Sunday, October 25, 2009

“နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး”

Saturday, 24 October 2009 14:38

စစ်အစိုးရ၏ တင်းမာသော သဘောထားများကို ဝေဖန်ပြောဆိုရာတွင် အထင်ရှားဆုံး နိုင်ငံရေးသမား တဦး ဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို စတင် တည်ထောင်သူ များထဲတွင် ပါဝင်သော ခေါင်းဆောင် တဦးဖြစ်သည်။ ၎င်းသည် မြန်မာ စာနယ်ဇင်း လောက၏ အထင်ကရ သတင်းစာဆရာ တဦးလည်း ဖြစ်သည်။

ဦးဝင်းတင်သည် နိုင်ငံရေးနယ်ပယ်သို့ ရောက်ပြီး တနှစ် မပြည့်မီမှာပင် အထိန်းသိမ်း ခံရသည်။ အင်းစိန်ထောင် တွင် ၁၉ နှစ်ကျော် ချုပ်နှောင် ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာလ က ပြန်လည် လွတ်မြောက် လာသည်။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု၊ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ၊ စစ်အစိုးရ ၏ အခြေခံဥပဒေ၊ NLD ၏ လက်ရှိ အခြေ အနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ကိုစိုးက ဆက်သွယ် မေးမြန်းရာတွင် ဦးဝင်းတင်က ပြောပြ ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ ထားတာတွေ ပြန်လည် ရုပ်သိမ်းရေး နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးက ဘယ်လောက် ဆက်စပ် နေပါသလဲ။

ဖြေ။ ။နိုင်ငံရေးမှာတော့ နှစ်ခုစလုံး ဆက်စပ်နေတယ်၊ တွေ့ဆုံ ဆွေးနွေးမယ် ဆိုရင် စစ်အစိုးရက ပါနေတယ်၊ ဒီ Sanction (စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု) က သူတို့ကို ချုပ်ကိုင် ထားတဲ့ဟာ။ အဲဒီတော့ ဒီနှစ်ခုက ဆက်စပ်နေ မှာပဲ။ ဒီ Sanction က ကျနော်တို့ကို အားဖြည့် ပေးတယ်လို့ မဆိုနိုင်ရင်တောင် ကျနော်တို့ကို ဖိနှိပ် ချုပ်ချယ်နေတဲ့ အင်အားကြီးတဲ့ ရန်သူကို ချုပ်ကိုင်ရာ ရောက်တယ်။ ဘာနဲ့တူလဲ ဆိုရင် ကျနော်တို့ကို ဘီလူးကြီးက နှိပ်စက်နေတဲ့ အခါမှာ ဘီလူးကြီးကို Sanction လိုဟာမျိုးနဲ့ ကြိုးကွင်းစွပ်တယ် ဆိုရင် ကျနော်တို့ကတော့ အသက်ရှူချောင်တာ အမှန်ပဲဗျ။

ဒီ Sanction ဟာ ၃ မျိုးရှိမယ်လို့ ထင်တယ်၊ တမျိုးက အများပြည်သူတွေ ကို ထိခိုက်တဲ့ ဥပမာ အမေရိကန်က ပိတ်ဆို့တဲ့ အတွက် အထည်ချုပ် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတာ။ နောက်တမျိုးက စစ်ဗိုလ်နဲ့ အပေါင်း အပါတွေ ထိခိုက်တယ်၊ နောက်တခုက နိုင်ငံပေါင်း တော်တော်များများက လက်နက်ရောင်းဝယ်တာ မလုပ်တော့ တာ ရှိတယ်။ သုံးမျိုးထဲမှာ စစ်ခေါင်းဆောင် တွေကို၊ စစ်တပ်ကို ထိခိုက်တာ ဘာမှ ပြောစရာမရှိဘူး၊ သို့သော် ပြည်သူလူထုကို ထိခိုက်စေတဲ့ Sanction မျိုးဆိုရင်တော့ ကျနော်တို့ ဝင်ပြီးတော့ ပြေရာပြေကြောင်း ပြောမှာပဲ။

