Thursday, October 8, 2009

ဂျပန်သံရုံးအတွင်းဝန်နှင့် ဦးဝင်းတင် တွေ့ဆုံ

မင်းနိုင်သူ / ၇ အောက်တိုဘာ ၂၀၀၉

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးဝင်းတင်ကို ယမန်နေ့က ဖိတ်ခေါ် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

ဂျပန်သံရုံး၏ ဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ “လွန်ခဲ့တဲ့ရက်ပိုင်းက ကျနော်က သတင်း မီဒီယာ တခုမှာ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို ဈေးကွက် တခုအနေနဲ့သာ မကြည့်ဘဲနဲ့ နိုင်ငံရေး ဖြေရှင်းမှုတွေ လိုအပ်နေတဲ့ နိုင်ငံ၊ မိမိတို့လည်း ပါဝင်ဖြေရှင်းဖို့ တာဝန်ရှိတဲ့ နိုင်ငံ အနေနဲ့ အသိမှတ် ပြုပါဆိုတဲ့ သဘော ပြောဆိုခဲ့ဖူးပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ တွေ့ချင် သိချင်တာလေးတွေ ရှိလို့ ကျနော့်ကို ဖိတ်တာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ် အမှုဆောင်နှင့် ဂျပန်သံရုံးတို့ ပထမအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ဦးဝင်းတင်က မြန်မာ့ နိုင်ငံရေး အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့ကတော့ ဘယ်အိမ်နားနီးချင်းနဲ့ မဆို နွေးထွေးစွာ ဆက်ဆံချင်တယ်။ ကျနော်တို့ ဒီမိုကရေစီ အရေး လုပ်နေတဲ့ သူတွေ အပေါ်မှာလည်း စာနာ ထောက်ထားမှုတွေ ရှိစေချင်တယ်။ အဲဒီလို နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်း ပါတယ်။ ဂျပန်နိုင်ငံဟာ အာရှမှာ အချမ်းသာဆုံး နိုင်ငံဖြစ်သလို မြန်မာနိုင်ငံနဲ့လည်း သမိုင်းကြောင်းအရ ဆက်စပ်မှုတွေ ရှိခဲ့တယ်။ အဲဒီတော့ အနောက်နိုင်ငံ တွေက ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေကို ကာကွယ် စောင့်ရှောက် နေသလို ဂျပန်နိုင်ငံရဲ့ စောင့်ရှောက်မှုတွေကို ကျနော်တို့ တန်ဖိုးထားတယ် ဆိုတာကို ပြောတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကို ရပ်တန်းက ရပ်ရန်ဆိုသည့် ထိရောက်သော ဖိအားပေးမှုမျိုး ပြုသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို ရာတွင်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရန်ဆိုသည့် အချက်နှင့် ယှဉ်တွဲ တောင်းဆို ပေးရန်တို့ကို အဓိကထား ပြောဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၄) နာရီခန့်မှစ၍ (၁)နာရီခန့် တွေ့ဆုံမှုတွင် ဂျပန်သံရုံး အတွင်းဝန်က ဦးဝင်းတင်၏ အမြင် သဘောထားများကို အဓိကထား မေးမြန်းခဲ့ပြီး တုံ့ပြန် ဆွေးနွေးမှု မရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော မဲခေါင် ဒေသဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ အိုကားဒါးက မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။

အဆိုပါတိုက်တွန်းမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုပြီး အာဆီယံ နိုင်ငံများ အနေဖြင့်လည်း အလားတူ တောင်းဆိုမှုများ ပြုသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။

“အာဆီယံလို အိမ်နီးချင်းအဖွဲ့အစည်းကိုလည်း ကျနော်တို့ တန်ဖိုးထားတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ကူညီ စေချင်တယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ အရေး ကြိုးပမ်းမှု အောင်မြင်မှသာလျှင် အိမ်နီးချင်း နိုင်ငံတွေ အတွက်လည်း ဒေသတွင်း တည်ငြိမ်မှုတွေ ရနိုင်မယ်။ စစ်အစိုးရ ပြောနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုသာ ဇွတ်တိုးပြီး သွားမယ်ဆိုရင် တနေ့သော အခါမှာ ဒေသတွင်း တည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့