော်သိန်းအပါအ၀င် ထောက်လှမ်းရေး အရာရှိများကို ဖွဲ့စည်းပုံ အသစ်ဖြစ်တဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ပြန်လည်ခေါ်ယူ သွားမှာဖြစ်ပြီး သူတို့ရဲ့ မဟာဗျူဟာ လေ့လာရေး ဌာနကြီးကိုတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်လက်အောက်သို့ ပြောင်းလဲထားရှိမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဗိုလ်မောင်အေးက အပြင်းအထန် ဆန့်ကျင်ခဲ့ပါတယ်။

နိုင်ငံတကာရှိ မည်သည့်စစ်တပ်ဖွဲ့စည်းပုံ (War Establishment) မဆို ၀န်ကြီးချုပ်နဲ့ ထောက်လှမ်းရေး တွဲကိုင်ထားတာမျိုး မရှိကြောင်း ထောက်ပြကာ အထက်ပါပြောင်းလဲမည့် အစီအစဉ်အား ဗိုလ်မောင်အေးက ဆန့်ကျင်ခဲ့ခြင်း ဖြစ်ပါတယ်။ဗိုလ်သန်းရွှေက သူ့ရဲ့ ထွက်ပေါက်အတွက် ဗိုလ်ခင်ညွှန့်ရဲ့ တောင်းဆိုချက် တွေကို လိုက်လျောပေးခဲ့ပြီး နောက်ထပ်တောင်းဆိုမှုတခုဖြစ်တဲ့ လမ်းပြမြေပုံ (၇) ချက် ချပြရေးကိုလည်း ခွင့်ပြုပေးခဲ့ပြန်ပါတယ်။ ရုတ်တရက်ကြည့်ပါက ဟန်ကျသလိုရှိပေမယ့် မကြာခင် ရုပ်သေးဝန်ကြီးချုပ် ဖြစ်လာပြီ ဆိုတာ ဗိုလ်ခင်ညွှန့်ဟာ ရိပ်မိလာပါတယ်။

ဘာလို့လဲဆိုတော့ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူး (၁) ဗိုလ်စိုးဝင်း၊ အတွင်းရေးမှူး (၂) ဗိုလ်သိန်းစိန်တို့ (၂) ဦးနှင့်အတူ ၀န်ကြီးဌာနတွေကို ကွင်းဆင်းလှည့်လည်ကြည့်ရှု စစ်ဆေးခိုင်းလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ခင်ညွှန့်က အစိုးရအဖွဲ့ အစည်းအဝေးတခုမှာ သူ့ဝန်ကြီးတွေကို “အစည်းအဝေး (၂) ကြိမ်၊ (၃) ကြိမ် လုပ်ပြီးရင် မင်းကိုပဲ ဆက်လွှဲပေးမှာပါလို့” တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးက သူ့ကိုနှစ်သိမ့် စကားပြောခဲ့ကြောင်း ငြီးတွား ပြောဆိုခဲ့ပါတယ်။ သဘောကတော့ တိုင်းပြည် အုပ်ချုပ်ရေး အပိုင်းမှာ ဗိုလ်ခင်ညွှန့်ကို လုပ်ပိုင်ခွင့် အပြည့်ပေးတော့မယ်လို့ ဗိုလ်ချုပ်မှူးကြီး ပြောတာကို ဗိုလ်ခင်ညွှန့်က မယုံကြည်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ထို့နောက် ဒုတိယ မြောက်ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်စိုးဝင်းကျတော့ မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံကိုလည်ပတ်ဖို့ ဖိတ်ကြားခဲ့ ပါတယ်။ မြန်မာပြည်ပြန်ရောက်တော့ ဗိုလ်သန်းရွှေက ဒီလိုဖိတ်ကြားခဲ့တာကို ဆူပူကြိမ်းမောင်း တာမို့ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးခမျာ မြန်မာနိုင်ငံ ၀င်မယ့်အရေး ဆန့်ငင် ဆန့်ငင်ဖြစ်နေလို့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ အတုံးလိုက် အတစ်လိုက် ကျဆင်းသွားခဲ့ရပါတယ်။

ဒီလို ဗိုလ်သန်းရွှေရဲ့ မတရားကြိုးကိုင် ၀င်ရောက်စွက်ဖက်မှုတွေကြောင့် လက်ရှိ ၀န်ကြီးချုပ်ရာ ထူးရတဲ့သူတွေဟာ နိုင်ငံတကာမှာ မျက်နှာပျက် ရမယ့်ကိန်း ဆိုက်နေပါတယ်။ နောက်ပိုင်း ၀န်ကြီးချုပ် တွေဖြစ်လာတဲ့ ဗိုလ်စိုးဝင်းနဲ့ ဗိုလ်သိန်းစိန်တို့အနေနဲ့ မူလက တွဲကိုင်ထားတဲ့ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်နဲ့ စစ်ရေးချုပ် အကြီးအကဲရာထူးများကို ဆက်လက်ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွှန့်လို အခွင့်အရေး မရတော့ဘဲ နောက်တက် လာတဲ့ အရာရှိများကိုသာ လွှဲပြောင်းပေးလိုက်ရတာကြောင့် တပ်မဲ့ဗိုလ်ဘ၀နဲ့ ၀န်ကြီးချုပ် ရုံးအဖွဲ့ကိုသာ မှီခိုနေရပါတော့တယ်။

တတိယမြောက် ၀န်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်သိန်းစိန်ကတော့ နအဖရဲ့ သြဇာအာဏာ စီနီယာ အဆင့်အလိုက်မှာ ယခင်ဗိုလ်ခင်ညွှန့် လက်ထက်က ၀န်ကြီးချုပ် အဆင့်ဆိုရင် နံပါတ် (၂) နေရာမှာ ရှိနေရာက သူ့အလှည့်ကျတော့ ဗိုလ်မောင်အေးနဲ့ ဗိုလ်ရွှေမန်းရှိနေကြတဲ့အတွက် အလိုအလျောက် အဆင့် နံပါတ်(၄) သို့ ကျဆင်းသွားခဲ့ပါတယ်။ သူလည်းပဲ ကလေးစစ်သား မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတဲ့ အကြောင်း အမှန်အတိုင်း ၀န်ခံခဲ့ပြီးမှ ဗိုလ်သန်းရွှေရဲ့ ဆူပူမှုကိုခံရလို့ ပြန်လည်ငြင်းဆန်ခဲ့ရ ပါတယ်။

နာဂစ်မုန်တိုင်း ၀င်နေချိန်မှာဖြစ်ဖြစ်၊ ၀င်ပြီးကာစဖြစ်ဖြစ်၊ ၀န်ကြီးချုပ်ဗိုလ်သိန်းစိန်အနေနဲ့ ချက်ချင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ကြောင်း သိပေမယ့် နအဖရဲ့အခြေခံဥပဒေ ဆန္ဒခံယူပွဲပျက်မှာ ကို စိတ်ပူနေတဲ့ ဗိုလ်သန်းရွှေကို မပြောရဲတဲ့ ဘ၀ ရောက်သွားခဲ့ရပါတယ်။ နိုင်ငံတကာက တရုတ် ၀န်ကြီးချုပ်နဲ့ နှိုင်းယှဉ်ဝေဖန်ခံရလို့ မုန်တိုင်း ကယ်ဆယ်ရေးမှာ ကိုယ်တိုင်ပစ္စည်းတွေကို ထမ်းပိုးပေးရတဲ့ ကူလီထမ်းဘ၀ အနေအထားထိ ရောက်သွားတဲ့ ရုပ်သေးဝန်ကြီးချုပ် ဗိုလ်သိန်းစိန်ရဲ့ အနေအထားဟာ မသက်သာလှတာကို တွေ့ ရပါတယ်။အာဆီယံထိပ်သီး ညီလာခံတွေမှာ နိုင်ငံ အကြီးအကဲအဖြစ် တက်ရောက်သူများဟာ အနည်းဆုံး နိုင်ငံရဲ့ သြဇာအာဏာ အဆင့်(၂) ရှိသူတွေသာ တက်ရောက် ကြတာမို့ မြန်မာနိုင်ငံအနေနဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင် တက်ရောက်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံက မေတ္တာရပ်ခံခဲ့ ပေမယ့်လည်း ခေါင်းရှောင်ချင်တဲ့ ဗိုလ်သန်းရွှေရဲ့ သဘောသရုပ်ကြောင့် လက်လျှော့ခဲ့ရတဲ့သာဓကရှိပါတယ်။ဗိုလ်သန်းရွှေ တာဝန်ပေးခဲ့တဲ့ ၀န်ကြီးချုပ် ရာထူး အဆင့်အတန်းဟာ နိုင်ငံတကာ မည်သည့် အစိုးရဖွဲ့စည်းပုံနဲ့မှ မကိုက်ညီတာကိုလည်း တွေ့ရပါတယ်။

သမ္မတအုပ်ချုပ်တဲ့ သမ္မတနိုင်ငံတွေ ဖြစ်ဖြစ်၊ ၀န်ကြီးချုပ်အုပ်ချုပ်တဲ့ နိုင်ငံတွေကိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံလို မတွေ့ရဘဲ အာဏာရှင်တွေအုပ်ချုပ်တဲ့ မြောက်ကိုးရီးယားနိုင်ငံ၊ ကျူးဘားနိုင်ငံ တွေနဲ့ အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိက၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတွေရဲ့ အာဏာရှင် တွေတောင် နိုင်ငံတကာ ခေါင်းဆောင် တွေကို တွေ့ဆုံ တာဝန်ယူပြီး အထိုက်အလျောက် ဖြေရှင်းပေးနိုင်ခဲ့တာ ရှိပါတယ်။ကွန်မြူနစ်နိုင်ငံကြီး တရုတ်နိုင်ငံ မှာတောင် တိန့်ရှောင်ဖိန်ဟာ စစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ယူခဲ့ပေမယ့် သမ္မတ ကျန်စီမင်းနဲ့ ၀န်ကြီးချုပ် လီပင်းတို့ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးခဲ့တာ တွေ့ရပါ တယ်။

မြန်မာနိုင်ငံ ၀န်ကြီးချုပ်ကတော့ စီးပွားရေးကိုသာ ဦးတည်ပြီး လုပ်ခိုင်းတယ်ဆိုအုံးတော့၊ တကယ် တမ်း စီးပွားရေးကို ဦးမော့လာအောင် လုပ်ရမယ့် နိုင်ငံခြားငွေ FE အမေရိကန်ဒေါ်လာ သုံးစွဲခွင့်နဲ့ တည်ဆောက်ရေး လုပ်ငန်းအတွက် အရေးကြီး ပစ္စည်း၊ သံချောင်းနဲ့ သံမဏိခွဲတမ်းတွေကို ခွဲဝေရာမှာတောင် ၀န်ကြီးချုပ်က လုပ်ပိုင်ခွင့်မရှိဘဲ ဗိုလ်သန်းရွှေကသာ ဥစ္စာချောက်ပြီး ထိန်းချုပ် ထားပြန်ပါတယ်။

စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဆိုတာ ပြည်ပမှာသာမက ပြည်တွင်းမှာပါ ရုပ်သေးရုပ်ဘ၀အဖြစ်နဲ့ “က” နေရတာမျိုး ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ် ဗိုလ်စိုးဝင်း သေဆုံးပြီးတဲ့နောက်မှာ ၀န်ကြီးတွေဟာ ရုပ်သေးဖြစ်နေတဲ့ ၀န်ကြီးချုပ်ဆိုတဲ့ ရာထူးကို ခန့်အပ်ခံရဖို့ ငြင်းဆန် ခဲ့တယ်လို့ သိရှိရပါတယ်။

ဗိုလ်သန်းရွှေဟာ အမိန့်ထုတ်ပြီးတဲ့အခါ ဖြစ်စေ၊ ကတိပေးပြီးတဲ့အခါဖြစ်စေ အင်မတန် ဗလောင်းဗလဲ ဖြစ်နေသူမို့ နိုင်ငံ့ ခေါင်းဆောင်ကောင်း အင်္ဂါရပ်နဲ့ဘဲဖြစ်ဖြစ်၊ စစ်တပ်အကြီးအကဲ အင်္ဂါရပ်နဲ့ ဘဲကြည့်ကြည့် မညီညွတ်တဲ့ ဂုဏ်သိက္ခာမရှိတဲ့သူသာ ဖြစ်နေပါတယ်။

တရုတ်သမ္မတ ကျန်စီမင်း လာရောက်လည်ပတ်ခဲ့စဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း တရုတ်လူမျိုးများ တရုတ်သဘောင်္များနဲ့ မြစ်အတွင်း လှည့်လည် သွားလာခွင့်ပြုဖို့ ဗိုလ်သန်းရွှေက သဘောတူ ကတိပေးခဲ့ရာမှ နောက်နေ့မှာ သဘောမတူခဲ့ပြန်လို့ ဗိုလ်ခင်ညွှန့်က တရုတ်သမ္မတအား ငပလီကို ခေါ်ဆောင်ပြီး ချော့မော့ ဖြေသိမ့်ပေးခဲ့ရပါတယ်။

ပြည်တွင်းရော၊ ပြည်ပမှာပါ ရုပ်သေးရုပ်ဖြစ်နေရတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တွေရဲ့ အနေအထားကြောင့် နိုင်ငံတကာမှပံ့ပိုးပေးမယ့် အခွင့်အလမ်းများ နစ်နာဆုံးရှုံးခဲ့ရတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း အဘက်ဘက်မှ အဖတ်ဆယ်လို့မရအောင် ကျဆင်းနေရပြီဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိကသမိုင်း တရားခံကတော့ ဗိုလ်သန်းရွှေသာ မလွဲဧကန်ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။ ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ဗိုလ်ကတော်များ ဘွဲ့ရရေးမူ

ဗိုလ်ထက်မင်း

တပ်မတော်မှာ လူပျိုအရာရှိတွေအနေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် ပညာတတ် ဘွဲ့ရတဲ့သူ မိန်းကလေး ကိုသာတရားဝင်ခွင့်ပြုမယ်၊ အရာရှိကတော်ဟာ ဘွဲ့ရ ရမယ်ဆိုတဲ့ “မူဝါဒ” ကြောင့် တပ်မတော် အရာရှိများ အတွင်းမှာ ကြီးမားစွာ ဂယက်ရိုက်သွားခဲ့ပါတယ်။ ဒီဂယက်ကြောင့် အိမ်ထောင်ပြုပြီးသား ဘွဲ့မရသေးတဲ့ အရာရှိတွေရဲ့ဇနီးတွေဟာလည်း သောကဗျာပါဒပွားများကာ မိမိရဲ့  ယောကျာင်္း ရာထူး မတက်တော့မှာကို စိုးရိမ်ပူပန်လျက် ရှိနေ ကြပါတယ်။

တပ်မတော်မှာတပ်ရင်းတွေအနေနဲ့  စစ်ဆင်ရေးတွေကို တနှစ်လုံး နီးပါး ခိုင်းစေခံနေရတာမို့ အနည်းဆုံး (၆) လမှတခါတလေ (၁၀) လအထိ ရှေ့တန်းကို ထွက်ရပြီး၊နောက်တန်းနားချိန် တစ်လသာ ရခဲ့တာမျိုး ရှိပါတယ်။ နားရတဲ့တစ်လအတွင်းမှာ လည်း အရာရှိတွေဟာ တပ်ကို ပြန်လည် စုဖွဲ့မှုပြုရ၊ လေ့ကျင့်မှု ပြုရတာတွေနဲ့ အချိန်ကုန် မြန်ပြီး တစ်လပြည့်တာနဲ့ စစ်ဆင်ရေးသံသရာ ပြန်လည် ထွက်သွားရပါတယ်။ ဒါကြောင့် ဘ၀ကြင်ဖော်ကို ရှာဖို့ အခွင့်အရေး စိတ်ကြိုက် မရခဲ့တာမျိုးလည်းရှိပါတယ်။

“နဖူးစာ ရွာလည်” ဆိုသလို ရှေ့တန်း စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ ကျေးရွာ နယ်မြေ ကျောင်းဆရာမ၊ သူနာပြုဆရာမများနဲ့ ရွာခံ တိုင်းရင်းသူများကို နီးစပ်မှုအရလက်တွဲဖော် အိမ်ထောင်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ မိန်းကလေးတွေဟာ ဘွဲ့ရပါတယ်ဆိုတာ မရှိသလောက် ရှားပါးပါတယ်။

အရာရှိတွေ အနေနဲ့သင်တန်း တက်ခွင့်ရမှသာ မြို့တက်ရပြီး ကိုယ်နဲ့ လက်တွဲဖို့ ပညာရေး အဆင့်အတန်း မြင့်မားတဲ့ ဆရာဝန် မိန်းကလေးလိုမျိုး၊ ဘွဲ့ရ ပညာတတ်နဲ့ တက္ကသိုလ်နည်းပြ ဆရာမတွေကို အစွမ်းကုန် ပိုးပန်းကြိုးစား ရှာဖွေကြရတာ ဖြစ်ပါတယ်။မိဘများကရှာဖွေပေးခဲ့ရင် ပညာတတ် ဖြစ်နိုင်ပေမဲ့ တချို့ အရာရှိတွေ အနေနဲ့ ကိုယ်ကြိုက်တာကို ယူရာမှာ ပညာရေးကို အဓိက မထားခဲ့တာမျိုးလည်း ရှိပါတယ်။

ဒါတွေကို သိရှိနားလည် လျက်သားနဲ့ ဗိုလ်သန်းရွှေက တပ်မတော် အရာရှိတွေရဲ့  ဇနီးဟာ ဘွဲ့ရမှ ဖြစ်မယ်၊ ဇနီးသည် ဘွဲ့ မရရင် ရာထူးမတိုးပေးဖို့ “မူ” ကိုဇွတ်အတင်း ချမှတ်လာပါတယ်။ “မူ” ချမှတ်ပြီဆိုရင်လည်း မူ” အရ စံပြ လိုက်နာရမဲ့ ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ပါက ဗိုလ်သန်းရွှေအနေနဲ့ ချက်ချင်းနှုတ်ထွက်ရမှာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေရဲ့ ဇနီး မကြိုင်ကြိုင်ဟာ ဘွဲ့မရတဲ့သူ ပညာမတတ်တဲ့ သူဖြစ်နေပါတယ်။ မကြိုင်ကြိုင်ဟာ ရန်ကင်းမြို့နယ် ကရုပ်ရှင်သရုပ်ဆောင် ကြာကူလီ ၀င်းမြင့်၊ သခင် လေးမောင်တို့ နေတဲ့ တိုက်ခန်းအနီးမှာ နေထိုင်ပြီး တင့်ဆန်း ဇာဘော်လီရုံမှာ သွားရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မကြိုင်ကြိုင်ဟာ ကလေး (၂) ဦး မိခင်ဖြစ်ပြီး ယခင် ယောင်္ကျားဟာ အရက်သေစာ သောက်စား အမြဲမူးယစ် နေသူဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဟာ အထက်က ပြောခဲ့သလို ဗဟိုနိုင်ငံရေးတက္ကသိုလ် (မင်္ဂလာဒုံ) မှာ သဘောတရားရေးရာ သင်တန်းတက်နေတုံး ကြင်ဖော်ရှာသလိုလိုနဲ့ မကြိုင်ကြိုင်ထံ ရောက်ရင်း အပျော်ကြံဖို့ပါ စိတ်ကူးခဲ့ ဟန်တူပါတယ်။

မကြိုင်ကြိုင်ကတော့ စက်ချုပ် ကျွမ်းကျင်လှသူ ပီပီ ခြေစင်္ကြာ ဖြန့်လာတဲ့ ဗိုလ်သန်းရွှေရဲ့ ခြေထောက်ကို အပိုင်ဖမ်းကာ ချုပ်လိုက်တာမို့ သူမရဲ့ အရင်ယောင်္ကျားကို လျော်ကြေးပေးကာ ကွာရှင်း ရယူခဲ့သူ ဖြစ်ပါတယ်။ မကြိုင်ကြိုင်ဟာ ဘွဲ့ရဖို့ ဝေးစွ၊ အခြေခံ လူတန်းစား ဖြစ်တာမို့ လက်ရှိ အရာရှိတွေ ပြည်သူတွေကို ကိုယ်ချင်းစာ တရား ထားသင့်လှပါတယ်။ ဒီ မူဝါဒ နဲ့ တိုင်းတာရင်တော့ မြန်မာ အမျိုးသမီး တွေကို ရက်စက်လွန်းရာ ကျကြောင်း ဆက်လက်တင်ပြသွားပါမယ်။