အဲဒီလို Sanction တွေ လျှော့တယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စ အထိ တခါတည်း ဆက်သွားနိုင် တယ်လို့ ကျနော် ထင်တယ်၊ အခု ဒီ အမေရိကန်ရဲ့ မူဝါဒသစ်ဟာ Sanction နဲ့ ပူးတွဲပြီးတော့ လျှောက်မယ့် ကိစ္စ ပဲ။ ဒါဟာ Drama (ပြဇာတ်) ကြီး တခုပဲ၊ ကြားထဲမှာ ငိုခန်း၊ ရယ်ခန်းတွေ ပါမယ်၊ နှစ်ပါးသွားတွေ ပါမယ်၊ အမျိုးစုံ ပေါ့။ ဒါပေမယ့် နှစ်ပါးသွား တွေရော ဘာတွေရော ဘယ်လောက်ပဲ ရှိရှိ နောက်ဆုံးမှာ ဇာတ်ပေါင်းခန်း ရောက်ရ မှာပဲလို့ ကျနော်တို့က မှန်းတယ်။ အဲဒါကြောင့် ဒီ Sanction ဟာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ အတွက် ဘယ်လောက် အထောက်အကူ ဖြစ်မလဲ ဆိုတာက မှန်းလို့ မရဘူး၊ ရွေးကောက်ပွဲ မတိုင်ခင်တော့ ဖြစ်ရမယ်၊ ဖြစ်ဖို့လိုမယ်။

မေး။ ။ အာဏာပိုင်တို့က အဲဒီရွေးကောက်ပွဲ လုပ်ဖို့ကြေညာ ထားတဲ့၊ ပြင်ဆင် ထားတဲ့ အပေါ် ဦးဝင်းတင်ရဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ မတ်လ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံ ဥပဒေ ပြင်ဖို့ မပြောနဲ့၊ အထိတောင် မခံနိုင် ဘူးလို့ ပြောတယ်၊ အခုကျတော့ အခြေခံ ဥပဒေကို ပြည်သူလူထုက အတည်ပြုပြီး ဖြစ်တဲ့အတွက် ထပ်ပြော မနေနဲ့ ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပ ပေးမယ်လို့ ကြေညာလိုက်တယ်၊ နိုင်ငံရေး ပါတီတွေ အခြေခံ ဥပဒေကို လေးစား လိုက်နာရမယ်။ ရင့်ကျက်တဲ့ သူတွေကို စောင့်ရှောက်မယ် ဆိုတော့၊ သဘောကတော့ သူတို့က ရင့်ကျက်တဲ့လူ မဟုတ်ဘူးလို့ သတ်မှတ်တဲ့ လူတွေကို၊ ရွေးကောက်ပွဲ ပြီးရင် အဲဒီ ကောင်တွေ ကိုတော့ နှိမ်ပစ်မှာပဲ ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ် နော်၊ အဲဒီ ၂ချက်က ထူးထူးခြားခြား ဖြစ်နေတယ်။

ရေရှည် အလားအလာကို မျှော်ကိုးပြီးတော့ ဆင်ခြင်တုံ တရား ရှိတာတဲ့၊ သူပြောတဲ့ ဆင်ခြင်တုံ ဆိုတာ မင်းတို့ ငြိမ်ငြိမ်နေလို့ ပြောတဲ့ ဟာမျိုး၊ ရွေးကောက်ပွဲ အကြိုကာလမှာ ပြောနေတဲ့ အခြေခံမူတွေ သူ ပြင်ဆင် ပြီးပါပြီလို့ ပြောတာမျိုးတွေ၊ ရွှေဂုံတိုင် ကြေညာချက်ထဲက တောင်းဆိုချက်တွေ ဒါတွေ အကုန်လုံး ပြောမနေနဲ့တော့၊ အနာဂတ်ကတော့ ပြီးနေပြီ။ တစညတို့ ဘာတို့ ပြောနေတဲ့ အနာဂတ်ကျရင် ပြင်သွားမယ်တို့ ဘာတို့ ဆိုတာတွေ၊ ကျနော် ထင်တယ်၊ အဲဒီလူတွေကိုပါ ပြောရာရောက်တယ်။ သတ်မှတ်တဲ့ အတိုင်း လိုက်လုပ် ဆိုတဲ့ ဟာမျိုး ဖြစ်နေတယ်။

