Thursday, October 8, 2009

၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်ရန် တိုင်းရင်းသားခေါင်းဆောင် ဟု ဆိုသူ ၃ ဦး ၀ါရှင်တန်သို့ ရောက်ရှိ

မိုးမခအထောက်တော် ၀၀၁
အောက်တိုဘာ ၈၊ ၂၀၀၉

အမည်မဖော်နိုင်သည့် သတင်းရင်းမြစ်တခု၏ အဆိုအရ မြန်မာပြည် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အားပေး ထောက်ခံရန် အမေရိကန် အစိုးရကို တိုက်တွန်းမည့် တိုင်းရင်းသား ခေါင်းဆောင်ဟု အမည်ခံထားသူ ၃ ဦး ၀ါရှင်တန်ဒီစီသို့ ရောက်ရှိ နေသည်ဟု ကြားသိရသည်။

၎င်းတို့မှာ ကချင်တိုင်းရင်းသား၊ ပြည်တွင်း Shalom ဖောင်ဒေးရှင်း ဒါရိုက်တာ၊ စစ်အုပ်စုနှင့် ကချင် လက်နက်ကိုင်တို့ အကြား စေ့စပ် ဆွေးနွေး နိုင်ခဲ့သူဟု ဆိုသည့် ဒေါက်တာ ဆဘွယ်ဂျမ် (Saboi Jum)၊ ရှမ်းတိုင်းရင်းသား၊ ပြည်ပ ယူရိုဘားမား အဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ၊ မြန်မာပြည် - တိုင်းရင်းသား လူမျိုးများ ကောင်စီ အကြံပေး ဟန်ညောင်ဝေ နှင့် ကချင် တိုင်းရင်းသူ၊ Shalom ဖောင်ဒေးရှင်း အဖွဲ့ဝင် နန်းရော်တို့ ဖြစ်သည်ဟု ကြားသိရသည်။

၎င်းတို့သည် အမေရိကန်အောက်လွှတ်တော် (House) မှ တာဝန် ရှိသူများနှင့် တွေ့ဆုံ ခဲ့ပြီးနောက် အမေရိကန်၏ အရှေ့ အာရှနှင့် ပစိဖိတ် ရေးရာ အဖွဲ့၏ ဥက္ကဋ္ဌ၊ မြန်မာပြည်ပြန် ဂျင်ဝက်ဗ်နှင့် တွေ့ဆုံပြီးလည်း မြန်မာပြည် အရေး ၎င်းတို့ သဘောထားများကို တင်ပြမည်ဟု ဆိုသည်။ ၎င်းတို့အဓိက သဘောထားမှာ ယခု တိုင်းရင်းသား လူမျိုးများ ကောင်စီ၏ အတွင်းရေးမှူး စောဒေးဗစ်ထော ထုတ်ပြန်ခဲ့ပြီး အဖွဲ့၏ ဥက္ကဋ္ဌ အပါအ၀င် အခြားတိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များ၏ ကန့်ကွက်မှု၊ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို အားပေး ထောက်ခံရေး၊ ၀န်းရံရေး မူဝါဒကို အမေရိကန် အစိုးရထံသို့ အစွံလာထုတ်ခြင်း ဖြစ်နိုင်သည်ဟု အမည် မဖော်လိုသည့် သတင်းရင်းမြစ်က မိုးမခသို့ ပြောကြားသည်။

ယခင်လ စက်တင်ဘာ နောက်ဆုံးရက်သတ္တပတ် ကလည်း မြန်မာ စစ်အုပ်စုနှင့် သဘောချင်း မျှသူများ အဖြစ် အတိုက်အခံ ဒီမိုကရေစီ အင်အားစု၏ သတ်မှတ်ခြင်း ခံထားရသူများ အမေရိကန် အထက် လွှတ်တော်၏ မြန်မာ့အရေး ကြားနာပွဲသို့ တက်ရောက်ပြီး စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြရန်၊ မြန်မာ စစ်အုပ်စုအား ပိတ်ဆို့မှုများကို ရုတ်သိမ်း ပေးကြရန် လျှောက်လဲ ခဲ့ကြသည်ဟု သိရကြောင်း၊ ထိုအထဲတွင် မြန်မာပြည်၏ ဦးသန့်၏ သား သန့်မြင့်ဦးလည်း တဦး အပါအ၀င် ဖြစ်ကြောင်း ၎င်းက ပြောကြားသွားသည်။

ယခုကဲ့သို့ စစ်အုပ်စု ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြရန်၊ အားပေးကြရန် တိုက်တွန်း သူများက စစ်အုပ်စု လက်အောက်က မြန်မာပြည်၏ ဆုတ်ယုတ် နိမ့်ကျနေသော နိုင်ငံရေး အခြေအနေများ၊ အကြပ် အတည်းများ၊ နိုင်ငံရေး အကျဉ်းသားများ၊ စစ်အုပ်စု၏ လူအခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားများ အပေါ် ဖိနှိပ်မှု၊ ရာဇ၀တ်မှုများ၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အပေါ် ငြင်းပယ်နေမှုများကို ထည့်သွင်း တင်ပြခြင်း ရှိ မရှိကိုမူ မသိရကြောင်း ၎င်းက မှတ်ချက်ပေးသည်။

Ref: မိုးမခ

0 comments:

အပေါ်သို့