ဒီ “မူ” ထွက်လာခဲ့ပြီး တဲ့နောက်ပိုင်းမှာ အရာရှိတွေဟာ ခြေစင်္ကြာထင်သလို ဖြန့်၊ “အိုင်” တွေ့တိုင်း ခြေဆေးခွင့်တွေကို ပိုမို ရရှိသလို ဖြစ်သွားကြပါတယ်။ သမီးပျိုတွေကို သမီးရည်းစား ထား အပျော် ကြံကာ ၊ အချိန်တန် လို့ဖြစ်ဖြစ်၊ မဖုံးနိုင် မဖိနိုင်လို့ဘဲ ဖြစ်ဖြစ် သမီးပျို မိဘများက တောင်းဆိုလာခဲ့ရင် အရာရှိ ပေါက်စများဟာ “ကျွန်တော်တို့ တပ်ရဲ့  လူကြီးတွေက မိန်းမယူရင် ဘွဲ့ရမှ တရားဝင် ပေးစားမယ်” ဆိုတဲ့ ဆင်ခြေဆင်လက်နဲ့ ရုန်းထွက်ခွင့်ရ ကြတော့တာမို့ သမီးပျိုများခမျာ မျက်ရည်နဲ့ မျက်ခွက် ကြုံတွေ့ကြ ရပါတယ်။

တနည်းအားဖြင့် အရာရှိရဲ့  ဇနီး ဘွဲ့ရမှဆိုတဲ့ “မူ” ဟာ နအဖ ရဲ့  မိန်းကလေးများကို တရားဝင် ဖျက်ဆီးခွင့်လိုင်စင် ထုတ်ပေးလိုက် သလိုမျိုး ဖြစ်နေပါတယ်။ တပ်ရဲ့  ထုံးစံ ဥပဒေသအရ တပ်ကို လက်ထပ်ခွင့် ပုံစံဖြင့် တင်ဖို့ လိုအပ်သလို အနည်းဆုံး တပ်မှူး ဖြစ်သူထံ နှုတ်ဖြင့် ခွင့်တောင်းရမှာ ဖြစ်ပြီး နယ်ဘက်ရှိ တရားရုံး လက်ထပ်စာချုပ်ဖြင့် တရားမ၀င်တာကို နယ်ဘက်တချို့ လူထုက နားမလည် သေးတာကို တွေ့ရပါ တယ်။

ယခင်တုန်းကလည်း စစ်တပ်ရဲ့  အရာရှိတွေဟာ နယ်ဘက်က သမီးပျိုများကို နယ်ဘက် တရားရုံးတွေ မှာ “နှပ်ကြောင်း” ပေးကာဟန်ပြယူပြီး ရှေ့တန်းစစ်ဆင်ရေး အကြောင်းပြချက်နဲ့ မိန်းကလေးကို “ခွာ” ပြေးပါ တော့တယ်။ မိန်းကလေးရှင်များက အရာရှိကို အဆက်အသွယ်မရလို့ တပ်ကို လိုက်လံစုံစမ်းတော့မှ တရားဝင်မိန်းမ ရှိမှန်းသိရလို့ ရင်ကျိုး ရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။

တချို့ တပ်ရေးဗိုလ်ကြီးနဲ့ ရုံးအုပ်တို့ ညံ့ဖျင်းမှုတွေကြောင့် လည်း လက်ထပ်ခွင့် တင်တဲ့အပိုင်းနဲ့ မှတ်တမ်းရုံးက အမိန့် အပိုင်း(၂) ထွက်ဖို့ ကြာနေတာမို့ ခံစားခွင့်ရသင့်လျက်သားနဲ့ တိုက်ပွဲမှာ ကျဆုံး သွားတာမျိုးကြောင့် တရားမ၀င်သေးတဲ့ မိန်းကလေးတွေခမျာ ဆုံးရှုံးနစ်နာ သွားရတာ လည်း ဒုနဲ့ ဒေး ရှိနေကြပါတယ်။

အချုပ်အားဖြင့် စစ်အာဏာရှင်တွေရဲ့  သဘောသရုပ်က အပေါ်တမျိုး ၊အောက် တမျိုး နအဖရဲ့ အချိုး ဆိုတာနဲ့ အညီ မမျှမတဖြစ်နေပြီး ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်သိန်းစိန်ရဲ့  ဇနီး ဟာလည်း ဘွဲ့မရတာမို့ ဒီ “မူ” ထွက်လာ တာနဲ့ မှတ်တမ်းရုံးမှာ သူမ ဘွဲ့မရသေးတာကို ဘွဲ့ရတယ် လို့ ဖိအားပေး အကြပ်ကိုင် အတင်းဇွတ်ပြင် ခိုင်းခဲ့ပါတယ်။

ဒါကြောင့် နအဖရဲ့  အရာရှိ ကတော် ဘွဲ့ရရေး ဆိုတဲ့မူဝါဒဟာ တပ်မတော် အဆင့်အတန်း မြင့်မားရေးလို့ ဟန်ပြကြွေးကြော်နေပေမဲ့ တကယ်တမ်း ကျတော့ မြန်မာပြည်မှာရှိတဲ့ သမီးပျိုတွေကို တရားဝင်ဖျက်ဆီး ခွင့်ပြုခိုင်းတဲ့ အမိန့်သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


လက်ချင်းချိတ်ဖို့ လိုပါပြီ

ဗိုလ်ထက်မင်း

ဗိုလ်သန်းရွှေဟာ တပ်မ (၈၈) တပ်မမှူးအဖြစ် ကျိုင်းတုံမှာ ရှေ့တန်းတာဝန် ထမ်းဆောင်ခဲ့စဉ်ကGolf ရိုက်နည်း ကို ဗိုလ်မှူးဝင်းလှိုင် (ယခု အငြိမ်းစားဗိုလ်ချုပ် ၀င်းလှိုင်) ထံမှ သင်ယူခဲ့ရပြီး စစ်ရေး စစ်ရာမှာလည်း ထက်မြက်ခဲ့သူမဟုတ်ကြောင်း သိရှိရပါတယ်။ ဗိုလ်သင်တန်းကျောင်း၊ ဗိုလ်လောင်း အပတ်စဉ် (၉) မှာ B.C အမှတ် (ကြည်း - ၆၇၁၀) နဲ့ နောက်ဆုံး ဗိုလ်လောင်းအဆင့်ဖြင့် ဆင်းလာ ခဲ့သူတဦးဖြစ်ပါတယ်။ သူနဲ့ တပတ်စဉ်ဆင်းတွေက တန်းစီလိုက်ရင်သူ့နောက်မှာ မြက်ခင်းပြင်သာ ရှိတော့ ကြောင်း နောက်ပြောင် ခဲ့ကြပါတယ်။

ဗကပတိုက်လို့ မိုင်းယောင်းမြို့  ကျခဲ့စဉ်က ချင်း သနက (၃) တပ်ရင်း လက်နက်ခဲယမ်း ဆုံးရှုံးသွား တဲ့အပြင် ရဲမေများ မုဒိမ်းကျင့်ခံရလို့ သူ့မှာ တာဝန်ရှိတာမို့ ဦးနေ၀င်းအား ဖားရပါတော့တယ်။ ဗိုလ်သန်းရွှေ ကျိုင်းတုံမှာ တာဝန်ကျတော့ မှောင်ခိုခေတ်ကောင်းတဲ့ အချိန်ဖြစ်နေလို့ လေယာဉ် လက်မှတ်တွေကို မှောင်ခိုဈေးဖြင့် ရောင်းချခြင်း၊ စစ်ယာဉ်တန်းတွေ ကျိုင်းတုံ-တောင်ကြီး၊ ကျိုင်းတုံ-တာချီလိတ် အတက်အဆင်း လမ်းကြောင်းများမှ မှောင်ခို ကယ်ရီခများ ရရှိခြင်းတို့ဖြင့် ပြည်သူလူထုကို လည်မျိုညစ်ကာ ပြည်သူလူထု ကျမျက်ရည်များမှ ရရှိသော ၀င်ငွေများစွာကို ကျိုင်းတုံသို့ စစ်ဆေးရန် ရောက်လာတဲ့ ဗိုလ်နေ၀င်းအား ဒလဟော ပံ့ပိုးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

တပ်မတော်မှာ “တော်သုံးတော်” ရှိတဲ့ အထဲက အဖားတော်သူ စာရင်းမှာ ပါဝင်အောင် ကြိုးစား နိုင်ခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး မှတဆင့် သူ့ထက် စီနီယာကျတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ်စိန်အောင်တို့ကို ဖြတ်ကျော်ကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

န၀တ စတင်ဖွဲ့စည်းခါစက ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့်တို့သာ နိုင်ငံရေးကဏ္ဍမှာ လှုပ်ရှားနေကြပြီး ဗိုလ်သန်းရွှေကတော့ န၀တ အဖွဲ့ဝင်ဘ၀နဲ့ ဗိုလ်မောင်လှနဲ့ အတူ စစ်ရေးစစ်ရာကိုသာ ကွပ်ကဲနေ ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေကို ဗိုလ်စောမောင်က “ကိုသန်းရွှေ စာဖတ်တာ သိပ်မတွေ့ရဘူး၊ လေ့လာဖို့ ကောင်းတယ်” လို့ ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီနောက် အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးက အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်နဲ့ တိုင်ပင်ညှိနှိုင်းပြီး န၀တအဖွဲ့ဝင်ဖြစ်နေတဲ့ ဗိုလ်သန်းရွှေကို ဒု-ဥက္ကဋ္ဌရာထူးပေးဖို့ ဗိုလ်စောမောင်ထံ တင်ပြပေးခဲ့ရာက နေရာရလာခဲ့ပါတယ်။

ဗိုလ်သန်းရွှေဟာ ရုရှနိုင်ငံမှာ စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းတက်ခဲ့ပြီး (ကကပြည်) မှ လာခဲ့သူပီပီ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူလူထု စည်းရုံးရေးကို တစိုက်မတ်မတ် လုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်စော မောင်နဲ့ ဗိုလ်နေ၀င်းတို့ကို နမူနာယူပြီး ပြည်သူလူထုကို ကိုယ်တိုင် တိုက်ရိုက် ပြောဆိုခဲ့ခြင်း မပြုဘဲ နောက်ကွယ်က ကြိုးကိုင်ခဲ့ရာမှာ နည်းပရိယာယ် ကြွယ်ဝလှပါတယ်။

ဗိုလ်မောင်အေးကတော့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးဘ၀နဲ့ နစ်မြုပ်နေပြီ DSA အပတ်စဉ် (၁) (ကြည်း - ၇၈၇၅) ဖြင့် ဆင်းလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟာ စစ်သူနာပြုအရာရှိက လာသူ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ဆွေမျိုးတော်သူ စစ်သူနာပြု အရာရှိအကြီးအကဲ အမျိုးသမီးကြီးကတဆင့် ချဉ်းကပ်စည်းရုံးကာ နေရာရအောင်တိုးဝင်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းက DSA ကို နေရာပေးဖို့ စီစဉ်ရန် လိုအပ်တယ်လို့ နှုတ်မိန့်ထွက်ခဲ့ရာက အလိုက်အထိုက် သင့်သွားပြီး တပ်မတော်ရဲ့ လူခင်ရင် မူပြင်တယ်ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ တပ်ရဲ့အစဉ်အလာ အတိုင်း မဟုတ်ဘဲ ဗိုလ်မောင်အေးဟာ တပ်မ (၇၇) တပ်မမှူး ရာထူးကို ရရှိခဲ့ပါတယ်။ န၀တ ဖွဲ့စည်း ချိန်မှာ သူဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်နေပြီ ဖြစ်ပါတယ်။

ဗိုလ်မောင်အေးဟာ သူ့ထက် ရာထူးစောစွာ တက်ပြီး တပတ်စဉ်တည်း ဆင်းခဲ့သူ စစ်ရေးထူးချွန်လို့ ရှေ့က ပြေးနေတဲ့ ဗိုလ်ချုပ်ဥာဏ်လင်းနဲ့ ဗိုလ်မှူးကြီးလှမော်တို့ထက် နောက်ပိုင်းမှာတော့ ဗိုလ်မောင် အေးက ဖြတ်တက်သွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ ရာထူးတက်ရေးအတွက် အရာရှိတွေရဲ့ ဇနီးမယားတွေ ဟာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ န၀တလက်ထက်က တက်လာသူ တွေထဲမှာ သူတို့နှစ်ဦးသာ ရှိတော့လို့ မြန်မာ့နိင်ငံရေးပြုပြင်ပြောင်းလဲဖို့ တဖက်တလမ်းက ဘာတွေ လုပ်သင့်သလဲဆိုတာ တင်ပြလို ပါတယ်။

“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုတဲ့ စကားပုံဟာ အဟိတ်တိရစ္ဆာန်အသိဥာဏ်မရှိတဲ့ နွားသတ္တ၀ါတွေရဲ့ စရိုက်၊ သဘာဝ၊ သဘော တရားကို ဖြော်ပထားတာ ဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်မှာရှိတဲ့ အရာရှိ ကြီးငယ်တွေဟာ လူသားစင်စစ်တွေ ဖြစ်ကြပါလျက် အသိဥာဏ်၊ ပညာ၊ တွေးခေါ်မြော်မြင်မှုတွေလည်း ရှိကြပါလျက် နွားတွေလိုပဲ ရှေ့ဆောင်နွားလား ညွှန်ကြား ပြောဆိုရာကိုသာ လိုက်နေကြပါတယ်။

စစ်တပ်က တချို့အရာရှိတွေအနေနဲ့ မြန်မာပြည်သူလူထုဟာ ဒုက္ခဆင်းရဲ နွံထဲ ရောက်နေတာ၊ တိုင်းပြည်ဟာ အဖက်ဖက်က ပျက်စီး ယိုယွင်း နေတာကို သိပေမယ့် ဘယ်သူသေသေ၊ ငတေမာ ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ် ထားနေကြပါတယ်။ တချို့အရာရှိတွေကတော့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အမှန်တကယ် လိုအပ်နေပြီဆိုတာကို သိကြပါတယ်။

တပ်မတော်အတွင်း၊ အောက်ခြေမှာ ရဲဘော်တွေဟာ သောက်စရာ ရေခွက်တောင် မရှိဘဲ “ခွက် ပျောက်” နေလို့ စစ်ပြေးတွေ တနေ့တခြား များနေတာကို ကြည့်ပြီး စိတ်ပျက်နေကြပါတယ်။၂၀၀၆ ခုနှစ် စက်တင်ဘာလ (၂၇) ရက် (ကကကြည်း) ဒုတိယ စစ်ဆင်ရေး လေးလပတ် အစည်းအဝေးမှတ်တမ်းအရ တပ်မတခုစာ စစ်သည် အင်အား (၇,၀၀၀) ခန့်ဟာ ထွက်ပြေးနေကြကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ အမှန်တကယ် လိုအပ်နေတာကို သိတဲ့ တပ်မတော်သား တွေအနေနဲ့ ပြည်သူဘက် ရပ်တည်ဖို့ ဆိုရာမှာ အခြေအနေ မပေးလို့ဆိုတာ သိရှိနားလည်ပြီး အခြေ အနေပေးလာအောင် ဖန်တီးကြဖို့ အရေးကြီးပါတယ်။ တပ်မတော်အတွင်း ရဲဘော်အဆင့်ကစပြီး ထိုးဖောက်စည်းရုံးဖို့ လိုအပ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ လူထုလှုပ်ရှားမှုဆိုတာ အများကြီး ကန့်သတ်ချက် ရှိပါတယ်။ နအဖရဲ့ Heartland theory အရ ၀န်ထမ်းအများစုကို ကြပ်ပြေးသို့ သီးခြားခွဲထုတ်ထားတာမို့ သူတို့ရဲ့ အင်အားကိုလည်း မရရှိတော့တာကြောင့် လူထုလှုပ်ရှားမှုဟာ အရှိန်အဟုန် တန့်နေပါတယ်။ တပ်မတော်အတွင်း လူမှန်နေရာမှန် ဖြစ်ဖို့၊ ပြည်သူလူထုနဲ့ တပ်မတော် တစိတ်တ၀မ်းထဲဖြစ်ဖို့ ဆောင်ရွက်ရေးဟာ တိုင်းချစ် ပြည်ချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း၊ အင်အားစုတိုင်းရဲ့ အရေးအကြီးဆုံး တာဝန်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင် တွေရဲ့ နိုင်ငံရေး ထောင်ချောက်ထဲမှာ ရောက်ရှိနေတဲ့ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများကို အခြေအနေမှန်ကို စည်းရုံးပြောပြဖို့ လိုပါတယ်။

နအဖကို အရူးမီးဝိုင်းဖြစ်အောင်၊ တုန်လှုပ်ချောက်ချားအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီမိုကရေစီ ရရှိဖို့ဆိုတာဟာ အိပ်မက်တောင် မက်လို့မရတာကြောင့် ဒီမိုကရေစီဘက်တော်သားတွေ အားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီ လက်ချင်းချိတ်ကြဖို့ အရေးကြီးနေပါတယ်။

မျိုးဆက်သစ်တွေ၊ သားစဉ်မြေးဆက်တွေ စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ဖို့၊ မြင့်မြတ် တဲ့သူတွေ၊ မှန်ကန်တဲ့သူတွေ၊ တရားမျှတမှုကိုချစ်မြတ်နိုးတဲ့သူတွေ နအဖရဲ့ အကျဉ်းထောင်တွေထဲ ရောက်နေတာ လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ဘက်တော်သားတွေ အားလုံး အနေနဲ့ တိုက်ပွဲပုံစံကို ပြောင်းဖို့ လိုအပ်ပါတယ်။

ဘုရားသားတွေ၊ ကျောင်းသားတွေဟာ အမြင့်မားဆုံး စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြ၊ တာဝန်ကျေပွန်ခဲ့ကြပြီး ဖြစ်လို့ တိုက်ပွဲပုံစံပြောင်းကာ အားလုံး စည်းလုံးညီညွတ်စွာ ပြည်တွင်းပြည်ပ ဟန်ချက်ညီ လက်ချင်းချိတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။


တပ်တွင်း အာဏာလွန်ဆွဲပွဲ

ဗိုလ်ထက်မင်း

န၀တ စတင်ဖွဲ့စည်းစဉ်ကာလ ၁၉၈၈/ ၉၀ ခုနှစ်အတွင်းမှာ ဗိုလ်စောမောင်နှင့် ဗိုလ်ခင်ညွန့်တို့ဟာ နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့် နိုင်ငံရေး အကြပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းနေရပြီး ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အမြန်ပြီးစီးဖို့ လုပ်ကိုင်နေချိန်မှာ ဗိုလ်သန်းရွှေက စစ်ရေးကိစ္စတွေကိုသာ ကိုင်တွယ် ဖြေရှင်းနေရပါတယ်။ အဲဒီနောက် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာမှာ နာဂ၊ လရှီး၊ လဟယ် တိုင်းရင်းသားတွေ နှင့် တွေ့ဆုံပွဲတွေမှာရယ်၊ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနက ၀န်ထမ်းတွေ နဲ့ တွေ့ဆုံပွဲ တွေမှာရယ်ကို ကြည့်ရင် ဗိုလ်စောမောင်ရဲ့ စိတ်ဖိစီးမှုနှင့် အလုပ်ဒါဏ်ကြောင့် ဂယောင်ချောက်ချား ဖြစ်ပေါ်နေမှုတွေဟာ သိသာထင်ရှား ပေါ်လွင်လာနေပါတယ်။ အာဏာရှင်စနစ် လိုလားတဲ့ ဗိုလ်ချုပ်တွေရဲ့ အဓိက မကြိုက် နှစ်သက်တဲ့ အကြောင်းကတော့ ဗိုလ်စောမောင်ဟာ ရွေးကောက်ပွဲ လုပ်ပြီးရင် အာဏာလွှဲပေးမယ်လို့ ပြောလိုက် တာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်တင်ဦးနှင့် ဗိုလ်ခင်ညွန့်တို့က ဦးနေ၀င်းထံသွားရောက် တင်ပြပြီးဗိုလ်သန်းရွှေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ်တင်ကာ ဗိုလ်စောမောင်အား ဖြုတ်ချခဲ့ကြပါတယ်။ ဖြုတ်ချ တဲ့နေ့က ဆိုရင် ဗိုလ်စောမောင်ရဲ့ဇနီး ဒေါ်စောရီအဖွားကြီးဟာ ထမီတိုတိုဝတ်ကာ စစ်ရုံးကို ဒေါနဲ့မောနဲ့ တက်လာလို့ ဗိုလ်ခင်ညွန့်က အချိန်မှီ သူ့ရုံးခန်းကို ဖိတ်ခေါ်ပြီး နှစ်သိမ့်ဖြောင်းဖျ လိုက်ရကြောင်း သိရပါတယ်။ ဗိုလ်သန်းရွှေ တက်လာခါစမှာတော့ ဗိုလ်ခင်ညွန့်ကို နိုင်ငံရေး အခင်းအကျင်းအရ ပိုပြီး မှီခိုအားထား ရတာမို့ ဗိုလ်ခင်ညွန့် အနေနဲ့ တန်ခိုးထွားလာကာ အချို့ တိုင်းမှူးနှင့် သဟဇာတ မဖြစ်တာ တွေ့ရပါတယ်။ ဗိုလ်ခင်ညွန့်ဟာ ဗျူဟာမှူး ဘ၀ကနေ အချိန်တိုအတွင်းမှာ တပ်မမှူး၊ တိုင်းမှူးမဖြစ်ဘဲ နအဖရဲ့ အဆင့်မြင့်ဆုံး နံပါတ်(၂)ရာထူးကို ရလာတာမို့ တိုင်းမှူး တချို့က မနာလို ကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်မြင့်အောင်တို့ တိုင်းမှူးဘ၀တုံးမှာ န၀တ အတွင်းရေးမှူး(၁) ဖြစ်နေတဲ့ ဗိုလ်ခင်ညွန့်က နယ်မြေကွင်းဆင်း စစ်ဆေးဖို့ လာတယ်ဆိုရင် အလေးမပြုချင်လို့ လေယာဉ် လှေကားထိပ် အထိတက်ပြီး လက်ကို အတင်းဆွဲကာ ဆင်းချလာတဲ့ အပြုအမှုမျိုး လုပ်လာကြပါတယ်။ မန္တလးကို ရောက်လာတဲ့ ဗိုလ်ခင်ညွန့်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ထွန်းကြည်ကလဲ လေဆိပ်ကိုဆင်း ကြိုဖို့မပြောနဲ့ တည်းခိုနေတဲ့နန်းတွင်းဧည့်ရိပ်သာ ကို လာရောက် တွေ့ဆုံဖို့တောင် ပျက်ကွက်ပြီး မထီမဲ့မြင် လုပ်နေတဲ့အတွက် ဗိုလ်ခင်ညွန့်က ဗိုလ်သန်းရွှေရဲ့ ညွှန်ကြားချက်တွေ ပါလာတယ်လို့ ချိန်းခြောက်ခေါ်မှ ဗိုလ်ထွန်းကြည် ရောက်လာတာဖြစ်ပါတယ်။