မေး။ ။ အာဏာပိုင်တွေက အဲဒီလိုမျိုးလုပ်မယ်ဆိုရင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကရော ဘာလုပ်သင့်တယ်လို့ ထင်မြင် ပါသလဲ။

ဖြေ။ ။ ထွက်ပေါက်လေး တပေါက်ကျန်နေတယ်။ အခြေခံဥပဒေ ပြင်လို့ တောင်းဆိုတာ သူတို့က မပြင်ဘူးလို့ ပြောတယ်ပေါ့၊ သို့သော် ကျနော်ကတော့ မျှော်လင့်ချက် မကုန်သေးဘူးဗျ။ ဒီနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ တောင်းဆိုမယ့်ဟာ ပေါ့ဗျာ၊ ညီညီ ညွတ်ညွတ်နဲ့ တောင်းဆိုမယ် ဆိုရင်၊ ကျနော်တို့က ဖိနိုင်ရင် တစုံတရာသောနည်း ကျန်သေးတယ်လို့ ယူဆပါတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ ဒီစကားဟာ အမေရိကန် ပေါ်လစီ အသစ်နဲ့ ပတ်သက်မယ် ထင်တယ်ဗျ၊ အမေရိကန်ကလည်း တောင်းဆို ထားတာပေါ့၊ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာတွေပါမယ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆက်ဆံရေး တွေလည်း ပါမယ် ဆိုတော့ ဒါကို ရည်ရွယ်ပြီး သူ့ဘက်က အပြတ် ပြောတာလို့ ထင်တယ်၊ အဲဒီတော့ ဘယ်လောက်ပဲ အပြတ်ပြောပြော နိုင်ငံရေး ဆိုတာက အပြတ် မဖြစ်နိုင်ဘူး၊ အခြေအနေ ပေါ်မှာပဲ မူတည်မှာကိုး၊ ဒေါ်အောင်ဆန်း စုကြည်ကလည်း တောင်းထားတာ ရှိတယ်။ အမေရိကန် အစိုးရ အနေနဲ့ ဟိုဘက်နယ်နဲ့ စစ်ဘက် နယ်နဲ့ ဆက်ဆံပါ။ သို့သော် တချိန်တည်းမှာပဲ ကျမတို့နဲ့လည်း တိုက်ရိုက် ထိတွေ့ ဆက်ဆံမှု လုပ်ပါလို့ ပြောထား တဲ့ဟာ ရှိတယ်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ဘယ်လိုပဲ ပြောပြော ကျနော်တို့နဲ့ စစ်အစိုးရ ဆက်ဆံရေးက အခု ဒီ အမေရိကန် ပေါ်လစီက နေပြီးတော့ လမ်းဖွင့် ပေးနိုင်လိမ့်မယ်လို့ ကျနော်မှန်းတယ်။

မေး။ ။ အဲဒီ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတဲ့ နိုင်ငံရေး သမား တချို့ရဲ့ အယူဆကိုရော ဘယ်လို မြင်လဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်ကတော့ နည်းနည်း NLD နဲ့တောင် မတူချင်ဘူးပေါ့ဗျာ။ NLD ကို ဒီ ရွှေဂုံတိုင် ကြေညာစာတမ်း အထိကတော့ ကျနော်က လက်ခံတယ်၊ အကျဉ်းသားတွေ လွှတ်ဖို့၊ အခြေခံ ဥပဒေ ကို ပြင်ဖို့၊ နိုင်ငံတကာ ကွပ်ကဲမှု ပါတဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့၊ တွေ့ဆုံ ဆွေးနွေး ဖို့ပေါ့။ တွေ့ဆုံ ဆွေးနွေးရေး ကတော့ ကျနော်တို့ အဓိက တောင်းဆိုချက်ပေါ့။