ဗိုလ်ထွန်းကြည်ဟာ လေးလပတ် အစည်းအဝေးမှာတောင် ဗမာပြည်ကို ထက်ခြမ်းခွဲပစ် လိုက်မယ်လို့ အတည် ပြောသလို နောက်ပြောသလိုလို ပြောခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်အစည်းအဝေးပြီးရင် မန္တလေးမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မောင်သင့်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ကျော်ဘ တို့ကို ဌာနေမပြန်ခိုင်းပဲ ဝေ့လည်ကြောင်ပတ်နဲ့ ဘုရားဖူးခေါင်းစဉ်ပြကာ အုပ်စုဖွဲ့ နေကြပါတယ်။ ဒါကိုရိပ်မိလာလို့ ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့ ခေါင်းချင်းဆိုင် ပူးပေါင်းပြီးသူတို့တွေကို ၀န်ကြီးရာထူးများ ပေးကာ တပ်မှခါထုတ်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေ ကိုယ်တိုင် ဗိုလ်ထွန်းကြည်ကို ကုန်သွယ်ရေးဝန်ကြီး ရာထူးယူဖို့ ချော့မော့နှစ်သိမ့်ခဲ့ရပါတယ်။

အလားတူ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မြင့်အောင်ဆိုရင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မျိုးညွန့်က ဗိုလ်ခင်ညွန့်ကို အလေးပြုတာကိုတောင် ဝေဖန်ရှုတ်ချ ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မြင့်အောင်လည်း ၀န်ကြီးအဖြစ် ချောင်ထိုး ခံခဲ့ရပါတယ်။ အဲဒီနောက် မှာလည်း အစွမ်းကုန် သောင်းကျန်း လာဘ်စားပြီး အောက်ခြေလွတ်သွားတဲ့ အဲဒီဝန်ကြီး တစ်သိုက်ကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့က လုံးဝ အနားပေး လိုက်ရတဲ့အထိ ရှင်းထုတ် ပစ်ခဲ့ရပါတယ်။ အဲဒီလို နိုင်ငံရေးနှင့် တပ်တွင်းအာဏာ လွန်ဆွဲပွဲတွေကို လမ်းရှင်းနေရတာမို့ ဗိုလ်သန်းရွှေဟာ KNU နှင့်တိုက်ပွဲကြီးတွေမှာ တပ်မတော်ကို မကွပ်ကဲ နိုင်ခဲ့ဘဲ စစ်ရေးတာဝန်အား စစ်ရေးစစ်ရာ ကျွမ်းကျင်တဲ့ စစ်ရာထူးခန့်ချုပ် ဗိုလ်မောင်လှကိုသာ အထူး စစ်ဆင်ရေးကွပ်ကဲမှု တာဝန်ပေးအပ်ကာ အားကိုးနေရပါတယ်။ ဗိုလ်မောင်လှ ဟာ ကကလှမ်းနဲ့ ပေါင်းကာ မြိုင်ကြီးငူဆရာတော်နဲ့ KNU ကရင် ဗုဒ္ဒဘာသာဝင် အချို့ကို လက်နက်ခဲယမ်း ပစ္စည်းနဲ့ ပထမအကြိမ် ငွေသားပေးစဉ်ကပင် ကျပ်ငွေ ၅သိန်း ပုံအောပေးကာ ကရင် စည်းလုံး ညီညွတ်ရေးကို ဖြိုခွဲစည်းရုံးခဲ့ပါတယ်။ အဲ့ဒီနောက် DKBA ပေါ်ထွက်လာသည်အထိ သွေးထိုးလှုံ့ဆော် နိုင်ခဲ့တာမို့ မာနယ်ပလော ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။

အဲဒီအခါ ဗိုလ်မောင်လှဟာ စစ်ရေးမာန်မာန တက်ကာ ဗိုလ်သန်းရွှေတို့က ရဲဘော်တွေကို လုပ်အား ပေးမတန်တဆ ခိုင်းတာတွေနှင့် ပတ်သက်ပြီးတော့ ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး စောခင်စိုးအား ကရင်တွေကို စည်းရုံးနိုင်ဖို့ စစ်သံမှူးမှ ကရင်ပြည်နယ် ပ၀တ ဥက္ကဋ္ဌ အဖြစ် ခေါ်ယူတာဝန်ပေးအပ်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီ လို့ မဖြစ်နိုင်ကြောင်း ဗိုလ်မောင်လှနှင့် ကာကွယ်ရေးဦးစီးချုပ် အကြား စကားများ ခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်ခင်ညွန့်က သူ့တပည့် န၀တ ညွန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီးဖေငြိမ်းအား ဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးပေး စေချင်တာကို ဗိုလ်မောင်လှက မူဝါဒနှင့်မညီလို့ မရဘူးဟုဆိုကာ ငြင်းဆန် ခဲ့တာလည်း ရှိပါတယ်။

အတွင်းရေးမှူး(၂) ဗိုလ်တင်ဦးက သူ့ရဲ့ တပည့် ဗိုလ်အောင်သန်းထွဋ် (ယခု ရမခ တိုင်းမှူး၊ ကစထမှူး) နဲ့ ဗိုလ်စောအောင်နိုင် တို့ကို စစ်ရုံးမှာ ဆက်လက် တာဝန်ပေးဖို့ သက်ညှာခွင့်ပေးဖို့ ပြောတာကို ဗိုလ်မောင်လှက ခါးခါးသီးသီး ငြင်းဆန်ခဲ့တာတွေကြောင့် နောက်ဆုံးမှာ ဗိုလ်မောင်လှလည်းဘဲ လ၀က ၀န်ကြီးအဖြစ် ချောင်ထိုးခံ ခဲ့ရပါတယ်။ နောက်ဆုံး စစ်တပ်ရဲ့ကြမ်းတမ်းခက်ထန်တဲ့ အာဏာရှင် စစ်ဘီလူးများ ဖြစ်ကြတဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မောင်လှ၊ ဗိုလ်မောင်သင့် တို့ကို ဗိုလ်သန်းရွှေက ဖြုတ်၊ ထုတ်၊ ချခဲ့တာတွေဟာ တပ်တွင်း အတွင်းတိုက်ပွဲနဲ့ အာဏာလွန်ဆွဲပွဲတွေဘဲ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာနှင့် ဦးနေ၀င်းတို့ရဲ့ သတင်းပေးမှုတွေကြောင့် နိုင်ငံခြားဘဏ်တွေမှာ တရားမ၀င် ငွေကြေး အပ်နှံမှု၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်း စီးပွားရေး သောင်းကျန်းမှု တွေကြောင့်လည်း သူတို့ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဖြုတ်ထုတ်ချ လုပ်ပွဲအပြီး ထွက်စာသွားပေးတဲ့ စစ်ရာထူးခန့်ချုပ်ရုံးက အရာရှိတစ်ဦးကို ဗိုလ်ထွန်းကြည်က “ငါ့ကျန်းမာရေး ဒေါင်ဒေါင်မြည် သေးကြောင်း ပြောလိုက်ကွာ” လို့ ခပ်မာမာ ပြောလွှတ်လိုက်ကြောင်း သိရပါတယ်။ ဖြုတ်၊ ထုတ်၊ ချ ခံရတဲ့ သူတို့ဟာ ကျေနပ်ပုံမပေါ်သေးပဲ အုပ်စုဖွဲ့ပြီး တပ်ထဲမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ တပည့်တပ်မမှူး၊ တိုင်းမှူးတွေကို စည်းရုံးနေကြကြောင်း သိရှိရပါ တယ်။ ဖြုတ်ထုတ်ချပွဲကြီး တွေကို လုပ်ဆောင်တတ်တာဟာ စနေနေ့တွေမှာ ဖြစ်တာကြောင့် အဲဒီနေ့မှာပဲခူးကို ခရီးလွန်နေတဲ့ ဗိုလ်ထွန်းကြည်ကို ကကကြည်း မှ ဖုန်းဖြင့် ချက်ခြင်းခေါ်ခိုင်းပြီး နှိပ်ကွပ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် စနေနေ့ရောက်တိုင်း ၀န်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေဟာ မျက်ခုံးလှုပ်ပြီး ဘုရားစင်မှ မထွက်တော့ဘဲ ဘုရားကိုဖက်မတတ် ရွတ်ဖတ်နေကြရတဲ့ အာဏာရူး ဘ၀တွေဟာဖြင့် သနားစရာ ကောင်းလှပါတယ်။ အခုဆိုရင် နိုင်ငံရေး တာဝန်ပေးမယ်လို့ သတင်းထွက်နေတဲ့ အတွက် ဒုဝန်ကြီးတွေ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လို ဆက် “က” ရမလဲဆိုတာ ၀န်ကြီးတွေကလည်း ရင်တမမနဲ့ မျှော်လင့်စောင့်စားလျှက် ရှိနေကြကြောင်း တင်ပြလိုက် ရပါတယ်ခင်ဗျား။


ဆွံ့၊ အ၊ နာမကျန်း တပ်မတော်မှ ပြည်သူ့တပ်မတော်သို့


ဗိုလ်ထက်မင်း

ထိပ်ပိုင်းစစ်အာဏာရှင်များဟာ ပြည်သူချစ်တဲ့ ခေတ်မှီတပ်မတော်ဖြစ်ရေးကိုအလေးပေးတာ မရှိတဲ့ အပြင် တပ်မတော်ရဲ့ ယိုယွင်းပျက်စီးနေတဲ့ သဘောသဘာဝကို နားလည်မှုရှိရှိ လက်တွေ့ကျကျပြုပြင် ပြောင်းလဲအောင် မကြိုးစားကြဘဲ အမိန့်နဲ့ အာဏာကိုချည်းတဘက်သတ် သုံးစွဲနေပုံကို တင်ပြ သွားပါ့မယ်။ တပ်ချုပ် ဗိုလ်သန်းရွှေ၊ ဒုတပ်ချုပ် ဗိုလ်မောင်အေးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ရွှေမန်းတို့က တိုင်းမှူးများ၊ တပ်မမှူးများအပေါ် ၂ဝဝ၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ ထိပ်တန်းလျို့ဝှက်အဆင့် ကြပ်ပြေး (ကကကြည်း) ဒုတိယ လေးလပါတ် စစ်ဆင်ရေး အစည်းအဝေးကြီးမှာ အောက်ပါအတိုင်း ပြင်းထန်စွာ ဆူပူငေါက်ငမ်း ခဲ့ပါတယ်။

အဲဒီ လေးလပါတ်အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တိုင်းမှူးများအနေနဲ့ လူအင်အား ပြည့်အောင်ဖြည့်ဆည်းဖို့ တာဝန်ရှိပြီး၊ လက်နက်အင်အားတပ်ဆင်ပေးမှုအပိုင်းကိုတော့ ငါတို့ လုပ်ပေးဖို့ တာဝန်ရှိတယ်၊ Mission တစ်ခုအားဆောင်ရွက်မယ်ဆိုရင် တပ်ဖွဲ့စည်းပုံအရ တည်ဆောက်ရမှာ ဖြစ်တယ်၊ လူအင်အား မရှိလို့ဆိုပြီး ဖွဲ့စည်းပုံ ဖျက်မပစ်ဖို့ လိုတယ်၊ လက်ရှိ တပ်ရင်းတစ်ရင်းဟာ လူအင်အား ၁၄ဝ ၊ ၁၅ဝ ခန့်သာ ရှိတယ်၊ စစ်ဆင် ရေးတစ်ပတ်မှာ စစ်သည်ပြုန်းတီးအင်အားဟာ တပ်မ တစ်ခုစာလောက် အင်အား ၇ဝဝဝ ခန့်ရှိတယ်လို့ သိရတယ်၊ ဒါကြောင့် လာမဲ့ လေးလပတ်မှာ တပ်တွေအနေနှင့် ခွင့်မဲ့ ပျက်ကွက်ထပ်မံဖြစ်ပွားရင် ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်တယ်။

ရတဲ့ နည်းနဲ့ စစ်သားသစ်စုဆောင်း ကြဖို့လိုတယ်၊ တပ်စစ်ဆေးရေးသွားတဲ့ အရာရှိကြီးများ အနေနှင့် တပ်ရင်းတစ်ရင်း ကိုစစ်ဆေးမယ်ဆိုရင် နှစ်ည ခန့်အိပ်ပြီး သေသေချာချာစစ်ဆေးသွားဖို့လိုတယ်၊ အရာခံ အကြပ်ကြီးများရဲ့ စွမ်းရည် ထက်မြက်ဖို့ကိုလည်း သေသေချာချာ သင်ကြား လုပ်ဆောင် ပေးဘို့ လိုတယ်၊ အရာရှိတွေအနေနဲ့ ငွေနောက်သာလိုက်နေကြတယ်၊ အရက်နဲ့ မိန်းမနောက်လိုက်နေတာကိုလည်း တွေ့ရတယ်၊ အကျင့်ပျက်တဲ့ အရာရှိများရှိပါက တပ်ရင်းမှူးများအ နေနဲ့ တပ်မျက်နှာကြည့်ပြီး ထုတ်ပစ်ရမှာဖြစ်တယ်၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေ တိတိကျကျလုပ်ဆောင် ဖို့လိုတယ်၊ Report ပြန်တမ်းအစီရင်ခံစာများဟာလည်း မမှန်တာတွေ့ရပြီး အကြံအဖန်လုပ်ထားတာ တွေ့ရတယ်၊ ပြီးတော့ ရဲဘော်တွေအနေနဲ့ တပ်မတော်အပေါ်မှာ ဘယ်လိုမြင်နေတယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း စူးစမ်းဖို့လိုတယ်၊ အထက်အကြီးအကဲတွေက သက်သာချောင်ချိရေး မဆောင်ရွက် ပေးဘဲနေလို့လား၊ တာဝန်ရှိသူတွေကဘဲ သက်သာချောင်ချိရေး ဆောင်ရွက် မပေးနိုင်တာဘဲလား ဆိုတာတွေ ပိုင်းခြားသိမြင်တတ်ဖို့ လိုလာပြီ၊ ပိုက်ဆံပေးလိုက်ရုံ ထောက်ပံ့ကြေး ပေးလိုက်ရုံနှင့် သက်သာချောင်ချိရေးတာဝန်ကျေလိုက်ပြီဆိုတဲ့ အယူအဆမျိုးကို ဖျောက်ပစ်ဖို့လိုတယ်။ တပ်ရင်း တစ်ရင်း နောက်တန်း ပြန်ဝင်လာပြီဆိုရင် အမှန်တကယ် အနားရယူမှုရှိမရှိ သုံးသပ်ဖို့လိုတယ်။

ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ခဲ့လို့ နောက်တန်းတစ်လပြန်နား တဲ့အခါမှာ လုံခြုံရေးလိုက်နေရတဲ့ ရက်တွေနှင့် တစ်လ တင်းတင်းပြည့်အောင် အနားမရဘူးလို့ သိရတယ်။ တပ်ထဲမှာ Family Life မိသားစုဘဝ မရှိတာကိုတွေ့ရတယ်၊ ရှေ့တန်းမှာ လေးလ ငါးလထက်ပိုမထားဖို့နဲ့ နောက်တန်းမှာ တစ်လ လုံးလုံးအနား ယူခွင့်ပေးရမည်ဆိုတာ ညွှန်ကြားချက် ထုတ်ပြီးဖြစ်တယ်။ အခုဖြစ်ပေါ် နေတာမှာ မြို့ပေါ်မှာတောင် စစ်ပြေးတွေ ပိုမို များပြားနေတာတွေ့ရတယ်။ တပ်ပြေးပျော်ပြီး တပ်နေမပျော်ဘူး ဖြစ်နေတယ်။ စည်းကမ်း ထိန်းသိမ်းမှု အားနည်းလို့လား၊ စည်းကမ်းမရှိသူကိုပဲ စုဆောင်းမိလို့လား သုံးသပ်ဖို့ လိုတယ်။ ဝေလေလေ တပ်ရင်းမှူးတွေများ တာလည်းတွေ့ရတယ်။ ဒုတပ်ရင်းမှူးတွေကကော သူတို့အလုပ် သူတို့ တာဝန် ကျေရဲ့လား စဉ်းစားဖို့ လိုတယ်။ တပ်ရင်း တပ်ဖွဲ့တွေမှာ လူမရှိတဲ့ အဆောက်အဦး တွေများပြားလာလို့ ငါတို့ရဲဘော်တွေ အကုန်လုံးပဲ ပြေးကုန်ပြီလား ဆိုတာကို စမ်းစစ်ဖို့လိုပါတယ်။

တပ်ရင်းမှူးတွေ သောကြာနေ့တိုင်း Family Line အားသွားရောက်စစ်ဆေးဖို့ လိုပါတယ်။ လူပျိုဆောင်ကို သွားကြည့်ဖို့နှင့် ခွက်ပျောက် နေတဲ့ အကောင် ဘယ်နှစ်ကောင်ရှိလဲ၊ ရေသောက်စရာ ရေခွက်မှ ရှိရဲ့လား ဆိုတဲ့အတွေးမျိုး ဝင်ပြီးစစ်ဆေးဖို့လိုပါတယ်။ တပ်ရင်းရဲ့ နေ့စဉ် ဇယားကော ရှိရဲ့လား၊ ရှိပြီးကော လုပ်ရဲ့လား ဆိုတာကို စစ်ဆေးဖို့လိုတယ်။ လေ့ကျင့်ရေးကျောင်းမှာလည်း သေချာလေ့ကျင့်မှုမရှိ၊ စုဆောင်းတဲ့ သူတွေက လည်းတွေ့ကရ အကောင် မနူးမနပ်စစ်သားတွေမစုဆောင်းမိဖို့လိုတယ်၊ လေ့ကျင့်ရေးကျောင်းမှာ မနူးမနပ်၊ စားရခက် ပစ်ရခက်လူတွေများလာပြီး မူရင်းဗရုတ်သုတ်ခ လူတွေနဲ့ သွားပါက တပ်ထပ်ပျက် သွားမှာဖြစ်တယ်။ မနူးမနပ်ကို မနူးမနပ်နှင့် ထပ်ရောပါက သွန်ပစ်ရတဲ့ အဆင့်မျိုးမရောက် အောင် ထိန်းသိမ်းကြဖို့လိုတယ်။ တပ်ရင်းရောက်ရင် အုပ်ချုပ်မှု စီမံခန့်ခွဲမှု မကောင်းပါက ရဲဘော်တွေ ထွက်ပြေးတာ မဆန်းကြောင်း စသဖြင့် ဆူပူကြိမ်းမောင်းခဲ့ကြောင်း သိရှိရပါတယ်။

နအဖအာဏာရှင်တွေ အဲဒီလို တဘက်သတ်ချမှတ်ထားတဲ့ မူဝါဒ၊ စီမံချက်၊ ညွှန်ကြားချက်တွေကို လက်အောက်ခံ တပ်မှူး၊ တပ်မမှူး၊ တိုင်းမှူးတွေက စနစ်တကျမလုပ်နိုင်တာကို တွေ့ရပါတယ်၊၊ တပ်ရဲ့ဖွဲ့စည်းပုံ အရ တပ်တွေမှာ အင်အားမပြည့်မှီလို့ ဗိုလ်သန်းရွှေက တပ်မတော်အင်အားတိုးချဲ့ဖို့ တစ်ရွာကို တစ်ယောက်နှုန်းဖြင့် ကျေးရွာပေါင်း (၅ဝဝဝဝ) ရှိရာ တပ်သားသစ် (၅ဝဝဝဝ) ဖြည့်နိုင်ရမယ်လို့ ပြောကြား ခဲ့ပါတယ်၊၊ သူတပ်မမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်အခါ (မဆလခေတ်)နဲ့ နှိုင်းယှဉ်ပြီး ပြောဆိုချက်ဟာ မဖြစ်နိုင်တဲ့ အပြင် စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်းကြီးမားနေတာရယ် တပ်မတော်ကို အမြင်မကြည်လင်တော့လို့ တပ်ထဲဝင်ချင်စိတ် မရှိကြတာရယ်ကို စစ်အာဏာရှင်တွေ သိစေချင်ပါတယ်။ အထက် အာဏာပိုင်တွေအနေနဲ့ တပ်ဖွဲ့စည်းပုံပြည့်မှီရေးကို ဒီလိုသာ တွန်းအားပေးဆူပူ ကြိမ်းမောင်းနေရုံနဲ့ စစ်သားစုဆောင်းရေးပြည့်မှီလာမှာ မဟုတ်တဲ့အပြင် တပ်ခွဲမှူးနှင့် တပ်ရင်းမှူးအဆင့်တွေရဲ့ မြေပြင်က အခက်အခဲ တွေကို ဂဃဏန မသိသေးသရွေ့ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ ခက်ခဲနေမှာပင် ဖြစ်ပါတယ်။

စစ်သည်တွေ တပ်ကထွက်ချင်ရင် စစ်သားသစ်လေးဦး စုဆောင်းပေးရမယ်၊ စစ်သည်တွေ ခွင့်ယူပြန်ရင် လည်း စစ်သားသစ်တစ်ဦး ခေါ်လာရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်၊၊ ဒါတွေဟာ လက်အောက်ခံ တပ်မှူးတွေကို ဇွတ်အတင်းအကောင်အထည် ဖော်ခိုင်းတာ ဖြစ်နေပါတယ်၊၊ လေးလပတ်တိုင်းမှာ စုဆောင်းရမဲ့ သတ်မှတ် စစ်သည်အရေအတွက် မပြည့်ရင် ထုချေလွှာ၊ ဖြေရှင်းချက်ပေးရလို့ နောက်ဆုံးမှာ ကလေးစစ်သားတွေကိုသာ လက်အောက်ခံတပ်တွေက လွယ်လွယ် ကူကူ အတင်းအဓမ္မ သွတ်သွင်းလာခဲ့ကြပါတယ်၊၊ မဖြစ်မနေ စုဆောင်း ရမယ်ဆိုတဲ့ အမိန့်နဲ့ အာဏာကြောင့် ကျေးရွာတွေဟာ ရဲဘော်သစ် ဝယ်ယူဖို့ ထောက်ပံ့ကြေးငွေ စုဆောင်းပေးရသလို အသက်ပြည့်တဲ့ စစ်သည်တွေ ဟာလည်း စိတ်မပါဘဲ စစ်တပ်ထဲကို ဝင်ခဲ့ရတာကြောင့် ခွင့်မဲ့ပျက်ကွက်တွေ ပိုမိုများပြား လာရပြီး စစ်သည်ပြုန်းတီးအင်အား တပ်မတစ်ခုစာလောက် ရှိလာရခြင်း ဖြစ်ပါတယ်၊၊ တပ်စစ်ဆေးရေးနဲ့ ပတ်သက်လို့ လက်အောက်ကိုဘဲ အပြစ်တင်နေတဲ့ ဗိုလ်သန်းရွှေမှ ဗိုလ်မောင်ဘိုလို ကစထမှူးတွေ အထိ စစ်အာဏာရှင်တွေ ကိုယ်တိုင်က ကိုယ်ရေးကိုယ်တာ ကိစ္စများအပြင် အပန်းဖြေချင်တဲ့ အနေအထားကို လုပ်ချင်ရင်တောင် ကျောင်းဆင်းပွဲ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ တပ်စစ်ဆေးရေး စတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ ဟန်ပြဆင်းကြတာကို တွေ့ရပါတယ်၊၊ တပ်ရင်းတွေကို စစ်ဆေးရာမှာလည်း လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးဖို့ထက် သူတို့လာရင် တပ်တွေဟာ ပိုပြီး ဝန်ပိကြပါတယ်၊၊

ဥပမာ – တပ်တွေမှာ ရိက္ခာမလုံလောက်လို့ သူတို့ကဖြည့်တင်းပေးတာမျိုး၊ လစဉ်စက်သုံးဆီခွဲတမ်းကို ထပ်မံဖြတ်တောက်မှု ရာခိုင်နှုန်းအရ အချိုးအစားကို လျော့ပေါ့ပေးတာမျိုးတွေကို လုပ်ဆောင်ဖို့ စိတ်မဝင်စားဘဲ သူတို့စီးလာတဲ့ ယာဉ်တန်း ခရီးစဉ်အတွက် စက်သုံးဆီဂါလံ ဒါဇင်ပေါင်းများစွာကို တပ်ရင်းတွေက ဖြည့်ဆည်းပေးကြရတဲ့ အပြင် လက်ဆောင်ပစ္စည်းတွေလည်း တနင့်တပိုး ပေးရပါ သေးတယ်၊၊ “င လေးလုံးရှောင်” လို့ ဗိုလ်သန်းရွှေက ပြောပေမဲ့ မေမြို့ တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ် လိုမျိုး ကျောင်းဆင်းပွဲတွေကို လာပြီဆိုရင် သူ့မိသားစု တခုလုံး မြေးတွေပါမကျန် ခေါ်လာပြီး အောက်ခြေတပ်ရင်းတွေဟာ ကလေးထိန်းအဖွဲ့၊ ထမီခေါက်သိမ်းအဖွဲ့ဆိုကာ အဖွဲ့ပေါင်းမြောက်မြားစွာနဲ့ ပံ့ပိုးလုပ်ဆောင်ပေး နေရလို့ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ စကားလို ဖြစ်နေပါတယ်၊၊ စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေ နယ်တပ် တွေကို လာရောက်တဲ့အခါ ရွှေညောင်၊ ပုဂံ၊ မန္တလေးနဲ့ ကျိုက်ထိုမြို့လိုမျိုး အောက်ခြေတပ်ရင်းတွေဟာ ဘုရားဖူး ထွက်ချင်လို့ စီစဉ် ပေးရတာမျိုး၊ အချိန်ဖြုန်း လည်ပတ်တာ များသွားလို့ ပြန်ခါနီး ကားပေါ် တက်ချိန်ကျမှ ကမန်းကတန်းနဲ့ တပ်ကို စစ်ဆေး သွားတာမျိုးကိုလည်း တွေ့ရပါတယ်၊၊ စစ်အာဏာရှင်တွေ ကိုယ်တိုင်က လက်အောက်ခံ အရာရှိတွေကို ငွေနောက်ကိုသာ လိုက်နေကြတယ်လို့ ဆူပူငေါက်ငမ်းခဲ့ပါတယ်၊၊ အမှန်တကယ် အကြောင်းရင်းမှာ အဲဒီအရာရှိတွေဟာ တပ်တွင်း လိုအပ်ချက်တွေများနေလို့ ငွေရှာခြင်းဖြစ်ပြီး ထောင်နှုတ်ခမ်းပေါ် ကြိုးတန်း လျှောက်ကာ ကုန်းရုန်းရှာဖွေနေရတာဖြစ်ပါတယ်၊၊

ဗိုလ်ရွှေမန်းကျတော့ သူရဲ့သား အောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ) ကို ကြပ်ပြေးနေပြည်တော် တည်ဆောက်ရေး ကန်ထရိုက်ကြီးအား ပေးခိုင်း လိုက်ခြင်းဟာ ငွေရှိရက်သားနဲ့ ငွေနောက်ကိုသာ လောဘတက်ပြီး လိုက်နေခြင်းသာ ဖြစ်ပါတယ်၊၊ စက်မှု(၁)ဝန်ကြီး ပုသိမ်သို့ရောက်ခဲ့စဉ်က ရန်ကုန်-ပုသိမ် ကားလမ်းခရီး ကြမ်းလို့ ပြောရာမှာ နတခတိုင်းမှူး ဖြစ်နေတဲ့ ဗိုလ်ရွှေမန်းက ဒါနိုင်ငံတော်မှာ တာဝန်ရှိတယ် ကျွန်တော်နဲ့ မဆိုင်ဘူးလို့ ထမင်းရည်ပူ လျှာလွဲ ပြောသွား ခဲ့ကြောင်းသိရပါတယ်၊၊ စစ်အာဏာရှင်တွေဟာ လက်အောက်အရာရှိတွေကို မိန်းမလိုက်စားတယ်လို့သာ အပြစ်တင်ကြတယ်၊ ဗိုလ်သန်းရွှေသား ကြိုင်သန်းရွှေ မန္တလေးဟိုတယ်မှာ ပြည့်တန်ဆာနဲ့ ရှုပ်တာရယ် ဗိုလ်ရွှေမန်းကိုယ်တိုင် တိုင်းမှူးဘဝတုန်းက အင်ဂျင်နီယာတစ်ဦးရဲ့ ဇနီးနဲ့ ဇာတ်လမ်းရှုပ်တာကြတော့ နိုင်ငံတကာ တရားရုံးကျမှသာ တိုင်ချက်ဖွင့် ရမလို ဖြစ်နေပါတယ်၊၊

လက်အောက်ခံအရာရှိတွေကျတော့ အရက်သောက်တာ ငေါက်ငမ်းတယ်၊ ဗိုလ်မောင်အေး ယမကာ ဇိုးသမားကြီး ဖြစ်နေတာတော့ ဗိုလ်သန်းရွှေက ဘာလို့ မပြောတာလဲ ဆိုတာ စဉ်းစားလို့ မရဖြစ်နေပါတယ်၊၊ ဗိုလ်မောင်အေးဆိုရင် ရှေ့တန်းထွက် တပ်တွေကို တနေ့လျှင် မြေပုံတစ်တောင် ခရီးသွားရမယ်လို့ ညွှန်ကြားချက်ထုတ်ထားပေမဲ့ အဲဒီမြေပုံ တစ်တောင်ခရီးဟာ မြေပြင်မှာမိုင်(၂ဝ) ခရီးရှိတာကြောင့် သူတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်လို တောင်ထူထပ်ပြီး ခရီးလမ်းကြမ်း၊ မိုင်းပေါတဲ့ ဒေသမျိုးတွေမှာ ဘယ်လိုနည်းနဲ့မှ မရောက်နိုင်တာ သိရက်သားနဲ့ ဇွတ်အတင်း ညွှန်ကြားချက် ထုတ်ထားပါတယ်၊၊ ဒါကြောင့် လက်အောက်ခံ တပ်မှူးတွေက မြေပုံပေါ်မှာ ရောက်ကြောင်း Report လိမ်ညာ တင်ပြနေရပါတယ်၊၊

တပ်မတော်အောက်ခြေ မှာလည်း ပြည်သူလူထုနဲ့ ထပ်တူထပ်မျှ ဒုက္ခဆင်းရဲ ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊၊ စစ်အာဏာရှင်တွေပြောတဲ့ သက်သာ ချောင်ချိရေးနဲ့ ပတ်သက်ပြီး ပြောရရင် အောက်ခြေအဆင့် ရဲဘော်အထိကို သက်သာချောင်ချိရေး ပြည့်ပြည့်စုံစုံ ပေးကောပေးရဲ့လား အမှန်တကယ် ရောက်ကော ရောက်ရဲ့လား ဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှ စပြီး တပ်ရင်းသက်သာများ ဖျက်သိမ်း လိုက်ရာ တပ်မှူးများရဲ့ ရံပုံငွေရှာဖွေရသမျှကို ဦးပိုင်သို့ တင်သွင်းခိုင်းလို့ အကျိုးခံစားခွင့် မရှိကြတော့ဘဲ ထိပ်ပိုင်းအာဏာရှင်များသာ ခံစားခွင့်ရှိတာကြောင့် အောက်ခြေစစ်သည်အဆင့်မှ တပ်မမှူးအဆင့်အထိ စစ်အာဏာရှင်တွေအပေါ် ကျေနပ်မှုမရှိတာကို တွေ့ရပါတယ်၊၊ စစ်အာဏာရှင် တွေဟာ သူတို့ချမှတ်တဲ့ အမိန့်နဲ့ မူဝါဒတွေကို သူတို့ကိုယ်တိုင် စံပြလိုက်နာ ရမဲ့အစား ဗိုလ်သန်းရွှေရဲ့ တပည့် ဗိုလ်မြင့်ဆွေကိုတော့ တပ်မ(၁၁) တပ်မမှူး အမည်စာရင်းသာ ထွက်ခိုင်းပြီး စစ်ရုံးကို ပြန်ခေါ်တာရယ်၊ ရတခတိုင်းမှူးအဖြစ် သူ့အား စေလွှတ်ခဲ့ပြီးမှ ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် ပြန်လည် ခေါ်ယူတာရယ်၊ ထောက်လှမ်းရေးတစ်ဖွဲ့လုံး အရေးယူခံရပြီးမှ ပြန်လည်ဖွဲ့စည်းတဲ့ စရဖ အကြီးအကဲ တာဝန်အား ဗိုလ်မြင့်ဆွေကိုသာ တပ်ရဲ့ ထုံးစံမဟုတ်ဘဲ ထပ်မံတာဝန်ပေးခဲ့တာရယ်တွေကို ဗိုလ်ချုပ်အချို့ က ကျေနပ်မှု မရှိကြကြောင်းသိရပါတယ်၊၊

အောက်ခြေမှာ နားရမဲ့ တပ်ရင်းတွေဟာလည်း အမှန်တကယ် နားရမှု မရှိကြောင်း တပ်မတပ်များမှာ ရှေ့တန်းမှ ပြန်ဝင်လာပြီ ဆိုရင် တိုင်းမှူးနှင့် တပ်နယ်မှူးတွေက အနိုင်ကျင့်ပြီး သူတို့ရဲ့ ဧရိယာအတွင်းမှာ ရန်သူကို လိုက်လံရှင်းလင်း ခိုင်းတာမို့ စစ်သည်တွေမနားရဘဲ စိတ်ဓာတ် စွမ်းရည်ကျဆင်း နေပါတယ်၊၊ စစ်တပ်ဆိုပြီး အမိန့်နှင့် အာဏာကြီး သုံးစွဲနေသရွေ့ ခေတ်မှီတပ်မတော် Standard Army ဖြစ်လာဖို့ မှာလည်း အလှမ်းဝေးနေပါသေးတယ်။ ဗျူဟာမှူးနှင့် တိုင်းမှူး၊ တပ်မမှူး တွေဟာ လက်အောက်ရဲ့ အခြေ အနေဖြစ်စဉ်အမှန်တွေကို တင်ပြရဲအောင် လမ်းဖွင့် မပေးသရွေ့ကာလပတ်လုံး မဆလ ခေတ်က “ဟုတ်ကဲ့” ဆိုတဲ့ စကားလုံးနဲ့  ပျက်စီးသွားတဲ့ အစဉ်အလာ ရှိတာကို သတိပေးရင်း ယနေ့ ဆွံ့ ၊ အ၊ နာ၊ မကျန်းဖြစ်နေတဲ့ မြန်မာ့တပ်မတော်ရဲ့  ဖြစ်ရပ်အမှန်ကို သုံးသပ်တင်ပြလိုက်ပါတယ်။


နယ်စပ်ဒေသ ဖွံ့ဖြိုးရေး နောက်ကွယ်မှာ


ဗိုလ်ထက်မင်း

ထိပ်ပိုင်းစစ်အာဏာရှင်တွေဟာ စစ်ရုံး မှာ ဦးနှောက် ခြောက်လာပြီဆိုရင် တိုင်း နဲ့ ပြည်နယ်တွေကို နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်ပြပြီး ပျော်ရွှင်မြူးတူးဖို့ ကွင်းဆင်းစစ်ဆေးရေးသွား ရောက်ကြပါတယ်။ တိုင်းမှူးတွေကလည်း သူတို့ကို အစွမ်းကုန် “ဖား” ကြရပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ကျော်ဘဆိုရင် ကွင်းဆင်း စစ်ဆေးလာတဲ့ နဝတစစ်အာဏာရှင် အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးနဲ့ နဝတ အဖွဲ့ဝင်တွေကို မီးပုံပွဲကျင်းပပေးကာ ကခုန်နေရတာ ညောင်းမှာစိုးလို့ ဆိုပြီး ညဘက် အိပ်ခန်းတွေမှာ အနှိပ်သည် ကောင်မလေးတွေ တဦးစီကို ထည့်ပေးခဲ့ပါတယ်။

ဒါနဲ့တင် အားမရသေးဘဲ မြစ်ကြီးနားမှာ သူတို့ကို ဖျော်ဖြေခဲ့တဲ့ မြစ်ဖျားဧရာ အဖွဲ့ အနုပညာရှင်တွေကို ရန်ကုန်သို့ တကူးတက ဖိတ်ကြားကာ ပြည်သူ့ရင်ပြင် ဥယျာဉ်မှာ အတွင်းရေးမှူး (၂) နဲ့ နဝတအဖွဲ့ဝင် ဝန်ကြီးတွေက ခမ်းတနား ဧည့်ခံကျွေးမွေး ခဲ့ပါသေးတယ်။ ညစာ စားပွဲမှာ Seating Plan ထိုင်ခုံနေရာ ပေးရင်တောင် စစ်ရုံး နတလ စစ်ဦးစီးမှူး (ပထမတန်း) ဒု-ဗိုလ်မှူးကြီး သိန်းဟန် က သူ့လူကြီးတွေ ပျော်ရွှင်စေဖို့ လူကြီးတွေကို ခုံတခုံခြားစီ ကောင်မလေးတွေ နဲ့ ကပ်ပြီးတော့ နေရာချပေးရပါတယ်။

အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးဟာ မြစ်ဖျားဧရာအဖွဲ့က ကောင်မလေးတဦးအား မေဆွိရဲ့  ‘မောင်’ သီချင်းကို ကြိုက်လို့ဆိုပြီး သီဆိုခိုင်းပါတော့တယ်။ အဲဒီ တေးသီချင်းသီဆိုနေပုံကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာနက မှတ်တမ်းတင် သတင်း ရိုက်ကူးနေချိန်မှာ နဝတ အဖွဲ့ ဝင် ဘဘဝန်ကြီး ဗိုလ်အောင်ရဲကျော်က ဘဘဝန်ကြီး ဗိုလ်ဘုန်းမြင့်ကို ‘ထောင်’ ပေးပါတော့တယ်။

ဧည့်ခံပွဲလုပ်တဲ့အချိန်က ည (၇) နာရီထိုးနေပြီးဗိုလ်အောင်ရဲကျော်က “ကိုဘုန်းမြင့်တို့ ပြန်ကြားရေးဝန်ကြီး ဌာနက ဒီသမီးတွေလာတုန်း သီချင်းဆို နေတာကို ဒီနေ့ တီဗွီသတင်းမှာ ပါအောင် လုပ်ပေးဖို့ တာဝန်ကျေအုံးလေ” လို့ ထောင်ပေးတာမို့ ဘဘ ဗိုလ်ဘုန်းမြင့်ခမျာ သူ့ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကို အဲဒီည ရှစ်နာရီအမီ သတင်းမှာပါရေး အတွက် လက်အောက်ကို ဖိအားပေးကာ အာဏာ အစွမ်းပြပါတော့တယ်။ သမီး တို့ကို ဧည့်ခံတဲ့ ဒီသတင်းကို ဒီည(၈) နာရီသတင်းမှာ ပါစေရမယ်ဆိုပြီး ဝန်ကြီး ဗိုလ်ဘုန်းမြင့်က ချက်ချင်းဆိုသလိုပဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒု-ဗိုလ်မှူးကြီး ကြည်လွင်ကို တိုက်ရိုက်အမိန့်ပေးတာကြောင့် ညွှန်ကြားရေးမှူးချုပ်ကြီးခမျာ ည(၇)နာရီသတင်းများ စိစစ်ဖြတ်တောက် အဆင်သင့်ကြေညာဖို့ လုပ်ထားပြီးမှ ဖုတ်ပူမီးတိုက် သတင်းများကို ပြန်လည် စီစဉ်ရပါတယ်။