ဦးသုဝေတို့၊ တစညက ဦးခင်မောင်ကြီးတို့ ပြောနေသလို ၁ဝ နှစ် ၁၅ နှစ်မှာ ပြောင်းသွားမယ်၊ သူတို့ကတော့ ကျနော်တို့နဲ့ မပြောဘဲနဲ့ ကျနော်တို့ကို ချန်ပြီးတော့ သူတို့ကတော့ ရွေးကောက်ပွဲကို ဝင်မှာ။ အဲဒီတော့ ကျနော်က ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတဲ့သူကို လက်မခံဘူး၊ ဝင်သင့်တဲ့ အနေအထား ရှိအောင် ဖန်တီးကြပါ။ ပြင်လွယ် ပြောင်းလွယ်တဲ့ အခြေခံ ဥပဒေ ဖြစ်အောင် အခုကတည်းက စပြီးတော့ ဝိုင်းပြီးတော့ တောင်းခံ ကြရ အောင်လို့ ပြောတာပါ။

ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတာ ကျနော် သဘောမတူဘူး၊ ရှေ့မှာဘာမှ မရှိတော့ဘူးဗျ။ အခြေခံ ဥပဒေ ပြင်လိုက်ရင် သင့်တင့်တဲ့ အသက်ရှူပေါက် သို့မဟုတ် ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီ သဏ္ဌာန်နဲ့ ပေါ့ဗျာ၊ လွှတ်တော်ထဲ လောက်တော့ ပြောခွင့်ဆိုခွင့် ရှိမယ်၊ လွှတ်တော်ထဲ ပြောခွင့် ဆိုခွင့် ရှိရာက နေပြီးတော့ လုပ်ငန်းတွေ လုပ်နိုင်မယ်။ ဒီအတိုင်းသာ သွားလို့ကတော့ ပြင်လို့ကို မရနိုင်ဘူး။ ဘာ အခွင့်အရေးမှ မရှိဘူး၊ တိုင်းရင်းသား ဘက်ကလည်း ဘာမှ မရှိဘူး၊ ဒီမိုကရေစီ အင်အားစု ဘက်ကလည်း ဘာမှ မရှိဘူး။

အဲဒီတော့ အဆုံးအဖြတ် ပေးနိုင်တဲ့ နေရာဆိုတာ လွှတ်တော် ပေါ်လာမယ်၊ လွှတ်တော်ထဲ ရောက်ရင် ခင်ဗျားတို့ ပြောခွင့် ဆိုခွင့် ရှိမယ်၊ ဟုတ်တယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုတာက ဘာကို ဆုံးဖြတ်မှာလဲ ဆိုတော့ ဘာမှ မရှိဘူး။ ဘာမှ မလုပ်နိုင်ဘူး၊ သူတို့ရဲ့ နိုင်ငံရေး သဘောထားတွေ ပြောရဲလို့ စင်မြင့်ပေါ်က ပြောရတာမှ တပါး ရှေ့ကို တိုးလို့ မရဘူးဗျ။ အဲဒါကြောင့် ရွေးကောက်ပွဲ မဝင်စဉ် ကာလမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းကြရအောင် လို့ ကျနော်က ပြောတာ။

မေး။ ။ ၂ဝဝ၈ အခြေခံ ဥပဒေထဲက ဘယ်အချက်တွေကို အရေးတကြီး ပြင်ဆင် စေချင်တာလဲ။

ဖြေ။ ။ အချက်ပေါင်း ၁၂ ချက်လောက် ရှိတယ်။ ပြောနိုင်တာက တပ်မတော်သည် နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင်ရမယ် ဆိုတဲ့ အခြေခံမူ အမှတ် ၆ ကို လက်မခံဘူးဗျ။ အခြေခံ ဥပဒေကို ၇၅ ရာခိုင်နှုန်း အထက်မှာ ရမှသာ ပြင်နိုင်မယ် ဆိုတဲ့ အချက်ကိုလည်း ပြင်ဖို့ပါတယ်။ နောက်တခုက တိုင်းရင်းသား ဘက်ကို ကြည့်တဲ့ အခါကျတော့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာ အတွက် ဗိုလ်သမ္မတ ကနေ ချပေးတာကို ဒီ အောက်ခြေက ငြင်းခွင့် မရှိဘူး။ အဲဒီလိုမျိုး ဟာလေးတွေက ဒီ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လည်း အဓိက အကျဆုံး ဖြစ်တယ်၊ ပြင်ဖို့ လိုတယ်။