သတင်းအဆင့်အတန်း သတ်မှတ်ချက်အရ ပိုမြင့်တဲ့ အတွင်းရေးမှူး (၁) သတင်းကို တိုတိုတုတ်တုတ် ချုပ်လိုက်ရကာ သူ့ရဲ့ ဆရာ ဗိုလ်ဘုန်းမြင့်ပါတဲ့ အတွင်းရေးမှူး (၂) သတင်းကို နီးရာဓား ကြောက်ရတာမို့ ကသုတ်ကရက် ဖော်ပြပေးရတဲ့ ဒုက္ခလည်း မသေးလှတာ တွေ့ရပါတယ်။ နိုင်ငံတကာနဲ့ ပြည်သူလူထုကတော့ ဒို့နိုင်ငံကို အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေ ဘာတွေလုပ်နေကြပါလိမ့်လို့ မျှော်လင့်တကြီး (၈) နာရီ သတင်းကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ရမ္မက်ခိုးတွေဝေနေတဲ့ ဗိုလ်ချုပ်တွေရဲ့  မျက်နှာပါတဲ့ သတင်းကိုသာ ကြည့်လိုက် ရပါတော့တယ်။

ဒါ့အပြင် လူမှုဝန်ထမ်းဝန်ကြီး ဗိုလ်သောင်းမြင့်ဟာ တည်းခိုနေကြတဲ့မြစ်ဖျား ဧရာအဖွဲ့က တိုင်းရင်းသူ တဦးကို အလုပ်ခန့်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးစီးတဲ့ Audi ကားနက်ကြီးကို စေလွှတ်ကာ ခေါ်ခိုင်းလိုက် ပါသေးတယ်။ အရင်းစစ်လိုက်တော့ ဗိုလ်သောင်းမြင့် ဟာ မဟာ ကရုဏာရှင်ကြီးပီပီ ‘စောင်’ မကြည့်ရှုလိုစိတ်ဖြင့် အဲဒီကလေးမကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာနမှာ အလုပ်ခန့် ဖိုက်တာတွေ့ ရပါတယ်။ ဒါကို အားမရသေးဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်တွေဟာ တိုင်းရင်းသူ မိန်းကလေးများကို သနားကရုဏာ အဆစ်ပိုကာ ရုံးပိတ်ရက်ကြီး တနင်္ဂနွေနေ့ မှာတောင် ပိတ်ထားတဲ့ သိမ်ကြီးဈေး ကုန်တိုက်ကို ဇွတ်အတင်း ဖွင့်ခိုင်းပြီး မန်နေဂျာကို သူ့အိမ်မှ ပြန်ခေါ်ခိုင်းခဲ့ပါတယ်။

ပြီးတော့ “တယ်လီဗေးရှင်းတွေကို တိုင်းရင်းသူတွေအတွက် လက်ဆောင် ပေးခိုင်းတာကလည်း တမျိုးကြီး ငါသိတယ်နော် အဖိုးကြီး” လို့ အိမ်ကမိန်းမ မျက်စောင်း ခဲရလောက်အောင် အကဲပါနေပြန်ပါတယ်။ အခု နအဖခေတ်မှာတော့ အနံ့ခံကောင်းတဲ့ ကတော်တွေက တပ်စစ်သွားရင် အတင်း လိုက်သွားကြပြီး ယောင်္ကျား တွေက ကုန်သည်တွေနဲ့ ဂေါက်ချိန်းပွဲ ရိုက်နေကြကာ မိန်းမတွေကသာ တပ်ကို စစ်ဆေးနေကြတာ တွေ့ရပြန် ပါတယ်။ ဒီတော့ကာ နယ်စပ်ဒေသ ဖွံဖြိုးရေး ခေါင်းစဉ်ဖြင့် တိုင်းပြည်ဘတ်ဂျက်ကို ကြီးမားစွာ ပြနေတာဟာ ဒီငွေတွေကို တကယ်တမ်း အောက်ခြေသို့ ချပေးရဲ့ လားဆိုတာကတော့ သံသယဖြစ်စရာပါ။

တိုင်းမှူးတွေက ဒီငွေတွေကို ဧည့်ခံစရိတ်တွေမှာ သုံးနိုင်ပြီး ကျန်ငွေကိုသာ အောက်သို့ ချပေးဖို့ များပါတယ်။ ဒါကြောင့် အဓိကအရေးပါတဲ့နေရာ တွေကိုတာဝန်ယူရတဲ့စစ်အာဏာရှင်တွေ အနေနဲ့ တိုင်းပြည်ရဲ့  ကောင်းရာကောင်းကြောင်း လုပ်ဖို့ထက် တိုင်းပြည်ရဲ့  ဘတ်ဂျက်ငွေတွေကို သုံးဖြန်းပြီး ဖောက်လွှဲ ဖောက်ပြန် အလွဲသုံးစား လုပ်နေကြတာမို့ သူတို့ရဲ့  သမိုင်းကြောင်း မကောင်းတာထက် တပ်မတော်ရဲ့  သမိုင်းကြောင်း ထိခိုက်နေတာ မလွဲဧကန်ဖြစ်ပါကြောင်းနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော တပ်မတော်အစား အာဏာမွှန် ဆိုးဝါး ယုတ်ညံ့သော တပ်မတော်လို့ ပြောရင် မှားမယ်မထင်ကြောင်း တင်ပြရင်း နိဂုံးချုပ် လိုက်ပါတယ်။


နအဖ ဧည့်ဂေဟာတွေ ပြောတဲ့ ဇာတ်လမ်းများ

ဗိုလ်ထက်မင်း

နအဖဟာ နိုင်ငံတကာမှ ဖိတ်ကြားထားတဲ့ သံတမန်တွေ၊ ဧည့်သည်တော်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လိုတဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးကစားကွက် ရွေှ့လိုသူတွေကို ပြင်ပ ဟိုတယ်တွေမှာ မထားဘဲ လုံခြုံရေး အကြောင်းပြပြီးတော့ သူတို့ လိုသလို ဇာတ်က လို့ရအောင် သူတို့ရဲ့ ဧည့်ဂေဟာ အဆောက်အဦး ပုရိဝုဏ် အတွင်း မှာသာ ထားရှိ တည်းခိုစေပါတယ်။ အဲဒီလို တည်းခိုစေရာမှာ တည်းခိုမဲ့ ဧည့်သည် အဆင့်အတန်း အပေါ် မူတည်ပြီးတော့ ဧည့်ဂေဟာ အမျိုးအစားများစွာလည်း ထားရှိပါတယ်။ အဲဒီ ဧည့်ဂေဟာတွေကတော့ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၊ အင်းလျားကန်သာ ဧည့်ဂေဟာ၊ အမှတ်(၁၄) အင်းလျားလမ်း တပ်မတော် ဧည့်ဂေဟာ၊ အမှတ်(၁၆) ဥယျာဉ်လမ်း တပ်မတော် ဧည့်ဂေဟာ၊ အမှတ် (၁၆/က) အင်းလျားလမ်း တပ်မတော် ဧည့်ဂေဟာ၊ အမှတ် (၂၀) ဥယျာဉ်လမ်း တပ်မတော်ဧည့်ဂေဟာ၊ အမှတ် (၃၆) အင်းလျားလမ်း တပ်မတော် ဧည့်ဂေဟာနဲ့ အမှတ် (၁၈) ဥယျာဉ်လမ်း တပ်မတော် ဧည့်ဂေဟာ တို့ဘဲ ဖြစ်ကြပါတယ်။ အဲဒီဧည့်ဂေဟာ အချို့ မှာ အသံဖမ်းစက်နဲ့ ကင်မရာ တွေကိုလည်း တပ်ဆင်ထားပါတယ်။

ဧည့်ဂေဟာတွေကို ထိမ်းသိမ်း စောင့်ရှောက်ဖို့နဲ့ ထောက်လှမ်း ရေးနှင့် လုံခြုံရေးတာဝန်တွေအတွက် ကကလှမ်းမှ ဗိုလ်မှူးကြီး မြင့်အောင်ကျော်၊ ဗိုလ်မှူး နိုင်ဦး တို့က ကွပ်ကဲပြီး အရာခံဗိုလ် ထွန်းမြင့်က ကြီးကြပ်ကာ ဧည့်ဂေဟာ တစ်ခုလျှင် အကြပ်ကြီး တစ်ဦးစီနှင့် အကြပ် (၂) ဦးစီကို တာဝန် ချထားခဲ့ပါတယ်။ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာကို နိုင်ငံတော်ရဲ့  အဆင့်(၁) အမြင့်ဆုံး အဖြစ် ထားရှိပြီးတော့ တည်းခိုနိုင်သူများမှာ နိုင်ငံတကာမှ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်သမ္မတ များ ဖြစ်ြကသလို နအဖဥက္ကဋ္ဌရဲ့  လိုလားချက်အရ အရေးကြီးဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ် ထားတဲ့ သူများကိုသာ ပေးပြီး တည်းခိုစေပါတယ်။ ဥပမာ- မစ္စတာ ဂမ်ဘာရီ လိုမျိုး ပြဿနာ ရှာနိုင်မဲ့ ပုဂ္ဂိုလ်မျိုးကို နှုတ်ဆွံ့သွားအောင် သူ့ကို “ဖား” တဲ့ အနေနဲ့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာဘဲ တည်းခိုခိုင်းပါတယ်။ ဧည့်ဂေဟာ စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်မှုကိုတော့ က-က-လှမ်းနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က ပူးတွဲစီစဉ်ပေးပြီး လှည့်လည် သွားလာရေး အစီအစဉ် (Schedule) ကို MOFA (Ministry of Foreign Affairs) အဖွဲ့က ရေးဆွဲရပါတယ်။

အင်းလျားကန်သာ ဧည့်ဂေဟာကိုတော့ ဘဏ်ရိပ်သာလို့လည်းခေါ်ပြီး နိုင်ငံတော် အဆင့်(၂)ရှိသူ ဒုတိယ သမ္မတများ၊ ၀န်ကြီးချုပ် အဆင့်ရှိသူများ တည်းခိုဖို့ ဖြစ်ပါတယ်။ အဲဒီ ဧည့်ဂေဟာရဲ့  စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကို က-က-လှမ်းမှ ဒုအရာခံဗိုလ် ထွန်းခင်က ကိုင်တွယ်ခဲ့ပြီး ဧည့်ဂေဟာ ပြင်ဆင်မှုကို MOFA (မိုဖာ) မှ ဆောင်ရွက်ခဲ့ပါတယ်။

အင်းလျားလမ်းနဲ့ ဥယျာဉ်လမ်း တပ်မတော်ဧည့်ဂေဟာများ (၆) ခုကိုတော့ နိုင်ငံတော် အဆင့်(၃)အဖြစ် ထားရှိပြီး အဲဒီ ဧည့်ဂေဟာများရဲ့  ထိမ်းသိမ်း စောင့်ရှောက်ရေး နဲ့ (ထောက်လှမ်းရေး/လုံခြုံရေး) တာဝန် ချထားမှု အ၀၀ကို က-က-လှမ်းမှ တိုက်ရိုက် ဆောင်ရွက်ပါတယ်။ အဆိုပါဧည့်ဂေဟာ တွေကိုတော့ ကကလှမ်းမှ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ အထူးသဖြင့် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ ကဲ့သို့ ပုဂ္ဂိုလ်များ၊ ဘိန်းဘုရင် MTA ခေါင်းဆောင် ခွန်ဆာကဲ့သို့ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ ဗိုလ်ချုပ်ကြီးများ၊ စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ် တို့ရဲ့ ဧည့်သည်တော်များ၊ ဒေါ်အောင်ဆန်းစုကြည်အား စိတ်အနှောင့် အယှက် ဖြစ်စေမဲ့ အိမ် အမွေအမှု ကိစ္စ ဖန်တီးစေဖို့ ဦးအောင်ဆန်းဦးကဲ့သို့ အသုံးချဖို့ လိုတဲ့ပုဂ္ဂိုလ်များအား တည်းခို စေပါတယ်။ တပ်မတော် ဧည့်ဂေဟာတွင် KNU နဲ့ နအဖတို့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲ တခုမှာ ဗိုလ်ချုပ်မြက ရိုးသားဖို့ လိုကြောင်း ပြောခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်က Gentle-man Agreement ကို ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်မောင်အေး တို့ရဲ့  သဘော တူညီချက် ရရှိထားပြီး ဖြစ်လို့ တာဝန်ယူကြောင်း ပြန်ပြောခဲ့ပေမဲ့ တကယ်တမ်း လက်တွေ့နယ်ပယ်မှာ ကတိပျက်ခဲ့တဲ့ နအဖကိုတော့ ဧည့်ဂေဟာတွေက သိရှိ သက်သေထူနေပါတယ်။

နောက်တစ်ခုထူးခြားတာကတော့ မြောက်ကိုးရီးယား က အနုမြူဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ၁၉၉၉ခုနှစ်က လာရောက်တည်းခိုကြတဲ့အခါမှာ သတင်းအဆင့် ပိုမိုလုံခြုံ စိတ်ချစေရေးအတွက် သူတို့ကို ဧည့်ဂေဟာတွေမှာ မထားတော့ဘဲ အိုးအိမ်ဦးစီးဋ္ဌာနပိုင် သာကေတ အေးနန္ဒာအိမ်ယာ လုံးချင်းတိုက်ခန်း နှစ်လုံးမှာ လိုလေသေးမရှိ စီစဉ်တည်းခို စေခဲ့တာဘဲဖြစ်ပါတယ်။ အဲဒီ နိုင်ငံတော် အဆင့်(၃) တပ်မတော် ဧည့်ဂေဟာ (၆) ခု တွေမှာ တွေ့ဆုံဆွေးနွေးပွဲများ၊ နှုတ်ဆက်ပွဲများ၊ သင်္ကြန်ပွဲများ၊ ဧည့်ခံပွဲများ၊ ပုဂ္ဂိုလ်ရေး ဧည့်သည်တော်များ၊ လျှို့ ဝှက် ဧည့်သည်တော်များ အတွက် အသုံးပြုခဲ့တာ တွေ့ရပါတယ်။ တပ်မတော် ဧည့်ဂေဟာ နိုင်ငံတော် အဆင့် (၁)၊ (၂)၊ (၃) တွေ အားလုံးကို ထိပ်တန်း လျှို့ ဝှက်အဆင့် သတ်မှတ် ထားတာကိုလည်း တွေ့ရပါတယ်။

အမှတ်(၁၄) အင်းလျားလမ်း တပ်မတော်ဧည့်ဂေဟာ ဟာ ဧည့်ဂေဟာတွေ ထဲမှာ Top ထိပ်ဆုံးက ဧည့်ဂေဟာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေတို့ အမှတ် (၁၄) အင်းလျားလမ်း တပ်မတော် ဧည့်ဂေဟာမှာ လျှို့ ဝှက်တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ထမင်းလက်ဆုံ စားပွဲများ ကိုလည်း ကျင်းပခဲ့ပါတယ်။ အဲဒီ ထမင်းစားပွဲသို့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်၊ စစ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီထမင်းစားပွဲမှာ ဗိုလ်မောင်အေးက ဒေါ်အောင်ဆန်းစုကြည်နှင့် အချိန် အတော်ကြာ အလွတ်သဘော စကားပြောခွင့် ရတဲ့အပေါ် တစ်ဦးနှင့်တစ်ဦး အကဲခတ် လေ့လာခဲ့ ကြကြောင်း သိရပါတယ်။ နအဖဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူတို့ သဘောတူညီချက် ရရှိခါစက တစုံတရာ သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ဒီပဲယင်း ပြဿနာ ဖြစ်မှ သာသူတို့ လွန်နေတာကို ကာတဲ့ အနေနဲ့ အဲဒီ တွေ့ဆုံပွဲကို ၀ါဒဖြန့်ချီရေး အတွက် သတင်း ထုတ်လွှင့်သွားခဲ့တာ ဖြစ်ပါတယ်။ ဧည့်ဂေဟာမှာ စတင် အခြေခံ ရရှိထားတဲ့ အမျိုးသား ညီလာခံကို NLD တက်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်နဲ့ လွှတ်ဖို့ သဘောတူညီချက် ကို ဖောက်ဖျက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က “ရှင်တို့ ဗိုလ်ချုပ်တွေ ကတိ ပျက်ဖို့ လွယ်လွယ်လေးဘဲ” လို့ ဝေဖန်ခဲ့ဖူးပါတယ်။

အဲဒီ အမှတ်(၁၄) အင်းလျားလမ်း ဧည့်ဂေဟာ မှာ ကကလှမ်း မိသားစုရဲ့  နှစ်စဉ် သင်္ကြန်ပွဲ ကို ကျင်းပ ပေးကာ အဲဒီပွဲကို ဗိုလ်မောင်အေး အား အထူး အဓိက ထားပြီး ဖိတ်ကြားခဲ့တာတွေ့ရပါတယ်။ ဒ့ါအပြင် ဒီရေကစားပွဲသို့ သံအမတ်ကြီးများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂ လက်အောက်ခံ ရုံးများမှ ကိုယ်စားလှယ်များ၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများ နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး နဲ့ ထောက်လှမ်းရေး တပ်မှူးများနှင့် မိသားစုများ၊ လက်ရွေးစင် ရွေးထားတဲ့ A-1 စိုးမြင့်၊ တင်တင်မြတို့ တီးဝိုင်းနှင့် အနုပညာရှင် ပေါင်းစုံ တို့တက်ရောက်ခဲ့ ကြတာတွေ့ရပါတယ်။ တခါတလေ ဗိုလ်မောင်အေး နဲ့ ဗိုလ်ခင်ညွှန့်တို့ရဲ့ တစ်နှစ်တာ အစာမကြေ ခဲ့သမျှကို သင်္ကြန်မှာ အကြောဖြေပွဲလို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ ဗိုလ်ခင်ညွှန့်က ဗိုလ်မောင်အေးကို ရေလောင်းတဲ့ အခါမှာ ဓာတ်ပုံမှာ ဖြစ်ဖြစ်၊ တီဗွီထဲမှာဘဲ ဖြစ်ဖြစ် မပါ ပါအောင် သတင်းထောက်များက သတိထားပြီး ထည့်ပေးကြရပါတယ်။

မီဒီယာတွေ ရှေ့ မှာတော့ ဟန်ဆောင်ပြုံးပြရပြီး နောက်ပိုင်းမှာ ပျော်ရွှင်မှု လုံးဝ ပြသမှု မရှိတာကို တွေ့ရပါတယ်။ဗိုလ်မောင်အေးက ချပေးထားတဲ့ စားသောက်ဖွယ်ရာများကို စားသုံးမည့်အခိုက်မှာ ဇွန်းမရှိလို့ မြည်တွန်တောက်တီးတဲ့ အသံဟာ ဧည့်ဂေဟာခန်းမ တစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး ထောက်လှမ်းရေး စားပွဲထိုးများ ပြာယာခတ်တဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်။ရေကစားပွဲ တစ်ခုမှာ ပြင်ဆင်မှု ချွတ်ချော်သွားလို့ ဗိုလ်မြင့်အောင်ကျော်က ဆူပူကြိမ်းမောင်း တာကြောင့် ဗိုလ်နိုင်ဦးမှာ ခြုံးပွဲချ ငိုရတဲ့အထိလည်း ရုပ်ပျက်ခဲ့ရပါတယ်။ အဲဒီရေကစားပွဲမှာ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေဟာ “အမုန်းတရားကို ဖြေ” ဆိုတဲ့ အဓိပ္ပာယ် စာသားတွေ များများပါ ၀င်သောသီချင်းကို ကိုယ်တိုင်သီဆိုပြီး MRTV မှာ လွှင့်ခဲ့တာဟာဖြင့် တပ်တွင်း သဘောကွဲလွဲမှု တင်းမာမှု အက်ကြောင်း “ဟ” သံ ဖြစ်ပါတယ်။

အမှတ်(၂၀) ဥယျာဉ်လမ်း ဧည့်ဂေဟာကတော့ ကကလှမ်း အတွင်းက အရာရှိများ အချင်းချင်း နှုတ်ဆက်ပွဲ၊ မိတ်ဆက်ပွဲများ၊ ဗိုလ်ခင်ညွှန့်ရဲ့  မိသားစု ပါတီပွဲများ၊ နှစ်သစ်ကူး ညစာစားပွဲများ၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်မှ ဖိတ်ကြားထားတဲ့ လျှို့ဝှက် ဧည့်သည်များ တည်းခိုရေးနှင့် ညစာကျွေးမွေးခြင်းများ၊ တစ်လတစ်ကြိမ် အထူး ဧည့်သည်တော်များ ဖိတ်ကြားလို့ ညစာ ကျွေးမွေးဧည့်ခံခြင်းများ ကျင်းပရာ နေရာ ဖြစ်ပါတယ်။ အမှတ်(၁၆) အင်းလျားလမ်း ဧည့်ဂေဟာကတော့ ဗိုလ်ခင်ညွှန့် ကိုးကွယ်တဲ့ တာချီလိတ်မြို့က နဂါးနှစ်ကောင် ဆရာတော်နှင့် မိုင်းဖုန်း ဆရာတော်များ တည်းခိုရာ ဂေဟာ ဖြစ်ခဲ့ပါတယ်။

ဧည့်ဂေဟာတွေ အားလုံး နီးပါးကို ကကလှမ်းက သူ့လက်သူ့ခြေနဲ့ ချုပ်ကိုင် ထားတာ တွေ့ရပါတယ်။ ကကလှမ်းရဲ့  ငွေကြေးဆိုင်ရာ အသုံးစရိတ် ဘတ်ဂျက်တွေဟာ သာမန်ခြေလျင်တပ်ရင်း တပ်ဖွဲ့တွေနဲ့ မတူဘဲ စာရင်းစစ် ချုပ်ရုံးမှ Audit စာရင်းစစ် ကင်းလွတ်ခွင့် ရရှိထားတဲ့ တစ်ခုတည်းသော အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ကကလှမ်းဟာ နိုင်ငံတော်ရဲ့  ငွေကြေးဥစ္စာတွေကို သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်း ဖြုန်းခွင့်၊ အထူး အခွင့်အရေး ကို စိတ်ကြိုက် ရနေခဲ့ပါတယ်။ အဲဒီအခါမှာ ဗိုလ်သန်းရွှေ အနေနဲ့ သူ့ကိုခြေရာ တိုင်းတယ်ဆိုပြီး ထောက်လှမ်းရေးတွေကို နှိပ်ကွပ်လိုက်ပါတယ်။ ပညာတတ် ဆရာဝန်မကြီးဖြစ်တဲ့ ဒေါ်ခင်ဝင်းရွှေကို ဒေါ်ကြိုင်ကြိုင်က မနာလို မရူစိမ့် ဖြစ်နေတာလည်း အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ တပ်မတော်ထဲမှာ ထောက်လှမ်းရေးကို ဖျက်သိမ်း လိုက်ပေမဲ့ ဒီကနေ့ ထောက်လှမ်းရေး နေရာကိုယူထားတဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တို့၊ စရဖတို့ကို ဗိုလ်သန်းရွှေက မြှောက်စားထား ပြန်ပါတယ်။ အဲဒီအဖွဲ့တွေကိုလည်း အာဏာရူး စစ်ဘီလူး သန်းရွှေ ကဘယ်အချိန်မှာ ဘယ်လို အကြောင်းပြချက် နဲ့ နှိပ်ကွပ်ဦး မလဲဆိုတာ ယခင် ထောက်လှမ်းရေး ဖြစ်စဉ်တွေအရ သင်ခန်းစာယူသင့်ပြီး တပ်မတော် သားများ အနေနဲ့ အချိန်မှီ ပြည်သူ့ဘက် ရပ်တည်ကြပါလို့် တိုက်တွန်း ရေးသားလိုက် ရပါတယ်။


အာဏာရူးတဲ့ ကြံ့ဖွံ့ အတွင်းရေးမှူး


ဗိုလ်ထက်မင်း

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ စက်မှုကဏ္ဍဟာ အတိုးတက် အမြင့်မားဆုံး ခေတ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေကတော့ စက်စွမ်းအား (၇ဝ) ရာခိုင်နှုန်းအထိ ကျဆင်းနေလို့ (၁၁၅) ရာခိုင်နှုန်း ကုန်ထုတ်လုပ်မှုကို မရနိုင်မှန်း သိလျက်နဲ့ ဝန်ကြီးက မျက်စိမှိတ်ပြီး ထုတ်လုပ်သည့် ကုန်ပစ္စည်းတန်ဖိုးအား အရေအတွက် တိုးတက်မှုဖြင့် ပြရမယ့်အစား ပစ္စည်းဈေးနှုန်းကို အဆမတန်မြှင့်ပြီး ကိန်းဂဏန်း စာရင်းဇယားတွေကို လိမ်လည် ပြသခိုင်း နေတာတွေကြောင့် မြန်မာပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှု အမှန်မရှိတာ တွေ့ရပါတယ်။

စက်မှု (၁) နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ကျော်သာ၊ ရတနာသိင်္ဂီ၊ လွယ်ဟိန်း၊ ရွှေသံလွင်၊ မားသား ထရေးဒင်းစတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်အား သီးခြား မရရှိနိုင်လို့ စက်မှု (၁) ဝန်ကြီးနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာကြပါတယ်။ စက်မှု (၁) ကို အကြောင်းပြကာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းနေကြပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေးမြင့် ကုန်ကြမ်း ပစ္စည်းကို ရောင်းစားပြီး ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ ကုန်ကြမ်းပစ္စည်းတွေကို အစားထိုးသုံးခြင်းနဲ့ ရောနှော သုံးခြင်းတွေ ပြုလုပ်ကြပါတယ်။

အဲဒီလို ၀န်ကြီးနဲ့ သူ့တပည့် ၀န်ထမ်းတွေဟာ ကုန်သည်များနဲ့ ပေါင်းပြီး မသမာမှု လုပ်နေတာတွေကြောင့် စက်မှု (၁) ကထုတ်နေတဲ့ ကုန်ပစ္စည်း တွေရဲ့  အရည်အသွေးတွေဟာ ညံ့ဖျင်း ကျဆင်းနေကာ အရှုံးပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မသမာမှုတွေ အမျိုးမျိုးနဲ့ အစွမ်းကုန် ကိုယ်ကျိုး စီးပွားရှာတဲ့ စက်ရုံမှူး အများစုကြောင့် စက်ရုံတွေဟာ အရှုံးပေါ်ပြီး နာလန်မထူနိုင်အောင် ဖြစ်နေရပါတယ်။

“င” လေးလုံးကိုရှောင်ဆိုတဲ့ ဗိုလ်သန်းရွှေရဲ့ ဆောင်ပုဒ်ကို လိုက်နာရမယ့်အစား “င” လေးလုံးကို ဆောင်ပြီးတော့ ငါ့အတွက်၊ ငါ့မိန်းမအတွက် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက် မရှက်မကြောက် ပေါ်ပေါ်ထင်ထင် အစွမ်းကုန် လုပ်ဆောင်နေတဲ့ ဦးအောင်သောင်းလို အာဏာရူးအား ဗိုလ်သန်းရွှေက ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးစရာရှိနေပါတယ်။

သူ့ရဲ့ အမျိုးကောင်းစားရေးမူဝါဒနဲ့ တကယ့်ပညာရှင်တွေကို လုပ်ပိုင်ခွင့်မပေးဘဲ ဘေးဖယ် ချောင်ထိုးထားတဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေကြောင့်လည်း စက်မူ (၁) ရဲ့  လုပ်ငန်းတွေဟာ အခုလို ဆုံးရှုံးရတာလို့လည်း ၀န်ထမ်းတွေက ထင်မြင်ချက် ပေးပြန်ပါတယ်။ ဦးအောင်သောင်းအနေနဲ့ အရှက် ရှိတယ်ဆိုရင် သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ဖို့ သင့်ပေမယ့် နောင်လာမယ့် အစိုးရအဖွဲ့ထဲမှာ ဆက်လက် ခြယ်လှယ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတဲ့အထိ အာဏာကို မတန်မရာ ယစ်မူးနေဆဲ ဖြစ်နေပါတယ်။

စက်မှု (၁) လက်အောက်ခံ သာပေါင်းစက္ကူစက်ရုံကြီးဟာ ကြီးမားတဲ့စက်ရုံကြီးဖြစ်ပြီး ကြိတ်ဝါးမှု စွမ်းအား မြင့်မားလို့ နွေရာသီမှာ နေ့စဉ်ဝါးတွေကို ကားအစီးပေါင်း (၆ဝ) မှ (၁ဝဝ) အထိ သယ်ယူဖို့ လိုအပ်ပေမယ့် ကားများနဲ့ စက်သုံးဆီများ မရှိဘဲ အခက်အခဲ ကြုံတွေ့နေကြောင်း သိရပါတယ်။ မူလကတည်းက ကုန်ကြမ်းသယ်ဖို့ ဘတ်ဂျတ်မှာ ထည့်မဆွဲတာလား၊ ထည့်ဆွဲလျက်သားနဲ့ ငွေတွေ ပျောက်သွားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်၊၊

အဲဒီစီမံကိန်းမှာ ပူးပေါင်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီကို ဝန်ကြီးက လာဘ်လာဘအဖြစ် နအဖဥက္ကဋ္ဌကို ဖားရန် ရဟတ်ယာဉ်တစင်း၊ သူ့အတွက် တစင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးအတွက်ကိုတော့ စက်မှု (၁) ကထုတ်တဲ့ ခပ်ညံ့ညံ့ ဗလာစာအုပ်တွေကိုတောင် အလုံအလောက် ထုတ်မပေးနိုင်တာ ပြည်သူတွေ အားလုံးသိကြပါတယ်။ သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ ၎င်းရဲ့ သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာ အကွယ်ယူခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နှိပ်ကွပ်မဲ့ အန္တရာယ်ကို စိုးရိမ်ပြီး စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင် နဲ့ အထည်စက်ရုံမှူးအား အထူး တာဝန်ပေးကာ ဗိုလ်သန်းရွှေမိသားစုရဲ့ မီးဖိုချောင်ကိစ္စကို တာဝန်ယူ လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးအိမ်တော်ကြီးဟာ ဦးအောင်သောင်း ချက်ပြုတ်စီမံမှ စားရတဲ့ဘဝ ရောက်ရှိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချရာမှာလည်းကောင်း၊ သူ့ရဲ့  ဆရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည် ကို ဖြုတ်ချရာမှာ လည်းကောင်း၊ ဒီပဲယင်း အရေးအခင်းဖြစ်အောင် အကောင်အထည်ဖော်ရာမှာ လည်းကောင်း၊ ဦးအောင်သောင်းဟာ အဓိက အခန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဂျုံလုပ်ငန်း စက်ရုံမှူးဟာ ဆီချေးစော် နံနေတဲ့ စက်ရုံထုတ်ခေါက်ဆွဲတွေနဲ့ မုန့်တွေရောင်းမကောင်းလို့ အရှုံးပေါ်မှာ စိုးရိမ်ပြီး ဂျုံကုန်ကြမ်းတွေကို နှစ်စကတည်းက ဝယ်ယူထားကာ ထုတ်လုပ်မှုနည်းစဉ်အတိုင်း ကုန်ချောကို မထုတ်လုပ်တော့ဘဲ ကုန်ကြမ်းကိုသာ နှစ်ကုန်မှာ ဈေးတက်လို့ အမြတ်ရရှိဖို့ ရောင်းစားခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှုဖြစ်ပြီး ဝန်ကြီးအနေနဲ့ ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီများနဲ့ လာဘ်စားထားတာပေါ်မှာ စိုးရိမ်ကာ စက်ရုံမှူးကို ပင်စင်တောင်မပေးဘဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်သောင်းရ့ စီးပွားရေးသောင်းကျန်းမှုဟာ သူတဦးတည်းမဟုတ်ဘဲ သူ့ရဲ့သား ကိုနေအောင် ဦးစီးတဲ့ အောင်ရီဖြိုး ကုမ္ပဏီဟာလည်း ပြဿနာဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ ဖခင် အရှိန်အဝါကို သုံးပြီး Export/ Import ဆန်တွေကို လုပ်ကိုင်နေစဉ် မသမာမှု ရှိနေကြောင်း သတင်းရလို့ အထူးရဲက ဖမ်းဆီးစစ်ဆေး ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ ထိပ်တိုက်တွေ့ကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းလိုက်ရ ကြောင်း သိရှိရပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ရန်ကုန်မြို့ ရန်ကင်းမှာရှိတဲ့ ကျောင်းကြီးကျောင်းတိုက်မှာ ကျောင်းဒကာအဖြစ် ဆည်းကပ်ကိုးကွယ်နေပြီး စက်မှု (၁) ရဲ့ အလှူပွဲတွေကို အဲဒီ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းရာမှာ ဦးအောင်သောင်းဟာ အဓိကပါဝင် လှုပ်ရှားခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ကိုအေးလွင်ဦးစီးတဲ့ (၈၈) မျိုးဆက် စင်ပြိုင်ကျောင်းသားအဖွဲ့၊ ဒေါက်တာစိုးလင်း၊ ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်းတို့ ပါဝင်တဲ့ စင်ပြိုင် အန်အယ်လ်ဒီအဖွဲ့၊ စင်ပြိုင်အမျိုးသားရေးအဖွဲ့ စတာတွေကို စုစည်းစေကာ ဖျက်မြင်းအသွင် အတိုက်အခံများ အား တန်ပြန်တဲ့ အစီအမံများအား ကြပ်မတ် ဆောင်ရွက်ခဲ့တာဟာ ဦးအောင်သောင်းရဲ့ လက်ချက် ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

ဒါ့အပြင် ဦးအောင်သောင်းဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာလည်း ရဟန်းသံဃာတွေရဲ့  ကြီးမားတဲ့စွမ်းအားကြောင့် ကြံ့ဖွံ့တွေ မနိုင်မနင်း ဖြစ်နေလို့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု (၁) ဝန်ကြီးရုံးအဟောင်းမှာ စက်မှု (၁) ရွှေတောင် စက်ရုံ ၀န်ထမ်းများအား အမာခံ ထားကာ ဝန်ထမ်းတွေကို အသင့်ပြင်၊ စုဖွဲ့နေခိုင်းပြီး လိုအပ်လာရင် ကြ့ဖွံ့တွေနဲ့ ရောနှောကာ စွမ်းအားရှင် အမည်ခံ၍ ချေမှုန်းနိုင်ရေး စီစဉ်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ ကြံ့ဖွံ့အတွင်းရေးမှူးပီပီ နောင်ပေါ်လာမယ့် အစိုးရအဖွဲ့အသစ်မှာ နေရာရရှိဖို့အတွက် မီးကုန်ယမ်းကုန် အစွမ်းပြကာ သောင်းကျန်းနေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရရှိနေတဲ့အပေါ်မှာလည်း မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပအားကိုးသူအဖြစ် စွပ်စွဲကာ နောင်ဖွဲ့မယ့် အစိုးရအသစ်မှာ မထိုက် တန်ကြောင်း ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တွေကို အစည်းအဝေးတိုင်းမှာ မကြာခဏ တိုက်ခိုက် ပြောကြား နေတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်သောင်းဟာ ဘုရားသားရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာတော့ အကြပ်ရိုက်ခဲ့ပါတယ်။ မန္တလေးနဲ့ ကျောက်ပန်းတောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အပြေးအလွှား သွားရောက်ပြီး ဆွမ်းကပ်လှူခဲ့၊ စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မရှုမလှ ဆုတ်ခွာခဲ့ရပါတယ်။ ပြည်သူလူထုဟာ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များကို အင်တာနက်တွင် နာမည်နှင့်တကွ ချေမှုန်းဖို့ ဖော်ပြခဲ့သလို ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်တဲ့ ငပွကြီး မောင်အောင်သောင်း အကြောင်းကိုလည်း ဆက်လက် ဖော်ပြပေးလိုက်ရပါတယ်။


စိန်ခေါ်နေတဲ့ ဧရာဝတီ


ဗိုလ်ထက်မင်း

နအဖရဲ့  နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာအရ မြန်မာပြည် ဝင်ပေါက်၊ အချက်အချာ ကျတဲ့ တိုင်းကြီး ကတော့ တိုင်းနဲ့  ပြည်နယ် (၁၄)ခု အနက် ဧရာဝတီတိုင်းဘဲ ဖြစ်ပါတယ်၊၊ အစ ပထမကတော့ နအဖဟာ ဧရာဝတီတိုင်းကို အဖြူရောင်နယ်မြေ အဖြစ်နဲ့သာ လျှော့ပေါ့ တွက်ဆခဲ့ကြပါတယ်၊၊ နောက်ပိုင်းမှာတော့ သမိုင်းဖြစ်စဉ်များအရ တစထက်တစ အရေးပါတဲ့ တိုင်းအဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်၊၊ နအဖရဲ့  နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာ (National Defense Strategy) အနေအထား အရ နယ်နိမိတ်ချင်း ကပ်လျက်ရှိတဲ့ အိမ်နီးချင်း နိုင်ငံများအနက် ထိုင်းနိုင်ငံနဲ့ နီးတဲ့ နယ်စပ်တွေမှာ အတိုက်အခံ အဖွဲ့ အစည်းများနဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များစွာရှိနေရာ ရန်သူ ဧရိယာအဖြစ် မျှော်လင့် နိုင်ဆုံး ဖြစ်တာမို့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်၊ မွန်၊ ကယား ပြည်နယ်များကို အညိုရောင်နယ်မြေ၊ အမဲရောင်နယ်မြေ ရှေ့တန်း စစ်မျက်နှာများအဖြစ် သတ်မှတ် ထားကြပါတယ်၊၊ ဒါကြောင့်လည်း တိုင်း၊ တပ်မ၊ ဒကစ၊ စကခ ဖွဲ့စည်းပုံတွေကို တိုးချဲ့ ပြီး တိုက်ခိုက်ရေး ခြေလျင်/ခြေမြန် တပ်ရင်းသစ်များ၊ ရေဒါနဲ့ လေကြောင်းကာကွယ်ရေးတပ်များ အမြောက်အမြားအား နယ်စပ်ဒေသများ အထိ ထူထပ်စွာ နေရာချထား ခဲ့ပါတယ်၊၊

အဲဒီလို နအဖက ပြင်ဆင်နေချိန်မှာ ရုတ်တရက် KNU က ဧရာဝတီတိုင်း အတွင်း ထိုးဖောက် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲခဲ့ပါတယ်။ KNU တပ်ဖွဲ့ များ လျှို့ ဝှက်စွာ ခြေကုတ်ယူနေချိန်မှာ ၁၉၉၁ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့က ဧရာဝတီတိုင်း ဘိုကလေးမြို့  ကပ်သမှီကျေးရွာအနီး လှည့်ကင်းရဲ တပ်စု တစ်စု နဲ့ KNU တပ်ဖွဲ့တို့ ရုတ်တရက် တိုက်ပွဲဖြစ်ပေါ်ခဲ့ရာမှ နအဖ စစ်အာဏာရှင်များဟာ ထိတ်လန့်တကြား ဖြစ်ပေါ် ခဲ့ရပါတယ်၊၊ အဲဒီအချိန်က မြန်မာ့တပ်မတော်မှာ ရက်စက်ကြမ်းကြုတ်မှု အဆိုးဝါးဆုံး သူများဖြစ်ခဲ့တဲ့ ယခင် နတခတိုင်းမှူး ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နဲ့  ဒုဗိုလ်ချုပ်ကြီး ဝင်းမြင့် တို့ဟာ နတခ တိုင်းတပ်များနဲ့  တပ်မ (၁၁) တို့ ကို ပူးတွဲ အသုံးပြုပြီးတော့ ဧရာဝတီတိုင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ကရင်လူမျိုးများအား လူမျိုးတုန်း သုတ်သင် သတ်ဖြတ်ခဲ့ကြပါတယ်၊၊ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင်ဟာ တပ်မ (၄၄) တပ်မမှူး ဘ၀တုန်းက မဲသဝေါ တိုက်ပွဲမှာ ရဲဘော်များ အတုံးအရုန်း ကျဆုံးအောင် အဓမ္မ တိုက်ခိုက်ခိုင်းခဲ့လို့ သူ့အား လူ့ဘီလူးသဖွယ် တပ်မတော် အရာရှိများက သတ်မှတ်ကာ ရွံ့ရှာ ခဲ့ဖူးပါတယ်။

စစ်ရုံးမှာ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ကလည်း တရုတ်ပြည်က ၀ယ်လာတဲ့ ဒုံး လက်နက်များနှင့် ဗုံးများကို စက်ပစ်ကွင်း တကူးတက ရှာနေရန် မလိုဘဲ လူသား စက်ပစ်ကွင်းအဖြစ် ဧရာဝတီတိုင်းမှာ လက်တွေ့လုပ်ရင် ပိုကောင်းကြောင်း နတခ တိုင်းမှူး ဗိုလ်မြင့်အောင်အား ပြောခဲ့ပါတယ်။ ဒါ့အပြင် ရုရှားက ၀ယ်လာတဲ့ MI – 17, MI 2 ရုရှားရဟတ်ယာဉ်များ ရဲ့ စွမ်းရည်ကို စမ်းသပ်လိုတဲ့ အနေနဲ့ စစ်သည်များကို ကျောပိုးအိတ်ပိုးကာ လမ်းမလျှောက်ခိုင်းဘဲ ရဟတ်ယာဉ် ပေါ်မှာပင် တင်ဆောင်ခြင်းနဲ့ တပ်ရွှေ့ ပြောင်းခြင်း နည်းဗျူဟာကို တစ်ရွာနှင့် တစ်ရွာ ကူးပြောင်းတဲ့အခါ ရဟတ်ယာဉ်ဖြင့်ပင် စစ်ကစားရင်း စစ်မြေပြင်မှာ လေ့ကျင့် တိုက်ခိုက်စေခဲ့ပါတယ်။ ရေတပ်မှ စစ်ရေယာဉ်များ ကိုလည်း ပိတ်ဆို့စေပြီး ထွက်ပြေးလာတဲ့ လှေများကို ရန်သူ အရပ်သား မခွဲခြားစေတော့ဘဲ အမြောက်နဲ့ ပစ်မြှပ်စေ ပါတော့တယ်။ MI – 2 ပေါ်မှာ ပါလာတဲ့ ဝေဟင်မှ မြေပြင်ပစ် ဒုံးပျံ Missile များနဲ့ Church ကျောင်းမှာ ခိုလှုံ နေကြတဲ့ ကရင်ရွာသူရွာသားတွေကို ပစ်ခွင်း သတ်ဖြတ်ခိုင်းတဲ့အထိ ကျူးလွန် ခဲ့ကြပါတယ်၊၊ လူသား ပစ်မှတ်များ အဖြစ် သတ်မှတ်ပြီး လက်နက် စမ်းသပ် နယ်မြေအဖြစ် တချို့  ရွာများကို တရုတ် လက်နက် တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်၊၊ကရင် ရွာသားများရဲ့  အလောင်းတွေကို အစုလိုက် အပြုံလိုက် ရေထဲကို ပစ်ချခြင်းနဲ့ ကျင်းတူး မြုပ်နှံခြင်း ပြုလုပ်ခဲ့လို့  ဧရာဝတီတိုင်းမှာ ရှိတဲ့ ကရင်လူထုဟာ ယနေ့ ထက်တိုင် နာကျည်းမှု ရှိနေကြပါတယ်၊၊

ဒါကြောင့် နအဖ အနေနဲ့ ဧရာဝတီတိုင်းဟာ မြန်မာပြည်ရဲ့  ပြည်တွင်း သို့ ဝင်ပေါက် အလွယ်ကူဆုံး နေရာအဖြစ်နဲ့ သတိပြုလာမိခဲ့ပါတယ်၊၊ စစ်ရေး နည်းဗျူဟာ အရ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ် တွေကတော့ ရခိုင်ရိုးမတောင်တန်းနဲ့ ဒေါန တောင်တန်းကြီးတွေ ရှိနေတာမို့ အလွယ်တကူ နဲ့ ပြည်မထဲကို ဝင်ဖို့ မလွယ်ကူဘဲ ဧရာဝတီတိုင်းဟာ ရေလမ်းခရီးနဲ့  ပင်လယ်မှ အလွယ်တကူ ဝင်ရောက်နိုင်ပြီးတော့ မြစ်ချောင်း၊ အင်းအိုင်များစွာရှိလို့  ကိုယ်ယောင်ဖျောက် တပ်ဖျောက် နေနိုင်တာကို သတိထား မိလာပါတယ်၊၊ ဒါ့အပြင် ဧရာဝတီတိုင်းဟာ ဆန်ရေ စပါးပေါများလို့ တပ် အတွက် ရိက္ခာမပူပင်ရဘဲ ရန်ကုန်မြို့ တော်ကို အလွယ်တကူ ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်၊၊ ဧရာဝတီတိုင်းရဲ့  စစ်တိုင်းဖြစ်တဲ့ နတခတိုင်းမှူးတွေဟာ တပ်မတော် သမိုင်းမှာ ထိပ်တန်း ရာထူးသို့ တက်လှမ်း ခဲ့ကြသူများ ဖြစ်ကြပါတယ်၊၊ ဓနုဖြူ မဝတဥက္ကဋ္ဌ ဗိုလ်ကြီးမြင့်ဦးကို ဒေါ်အောင်ဆန်းစုကြည်အား သေနတ်နဲ့ ချိန်ခိုင်းထားတဲ့ ဒုဗိုလ်ချုပ်ကြီးမြင့်အောင် ကအစ ဗိုလ်ချုပ် တင်လှ၊ ဗိုလ်ချုပ်ဌေးဦး၊ စစ်ရေးချုပ် ဗိုလ်ချုပ် သူရမြင့်အောင်၊ ဗိုလ်ချုပ်ရွှေမန်း အဆုံး စစ်အာဏာရှင်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အထိဟာ နတခတိုင်းမှူး ဘဝကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်ကြပါတယ်၊၊

ဧရာဝတီတိုင်းအတွင်း စစ်ဆင်ရေး လုပ်ရာမှာ အခြားတိုင်းနဲ့ ပြည်နယ်များနဲ့ မတူဘဲ စစ်နည်းဗျူဟာအရ ကျွန်းငယ်များ၊ ဂုန်လျှော်တော၊ ဝါးတော၊ ကြံတော၊ ဒိုက်တော စတဲ့ ကျဉ်ကွယ်၊ မျက်ကွယ်၊ ချောင်းငယ်၊ မြောင်းငယ်၊ မြစ်လက်တက်ငယ်များစွာ ရှိလို့  စစ်ကစားရန် မလွယ်ကူတာမို့  ကြည်းတပ် တစ်ခုထဲ မရဘဲ ရေတပ်၊ လေတပ် တို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ပြည်သူလူထု ပါဝင်တဲ့ ပြည်သူ့  စစ်မဟာဗျူဟာအရ သာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်၊၊ ဒါ့အပြင် National Defense Strategy အရ နိုင်ငံတကာ စစ်ပွဲကြီးများ ဖြစ်ပွားခဲ့ရင် ပြည်သူ့ စစ်မဟာဗျူဟာနဲ့  ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး အတွေ့အကြုံ များကို ကြိုတင် ပေါင်းစပ် လေ့ကျင့်ဖို့  လိုအပ်တာကို နအဖက သိမြင်ခံယူလာပါတယ်၊၊ NDS အရ ရန်သူ ထိုင်းနိုင်ငံဟာ အင်အားလွန်နိုင်ငံ အမေရိကန် နိုင်ငံနဲ့ ပူးပေါင်းပြီး နှစ်စဉ် Cobra Gold Operation မြွေဟောက် စစ်ဆင်ရေးကို အိမ်နီးချင်းမှာ လုပ်နေတာမို့ မြန်မာနိုင်ငံမှာလည်း နဂါးမင်း စစ်ဆင်ရေး ကဲ့သို့ ကမ်းတက် စစ်ဆင်ရေးလိုမျိုး နအဖက လုပ်ရန် ဆန္ဒရှိလာကြပါတယ်၊၊ ဒါ့အပြင် အသစ် တီထွင် လိုက်တဲ့ 5.56 ကျည်သုံး MA 1,2,3,4 လက်နက်ငယ်များကို ယခင် လက်နက်ငယ်များ ဖြစ်တဲ့ G3, G4 တွေအစား ပြောင်းလဲတပ်ဆင်နိုင်ဖို့  စမ်းသပ် လေ့ကျင့်ရေးစတဲ့ ဦးတည်ချက်များလည်း ပါဝင်ခဲ့ပါတယ်၊၊

ဒါကြောင့် နအဖဟာ ဧရာဝတီတိုင်းကို နိုင်ငံတကာ တပ်များ၊ ရန်သူတပ်များ ရုတ်တရက် ဝင်ရောက်လာပါက ကြိုတင်ကာကွယ်နိုင်ဖို့  မြန်မာ့ တပ်မတော် သမိုင်းမှာ အကြီးမားဆုံး ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီး ကို ၁၉၉၇ ခုနှစ် ကတည်းက လုပ်ဆောင်ထား ခဲ့ပါတယ်၊၊ ဒါပေမဲ့ နာဂစ်မုန်တိုင်းမှာ လူသားချင်း ကယ်တင် စောင့်ရှောက်ဖို့ ဧရာဝတီတိုင်းကို ဦးတည်လာတဲ့ အမေရိကန် ရေတပ် စစ်သဘောင်္များနှင့် ပြင်သစ် စစ်သဘောင်္များကြောင့် တပ်ချုပ် ဗိုလ်သန်းရွှေဟာ ဧရာဝတီတိုင်းအတွင်းက လူသားများကို ကယ်တင်ခြင်းထက် ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်စောထွန်းကို တပ်များ ရွှေ့ပြောင်းရန် လွယ်ကူစေဖို့ လမ်းများ တံတားများအား ဖုတ်ပူမီးတိုက် ကြိမ်းမောင်း ဆောက်လုပ်ခိုင်း နေတာဟာဖြင့် ဧရာဝတီတိုင်းဟာ နအဖကို စိန်ခေါ်လျက်ပင် ရှိနေဆဲ ဆိုတာ တင်ပြလိုက်ရပါတယ်။


ဝိသမ လောဘရှင် စစ်ခေါင်းဆောင်နဲ့ အကျိုးတော်ဆောင် ပြည်ဖျက်ပွဲစား

ဗိုလ်ထက်မင်း

စစ်အာဏာရှင် စနစ် ချဲ့ထွင်ဖို့ အတွက် လက်နက်ကြီး လက်နက်ငယ် ခဲယမ်းမျိုးစုံ၊ တင့်ကား၊ ဒုံးပျံ၊ စစ်ရေယာဉ်၊ တိုက်လေယာဉ်၊ အမြောက်ကြီး တွေနဲ့ အဏုမြူ ကိစ္စ ပါမကျန် ၀ယ်ယူရာနဲ့ နိုင်ငံထွက် သယံဇာတ အားလုံးကို ရောင်းချရာမှာ ဗိုလ်သန်းရွှေ မိသားစု အတွက်လိုက်လံ ဆောင်ရွက် ပေးရတဲ့ ပွဲစားကြီးနှစ်ဦး ရှိပါတယ်။ အဲဒီ နှစ်ဦးကတော့ တေဇနဲ့ ဒေါက်တာ သာရင်မြတ်တို့ ဖြစ်ကြပါတယ်။ တေဇကိုတော့ လူသိများပေမဲ့ ဒေါက်တာ သာရင်မြတ် ကိုလူသိနည်းပါတယ်။

အားလုံးသိပြီးတဲ့အတိုင်း တေဇက DSA အပတ်စဉ် (၂၇) တက်နေတုန်း သင်တန်း မှာ ပြဿနာ ဖြစ်ပြီး အိမ်ပြန်လာ ရသူ ဖြစ်ပါတယ်။ မူလ မျိုးရိုးစဉ်ဆက် ချမ်းသာသူ မဟုတ်ဘဲ ရန်ကုန်မိုးကုတ်နဲ့ သစ်လောကမှာ ချမ်းသာတဲ့ ဒေါ်ထူးရဲ့  သမီးကို ယူခဲ့ရာက စတင် ချမ်းသာလာပါတယ်။ ဗေဒင် ယတြာ ယုံကြည်တဲ့ ဒေါ်ကြိုင်ကြိုင်ကို သူကိုးကွယ်သော ဘုန်းကြီးတစ်ပါးက “တေဇ သမီး ပေးလိုက်” လို့ အမိန့်ရှိခဲ့ရာ ဒေါ်ကြိုင်ကြိုင်ဟာ ဗိုလ်ချူပ်အောင်ဆန်း (ဗိုလ်တေဇ) ရဲ့  သမီး ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုမှန်း သိပေမဲ့ ယတြာချေတဲ့ အနေနဲ့ သမီးဖြစ်သူကို ကိုတေဇနဲ့ ယူစေခဲ့တယ်လို့ တပ်တွင်း အသိုင်းအ၀ိုင်းမှာ တီးတိုးဆိုပါတယ်။ ကိုတေဇနဲ့ သမီးတော်တို့ စင်ကာပူမှာ ကြိတ်ပုန်း ခုတ်တဲ့ သတင်းတွေလည်း ပြန့်နှံ့ခဲ့ပါတယ်။

ဒေါက်တာ သာရင်မြတ်ကတော့ မွေးလာကတည်းက ယခင် မြန်မာပြည်ရဲ့ အချမ်းသာဆုံး မိသားစုထဲက ဖြစ်ပြီး ဆွေစဉ်မျိုးဆက် ချမ်းသာခဲ့သူ ဖြစ်ပါတယ်။ ဆေးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူ စစ်ဗိုလ်ဆရာဝန် တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့  ဖခင်ဟာ လေတပ်မှ ဗိုလ်မှူး တစ်ဦးဖြစ်လို့ န၀တတက်လာစဉ် ကာကွယ်ရေး ဦးစီး ချူပ် (လေ) ဒုဗိုလ်ချူပ်ကြီးတင်ထွန်းနဲ့ ဆက်စပ်ပြီး တရုတ်လေယာဉ်ပျံများ စတင်ဝယ်ယူ ပေးရာက အစပြုလို့ ယုံကြည်မှုရရှိကာ ယနေ့ထက်တိုင် ဗိုလ်သန်းရွှေ လက်ဆွဲ ဖြစ်ခဲ့ပါတယ်။ အခုသူ့ရဲ့  လက်နက်ကုမ္ပဏီဟာ ဘယ်လ်ဂျီယံ နိုင်ငံ မှာတောင် ရှိနေပြီး ရုရှားနိုင်ငံမှ ခွဲထွက်လာတဲ့ ယူကရိန်း နိုင်ငံကဲ့သို့ နိုင်ငံများ၊ ပိုလန်နိုင်ငံ၊ ချက်နိုင်ငံ၊ ယူဂိုဆလပ်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံများမှ စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူရာမှာ ပွဲစားလုပ်ကာ မှာယူတင်သွင်းပေးခဲ့သူ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံထုတ် ကာဂူးစတပ် နောက်ပွင့် ဒုံးလက်နက်ဟာ မဆလ လက်ထက်ကတည်းက မြန်မာပြည် ရောက်နေပြီး စစ်တပ်မှာ BA 84 အဖြစ် ထင်ရှားကျော်ကြားပါတယ်။ ကရင်ပြည်နယ် မဲသဝေါ တိုက်ပွဲတွေမှာ တပ်မ(၄၄)က ထုတ်သုံးခဲ့လို့ လက်နက် စွမ်းပကား ပြင်းထန် လှကာ ဒုံးမှာပါဝင်တဲ့ ဘောစေ့အလုံးပေါင်း ထောင်နဲ့ ချီပြီး ပေါက်ကွဲမှုကြောင့် စစ်သားများစွာ သေကြေ ဒါဏ်ရာရ နားသွေးယို မချိမဆန့်ခံရပြီး လူသားမဆန်တဲ့ လက်နက်ဖြစ်လို့ ကြောက်စရာ ကောင်းလှ ပါတယ်။ အဲဒီလက်နက်ကြောင့် ဆွီဒင်နိုင်ငံ အစိုးရလည်း ဂယက်ရိုက် ခံရဖူးပါတယ်။ ဒါ့အပြင် ပိုလန်နိုင်ငံက ဆူကောရဟတ်ယာဉ်များ၊ ယူဂိုဆလပ်နိုင်ငံမှ G-4 ဂျက်တိုက်လေယာဉ်များ၊ အစ္စရေးနဲ့ တောင်ကိုးရီးယားနိုင်ငံတို့က 155 မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ၊ ဘယ်လ်ဂျီယံ နိုင်ငံမှ ဖေါက်ထွင်းအားကောင်း ၍ တာဝေးပစ်နိုင်ပြီး လေယာဉ်ပစ်နိုင်တဲ့ ပွိုင့် 5 စက်သေနတ်ကြီးများ၊120 မမ စိန်ပြောင်းကြီးများနဲ့ စက်လတ်များ၊ အူဇီဆပ်မရှင်းဂန်းများ၊ ဘူဂေးရီးယား နိုင်ငံမှ ပခုံးထမ်း မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ စတဲ့ လက်နက် ဆန်းတွေကို မြန်မာ စစ်တပ်အတွက် ပွဲစားလုပ်ကာ ၀ယ်ယူ တင်သွင်းပေးခဲ့ ပြီးဖြစ်ပါတယ်။

တချို့  အနောက်နိုင်ငံတွေက စီးပွါးရေး ပိတ်ဆို့တယ် ဆိုပေမဲ့ စစ်လက်နက် ပစ္စည်းတွေကတော့ လွယ်လင့်တကူ တင်သွင်းရောက်ရှိ နေလို့ အံ့သြဖွယ် ဖြစ်နေပါတယ်။ န၀တ တက်ခါစမှာ တရုတ်နိုင်ငံက ဒေါ်လာ (၇) ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများအား အကြွေးအလုံးအရင်းနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒီလို လက်နက် ၀ယ်ယူတဲ့ ကိစ္စတွေကို ဒေါက်တာ သာရင်မြတ်နဲ့ တေဇတို့ကအဓိက ကြိုးကိုင် လှုပ်ရှားခဲ့ပါတယ်။

တေဇကလည်း ရုရှား၊ တရုတ်၊ အိန္ဒိယ ၊ မြောက်ကိုးရီးယား၊ စင်ကာပူ စတဲ့ နိုင်ငံ တွေက MIG 29၊ ခေတ်မှီ တိုက်လေယာဉ် MI 2၊ MI 7 ခေတ်မှီ ရဟတ်ယာဉ်များ၊ T69၊ T63 (ကြည်း-ရေ)သွား တင့်ကားများအပါအ၀င် အမြောက်တင်ယာဉ်များနဲ့ စစ်ကားကြီး များ၊ ၁၀၆ မမနဲ့ ၁၅၅ မမ အမြောက်ကြီးများ၊ တိုက်ရေယာဉ်များ အပါအ၀င် စစ်သင်္ဘောများ၊ ဓါတုဗေဒ ဗုံးများ နဲ့ အဏုမြူ စွမ်းအင် တွေကို ၀ယ်ယူရာမှာ ဆက်သွယ် လှုပ်ရှား ပွဲစားလုပ် ခဲ့ပါတယ်။ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး၊ အီလက်ထရွန်းနစ် ကွန်ပြူတာ ဆက်သွယ်ရေး၊ အမြောက်၊ ဒုံးပျံ စတဲ့ သင်တန်းမျိုးစုံကို စစ်တပ်အရာရှိများ ရုရှားနိုင်ငံတွင် တက်ရောက်ခွင့် ညှိနှိုင်း တာတွေကိုတောင် လုပ်ပေးရပါတယ်။ ရုရှားတွင် မြန်မာ့တပ်မတော် အရာရှိ အင်အား (၅၀၀၀) ကျော် အထိ နှစ် အပိုင်းအခြား အလိုက် သင်တန်း ပေါင်းစုံ ဆက်တိုက် တက်ခိုင်းသည့် ကုန်ကျစရိတ်ကလည်း တိုင်းပြည် ဘဏ္ဍာငွေ ကုန်ခမ်းလှပါတယ်။

အဲဒီ ပွဲစားကြီးနှစ်ဦးဟာ စစ်အာဏာရှင် ထိပ်သီး ဗိုလ်သန်းရွှေက စလို့ စစ်ထောက်ချူပ်နဲ့ စစ်လက်နက် ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး ဗိုလ်ဝင်းလှိုင် အဆုံး အားလုံးကို ရာခိုင်နှုန်းအလိုက် ကော်မရှင် ပွဲခ လာဒ်ထိုး စီစဉ်ပေးရပါတယ်။ ပွဲစား နှစ်ယောက်ဟာ နိုင်ငံခြားငွေနဲ့ စိုက်ဝယ် ပေးရလို့ မြန်မာငွေ ပြန်ရအောင် ဘဏ္ဍာရေး ၀န်ကြီးနဲ့ သက်ဆိုင်ရာ အဆင့်ဆင့်ကို ချဉ်းကပ်ရပါသေးတယ်။ ဘဏ္ဍာရေး ၀န်ကြီး နိုင်ငံခြား သွားတာကအစ အစစအရာရာ လိုလေသေးမရှိ စီစဉ်ပေးနိုင်ဖို့ ဂျပန်ကြီး တစ်ဦးကိုပင် ငွေကုန်ကြေးကျ အကုန်ခံကာ ငှားရမ်းပေးရပါသေးတယ်။ လက်နက် ပစ္စည်း တွေကို ငွေကြေးနဲ့ ရောင်းဝယ် တာဘဲဖြစ်စေ တချို့  အပိုင်းတွေမှာ သစ်လိုမျိုး အဖိုးတန် ပစ္စည်းနဲ့ လဲလှယ်ရတဲ့ “Barter System” နဲ့လုပ်ရာမှာဖြစ်စေ တန်ဘိုး သင့်တဲ့အခါ ပစ္စည်းတန်ဖိုးကို မြန်မာပြည်က ပစ္စည်းကို ဈေးနှိမ်ပြီး သူတို့နဲ့ အာဏာရှင်တို့ အတွက် ပွဲခများပါ ထဲ့တွက်ရတာမို့ နိုင်ငံခြားပစ္စည်းကိုတော့ ဈေးကြီးကြီးတင်ရလို့ တိုင်းပြည် အတွက် အင်မတန် နစ်နာလှပါတယ်။ ကော်မရှင်ခ ကိုလည်း သပ်သပ် ပေးရပြန်ရာ “မိအေး သုံးခါနာ” လို့ ဆိုရမှာဖြစ်ပါတယ်။

ပွဲစားနှစ်ယောက်ဟာ ဗိုလ်သန်းရွှေ မိသားစု စင်ကာပူကို အခေါက်ခေါက် အခါခါ ဈေးဝယ် သွားတာ မျိုးကအစ ဒေါ်ကြိုင်ကြိုင်ရဲ့  Bank Account ထဲမှ ငွေတွေကို ပြောင်းရွေ့ ပေး ရတာမျိုး၊ ဖြည့်ဆည်း ပေးရတာမျိုးတွေကိုလည်း ဆောင်ရွက်ပေးရပါတယ်။ ယခုအခါ အမေရိကန် စီးပွားရေး ပိတ်ဆို့ ဖြတ်တောက် မှုကြောင့် စင်ကာပူမှာ ရှိတဲ့ ဒေါ်ကြိုင်ကြိုင်ရဲ့  Bank Account ထဲမှ ငွေတွေကို Dubai ဒူဘိုင်းသို့ ပြောင်းရွေ့ ပေးထားပါတယ်။

နောက်ပိုင်း ဗိုလ်သန်းရွှေဟာ စစ်တပ်ထဲက လုပ်ဖော်ကိုင်ဖက် လက်အောက် ငယ်သားတွေကိုတောင် ယုံကြည်မှု မရှိတော့ဘဲ တေဇကိုဘဲ တိုင်ပင်ပြီး ခိုင်းတာတွေ ရှိလာပါတယ်။ တကြိမ်မှာတော့ ဘယ်နေရာကို သွားမယ်ဆိုတာ ဗိုလ်သန်းရွှေဟာ လက်အောက်ခံ လုပ်ဖော် ကိုင်ဖက်တွေကို မပြောတော့ဘဲ တေဇရဲ့ လေယာဉ်ကို ထိုးခိုင်းကာ ဗိုလ်သန်းရွှေက သူသွားချင်တဲ့ အပန်းဖြေ နေရာကို ရုတ်တရက် မောင်းခိုင်းလို့ သွားတဲ့နေရာ ရောက်ခဲ့ပြီးတော့မှ သတင်းပေါ်ကာ အဲဒီနေရာကို ရောက်တယ်ဆိုတာ သိရပါတယ်။

တေဇက ဗိုလ်သန်းရွှေတင်သာ မဟုတ်ဘဲ နအဖ အဆင့် (၂) (၃) (၄) ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်၊ ဗိုလ်ရွှေမန်းတို့အထိ လိုက်လံ ဖြည့်ဆည်းပေးရာ တချိန်ချိန် ဗိုလ်သန်းရွှေ အာဏာ လက်လွှတ်သွားမယ်၊ ဒါမှမဟုတ် သေဆုံးသွားခဲ့မယ် ဆိုရင် ကျန်လူတွေ သူ့ကို မငြိုးရ လေအောင် ကွက်ကျော်မြင်ကာ ကြိတ်ပြီး အားလုံးကို “ဖား” တတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်နဲ့ ဗိုလ်ရွှေမန်းတို့ သွားကြတဲ့ ပုဂံဘုရား ထီးတင်ပွဲနဲ့ ဖောင်တော်ဦး ဘုရား ပွဲလိုမျိုး လူရှေ့ သူရှေ့  ပွဲလမ်း သဘင်မျိုး ကျရင်တော့ ရုပ်မြင် ကင်မရာ ရှေ့မှာ မရပ်ဘဲ တေဇဟာ နောက်ကွယ်မှာ ခပ်လျှိုလျှို နေတတ်သူ ဖြစ်ပါတယ်။ သူ့ကို ဗိုလ်သန်းရွှေက ငြိုးပြီး “ထုထောင်း”မှာ စိုးရိမ်ဟန် ရှိပါတယ်။

တေဇဟာ ဗိုလ်ရွှေမန်းရဲ့  အလားအလာကို မြင်ပြီး သူ့ရဲ့ သား အောင်သက်မန်း တစ်ယောက် “ကား” လိုချင်တယ် ဆိုတာနဲ့ နောက်ဆုံးပေါ် မြန်မာပြည်ကို ပထမဦးဆုံး ရောက်လာတဲ့ ကား အသစ်ကြီးကို မဆိုင်းမတွ ချက်ချင်းဝယ်ပေးသူ ဖြစ်ပါတယ်။ ရုရှားကို သွားရောက် လေ့လာတဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေး ချစ်ကြည်ရေး ခရီးနဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးရဲ့  စစ်ဖက်လေ့လာရေး ခရီးစဉ်တွေမှာ “အဖားတော်” ခဲ့ပုံကဖြင့် ဗိုလ်တင်ဦး အကြိုက် ရုရှား ဇိမ်မယ် နှစ်ဦး စီစဉ်ပေးပြီး ဗိုလ်မှူးကြီးတွေနဲ့ အာဏာရှင်တွေ လက်ညှိုးထိုးသမျှ ပစ္စည်းအစုံကို ၀ယ်ပေးကာ ပိုက်ဆံ ဒေါ်လာ အုပ်လိုက် ကိုင် လိုက်ရှင်းပေးရတာ ကလည်း အမောဆို့ မတတ် ဖြစ်ပါတယ်။ တေဇ ချမ်းသာမှုကို ယနေ့ တရုတ်သူဌေးကြီးများပင် လိုက်လို့ မမှီအောင် ခန့်မှန်း ရခက်ကာ နေရာကောင်းတွေမှာ သူ့ရဲ့  သင်္ကေတ အမှတ်အသားနဲ့ တိုက်/ခြံ အလုံးပေါင်း မြောက်များစွာ မရေမတွက်နိုင်အောင် ရှိပါတယ်။ တေဇနဲ့ ဒေါက်တာ သာရင်မြတ် တို့ဟာ တိုင်းပြည်ရဲ့  သယံဇာတများစွာကို ဈေးပေါပေါနဲ့ ရောင်းစားပြီး ၀ိသမ လောဘဇော တိုက်နေတဲ့ နအဖ သူခိုးအကြီးစား တွေရဲ့ ပွဲစားသာသာ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။


၂၀၁၀ ရွေးကောက်ပွဲနဲ့ နအဖရဲ့ အကျပ်အတည်း


ဗိုလ်ထက်မင်း

ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေဟာ တိုင်းပြည်အာဏာလွှဲမပေးရေးအတွက် မောင်သန်းရွှေ နဲ့ စစ်အာဏာရှင်တွေကို အစွမ်းကုန် ကြိုးစား တိုက်တွန်းနေကြပါတယ်။ မူလက နအဖ ဥက္ကဋ္ဌ ဗိုလ်သန်းရွှေအနေနဲ့ ၂၀၁၅ခုနှစ်ကျမှ ရွေးကောက်ပွဲကို ကျင်းပချင်နေခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အချိန်ဇယား သတ်မှတ်ပေးဖို့ အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံတကာက တစိုက်မတ်မတ် တောင်းဆိုနေကြတာကြာပြီ ဖြစ်ပါတယ်။

အခြေခံ ဥပဒေ ရေးဆွဲနေတဲ့ အမျိုးသားညီလာခံကို အကြောင်းပြပြီးတော့ အချိန်ဆွဲနေခဲ့တာလည်း ကြာပြီဖြစ်ပါတယ်။ ရွှေဝါရောင် ရဟန်းသံဃာတော်တွေရဲ့ သပိတ်ကံဆောင်ပွဲနဲ့ နာဂစ်မုန်တိုင်းဒါဏ်ကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက် ဖိအားပေးမှုများအရ အချိန် ကို ချုံ့လိုက်ရခြင်း ဖြစ်တယ်။ အမျိုးသား ညီလာခံ ကျင်းပစဉ်နဲ့ အခြေခံ ဥပဒေရေးဆွဲဖို့ ပြင်ဆင် နေချိန်တွေမှာ အာဏာရှင် တစ်ယောက်က ``ငါတို့ တိုင်းပြည်ကို စစ်တပ်ကဘဲ ဆက်လက်အုပ်ချုပ်သွားမှာကွ´´ လို့ ကြူံးဝါး ပြောဆိုခဲ့ဖူးပါတယ်။ ဒီလူကြီး အစည်းအဝေး ၀င်သွားတော့ ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီး တစ်ဦးက စိတ်ပျက်စွာနဲ့ “ဒီလူကြီးတွေ အသာတကြည် လွှဲပေးလိုက်ရင် တပ်မတော် ဂုဏ်သိက္ခာ တက်သွားပြီး သမိုင်းအမဲစက်ကြီး ပျောက်သွားမဲ့အရေး မစဉ်းစားမိဘူးလားကွာ” လို့ ရေရွတ် ညည်းတွားရင်း ခေါင်းခါရမ်းခဲ့ဖူးပါတယ်။

ဒီဖြစ်စဉ်ဟာ တပ်မတော် အတွင်း သဘောထား ကွဲလွဲမှု ဖြစ်စဉ်တခု ဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ အုပ်ချုပ်ရေးမှာ တပ်မတော်မှ (၂၅)%ပါဝင်ရေး ကိစ္စအား အောက်ခြေ တပ်မတော်သားအထိ သဘောထား ဆန္ဒတောင်းခံခဲ့ခြင်း မရှိတာတွေ့ရပါတယ်။ ဒီလို တောင်းခံခြင်း မရှိတာထက် မတောင်းခံရဲတာ လို့ ပြောရင် ပိုမှန် ပါတယ်။ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး တစ်ခုတည်းကိုသာ မျက်စိမှိတ် ဇွတ်လုပ်ကြတာမို့ တပ်ရင်းမှူး အဆင့်ထိ သိလိုက်ကြမဲ့ ပုံ မပေါ်ပါ။

အခြေခံ ဥပဒေ အတည်ပြုပြီးတဲ့အခါ ၂၅%အရ ပါဝင်ကြမဲ့ တပ်မတော် အရာရှိတွေဟာ ဘယ်လို အခန်းကဏ္ဍနဲ့ ဘယ်လိုအနေအထားမှာ ပါဝင်ကြမယ် ဆိုတာ ကိုလည်း ဗိုလ်သန်းရွှေက ရှင်းရှင်းလင်းလင်း မပြောရဲသေးတာကိုတွေ့ရပါတယ်။ နယ်ဘက်ကို သွားရောက် အုပ်ချုပ်ကြမယ်ဆိုရင် တပ်မတော် အရာရှိတိုင်း အနေနဲ့ စိတ်ကူးယဉ် ကြည့်လိုက်ပါက ရင်ဆိုင်တွေ့ဆုံရမဲ့ ၀န်ကြီး ဌာန ၀န်ထမ်းများ၊ လွှတ်တော် အရပ်သား ကိုယ်စားလှယ်များနဲ့ ပြည်သူလူထုတို့ကို ဘယ်လို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ရင်လေးစရာ အပြည့်နဲ့ မွန်းကြပ်နေကြမှာ ကြိမ်းသေပါတယ်။ နောက်ပြီး ၂၅% အုပ်ချုပ်ရေးကဏ္ဍမှာ ဆောင်ရွက်ပြီးပါက စစ်တပ်ရဲ့ မူလ တာဝန်ကို ပြန်လည် ရောက်ရှိခဲ့ရင် သူတို့ရဲ့  အနာဂါတ် မျှော်လင့်ချက် ရာထူးတိုးမြှင့်မှုကော ရေရာသေချာရဲ့  လားဆိုတာကိုလည်း မရှင်းမလင်း ဖြစ်နေလို့ သိချင်နေတာထက် ကင်းကင်းရှင်းရှင်း ဖြစ်စေချင်တာကြောင့် ညည်းတွားနေကြတဲ့ တကယ့် စစ်သားတွေရဲ့  စိုးရိမ်သောက ဖြစ်စဉ်တခုလည်း ရှိပါတယ်။

ဒါကြောင့် စစ်သားဆိုတာ ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဖြစ်ပြီး ၀န်ထမ်းတစ်ဦး ဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာ ဥပဒေသအစဉ်အလာကို ဖောက်ဖျက်ပြီး စစ်တပ်မှာ လုပ်ထုံးလုပ်နည်း ဥပဒေပြဌာန်းချက် ခံစားခွင့်များ၊ အနာဂတ် အဲဒီအရာရှိတွေကို ပြန်လည်တာဝန်ပေးအပ်မှု နည်းဥပဒေများ ရေးဆွဲ အတည်ပြုဖို့ ရှိနေပါသေးတယ်။ သူတို့ကိုလည်း စစ်တပ်မှာ တာဝန် ထမ်းဆောင် ကျန်နေတဲ့ တပ်မတော်သားများက အခွင့်ထူးခံ လူတန်းစားအနေနဲ့ မြင်နိုင်တယ်ဆိုတာ တွေးတော နေကြပါတယ်။ စစ်သားချင်းတူတာတောင် မြို့ မှာ ရုံးထိုင်နေတဲ့ စစ်သားနဲ့ ရှေ့ တန်း တောထဲက စစ်သားတွေ အချင်းချင်း တွေ့ကြရင် ပြောနေကြတဲ့ စကားအရ လက်မောင်းက အရစ်နဲ့ ပခုံးပေါ်က ကြယ်ပွင့်တွေ ညှစ်ကြည့်လိုက်ပါက ဇိမ်နဲ့ နေသူများကိုတော့ `ပဲ´ တွေဘဲ ထွက်ကျ လာမယ်။

တောထဲမှာ နေသူများကိုတော့ `သွေး´နဲ့ `ချွေး´တွေဘဲ ကျလာမယ် ဆိုပြီး စကား အနိုင်လုကာ ပြောဆိုတတ်ြကတဲ့ အစဉ်အလာမျိုး ရှိပါတယ်။ ဒါကြောင့် တပ်က အရာရှိအများစုက နိုင်ငံရေးထဲ ၀င်ရောက်ရမှာကို စိတ်ပျက်နေကြပြီး (၂၄) နာရီ စလုံး မည်သူမဆို စစ်သားဆိုရင် အချိန်မရွေး နယ်ဘက်နှင့် စစ်တပ်အလုပ်အကိုင်တွေကို လုပ်နိုင်စွမ်း ရှိရမယ်ဆိုတဲ့ အာဏာရှင်တွေရဲ့ တသွေးတသံ တမိန့်ကြောင့် မွန်းကြပ်တဲ့ ဖြစ်စဉ်တွေ ရှိနေကြတယ်လို့ သိရှိရပါတယ်။

နအဖအနေနဲ့ ပူပန်နေတာတစ်ခုက လွှတ်တော်မှာ ၂၅% ပုံသေယူထားပေမဲ့ အများစု အနိုင်ရရှိဖို့ ကိစ္စမှာ နောက်ထပ် ၃၀% ခန့် အနိုင်ရရှိဖို့ လိုအပ်နေသေးရာ စစ်တပ်ကိုထောက်ခံ အားပေးတဲ့ ပါတီ ဖြစ်လာမဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့ စင်ပြိုင် အဖွဲ့တွေအပေါ်မှာ တကယ်တမ်း ပြည်သူလူထုရဲ့  ထောက်ခံမှု မရရှိမှာကို စိုးရိမ်နေခြင်း ဖြစ်ပါတယ်။ ယခင်က မဆလ တဖြစ်လဲ တစည အနေနဲ့ အရှုံးကြီး ရှုံးခဲ့ရတဲ့ သင်ခန်းစာဟာ ယနေ့ အာဏာရှင်တွေအတွက်တော့ အိမ်မက်ဆိုး တစ္ဆေ အခြောက်ခံနေရတုံး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိုက်အခံ NLD အင်အားချိနဲ့အောင် စီမံချက်ကျကျနဲ့ နှိပ်ကွပ်ထားပြီး လှုပ်လို့မရအောင် ထိန်းချူပ်ထားပါတယ်။ အတိုက်အခံတွေ အင်အားကောင်းလာစေမဲ့ ဘယ်အဖွဲ့ကိုမဆို ၈၈ မျိုးဆက်ကျောင်းသားများရော တိုင်းရင်းသားများ၊ HRDP အဖွဲ့၊ Generation Wave မျိုးဆက်သစ် လူငယ်များ၊ သံဃာတပ်ပေါင်းစုမှ ရဟန်းသံဃာများ၊ ကိုဇာဂနာနဲ့ ကဗျာဆရာ ကိုစောဝေ၊ ဘာလောဂ်ဂါ နေဘုန်းလတ်နဲ့ ရှေ့နေများပါမကျန် ပုဒ်မ တစ်ခုလျှင် ပြစ်ဒဏ်အများဆုံး မြှင့်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး ဆက်တိုက် ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဖြစ်စဉ်တခုမှာ စစ်တပ်မှာ နေခဲ့ရမဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားတဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းအတွက် ယှဉ်ပြိုင်ဘက် စီနီယာ ဒုဗိုလ်ချုပ်ကြီးများဖြစ်တဲ့ ရဲမြင့်၊ မောင်ဘို၊ ခင်မောင်သန်း၊ အောင်ထွေး၊ ကျော်ဝင်းတို့ကို ဖယ်ရှားခဲ့ပြီး ဖြစ်ပေမဲ့ သူနဲ့တွဲလုပ်လို့ရမဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ရွေးချယ်ပွဲမှာလည်း ဗိုလ်သန်းရွှေမှာ ခေါင်းခဲစရာ ဖြစ်နေပါတယ်။ ဗိုလ်သန်းရွှေရဲ့  တပည့်အရင်း၊ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေမျိုးနီးစပ်သူ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေကို ပေးချင်ပေမဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဘ၀တုန်းက ရန်ကုန်မြို့ တော်မှာ ဗုံးကြီး သုံးလုံး ကွဲခဲ့ရလို့ တာဝန်ရှိသူ အနေနဲ့ သူ့အား အရေးမယူခဲ့တာကြောင့် တပ်အတွင်း မကျေလည်မှုများလည်း ရှိနေခဲ့တာမို့ ချင့်ချိန် နေရကြောင်း သိရှိရပါတယ်။

တဖန် ဗိုလ်မြင့်ဆွေကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တာဝန်ပေးအပ်ခဲ့စဉ်ကလည်း KIA ကဲ့သို့ ငြိမ်းချမ်းရေး အဖွဲ့ဝင်များနဲ့ ပြဿနာများ ရှိခဲ့တဲ့အတွက် ဗိုလ်ချုပ်သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်သာအေးတို့နဲ့ စာရင် အားနည်းချက် အနာအဆာများ ရှိနေပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့  အရေးပါတဲ့ ထိပ်ပိုင်းရာထူး ရွေးချယ်ပွဲမှာ ခေါင်းခဲနေတဲ့ ဖြစ်စဉ်တွေအပြင် ၂၅% အုပ်ချုပ်ရေး ကဏ္ဍမှာ တပ်မတော်ပါဝင်ရေးတွင် တာဝန်ပေးအပ်မဲ့ တပ်မတော် အရာရှိများရဲ့  လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေ ပြဌာန်းချက်များ ခံစားခွင့်များ၊ အဲဒီအရာရှိတွေရဲ့ အနာဂတ် ရှေ့ရေးခိုင်မာမှု အပါအ၀င် တပ်တွင်းသဘောထား ကွဲလွဲမှု ဖြစ်စဉ်၊ ရွေးကောက်ပွဲမှာ တပ်မတော်ကို ထောက်ခံမဲ့ ကြံ့ဖွံ့အမာခံ ပါတီဖွဲ့စည်းမှုအပေါ် စိုးရိမ်သောက ဖြစ်စဉ် စတဲ့ အကျပ်အတည်း ဖြစ်စဉ်တွေကြောင့် ဗိုလ်သန်းရွှေအနေနဲ့ ဖြစ်နိုင်ပါက ၂၀၁၀ ရွေးကောက်ပွဲအတွက် အချိန်ကြာလေ ကောင်းလေ ဖြစ်နေတာမို့ ဒီကြားထဲမှာ နိုင်ငံရေး ကစားကွက်တခု လုပ်ဖို့ ရှိနေတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။



Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့