မေး။ ။ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနဲ့ ပတ်သက်လို့ NLD ထဲမှာ သဘောထား ကွဲလွဲနေတာ၊ အငြင်းပွားဖွယ် ဖြစ်နေတာ တို့နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကိုယ့်ခေါင်းဆောင်တွေကလည်း အရေးတော်ပုံက ထွက်လာတဲ့ ခေါင်းဆောင် တွေဗျ၊ ကျနော်လည်း အရေးတော်ပုံ ကာလတုန်းက စာနယ်ဇင်း သမဂ္ဂမှာ ခေါင်းဆောင်ခဲ့တယ်၊ ထောင်ထဲမှာ အနှစ် ၂ဝ လောက် နေခဲ့တဲ့သူ။ အဲဒီတော့ ဒီအရေးတော်ပုံ စံနဲ့ပဲ တိုင်းတာပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်က နည်းနည်း ခပ်ပြင်းပြင်းလေး စဉ်းစားတယ်၊ ပြောဆိုတယ်။

နောက်တပိုင်းကလည်း ဘာလဲ ဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်က ကျန်နေတယ်ဗျ၊ ဒါကြီး ကို ကျနော်တို့ လက်ထဲမှာ ရှိတဲ့ စက္ကူစုတ် လေးလို၊ သစ်ရွက်ခြောက်လို၊ သစ်ကိုင်းခြောက်လို လွှင့်မပစ် နိုင်ဘူးဗျ၊ ဒါကြီးဟာ ကျနော်တို့တွေ ညံ့လို့၊ အခြေအနေ မပေးလို့ သို့မဟုတ် စစ်အစိုးရ ဖိနှိပ် ချုပ်ချယ်လို့ ဘယ်လိုပဲ ပြောပြော အကောင်အထည် မဖော်နိုင်သေးဘူး။ အမျိုးသား ညီလာခံကြီးသာ ပြီးသွားတယ်၊ အခြေခံ ဥပဒေသာ ပြီးသွားတယ်၊ ဒီ ၁၉၉ဝ ရလဒ်ကို ဒီနေ့အထိ ပယ်ဖျက်ခြင်း မလုပ်နိုင်သေးဘူး၊ လုပ်လို့လည်း မဖြစ်ဘူးဗျ။

NLD ထဲမှာလည်းပဲ ဒီပါတီကို နှစ်ပေါင်း ၂ဝ လောက် ထိန်းသိမ်းလာတဲ့ လူတွေ ရှိတယ်၊ ကျနော်ကတော့ အရေးတော်ပုံ မာန်နဲ့ လုပ်နေပါတယ်၊ ဒီ NLD ထဲမှာရှိတဲ့ တချို့ ပုဂ္ဂိုလ်တွေ ကတော့ ဆင်ခြင်တုံ တရားဉာဏ်နဲ့ စဉ်းစားနေတယ်၊ မာန် နဲ့ ဉာဏ်နဲ့ကတော့ နည်းနည်းလေး တခါခါ ကျတော့ မာန်က နည်းနည်း တင်းတင်း ရှိမယ်၊ ဉာဏ်ကတော့ နှိုင်းနှိုင်းချိန်ချိန် ရှိမယ်။

ဒီစစ်အစိုးရက ပြောင်းမယ်လို့ သူတို့က နည်းနည်း ထင်နေတာ၊ ကျနော်ကတော့ မပြောင်းဘူးလို့ ထင်နေတယ်၊ အဲမှာ နည်းနည်း ကွဲနေတာ ပေါ့ဗျာ။ စစ်အစိုးရက သူတို့ကို လိုက်လျောမယ်၊ သက်ညှာမယ်၊ စစ်အစိုးရ ပျော့ပြောင်း လာနိုင်တယ်၊ နားလည်မှု ရှိလာနိုင်တယ်၊ အကောင်းဘက်ကို ရှေ့ရူ လာနိုင်တယ်လို့ အဲဒီလို ထင်နေကြတဲ့ လူတွေပဲ။ စစ်အစိုးရ ကတော့ ခါတိုင်း ခေါင်းမာသလို ခေါင်းမာ နေတာပဲ၊ သူတို့ရဲ့ သက်ဆိုးရှည်ဖို့၊ စစ်အုပ်ချုပ် ရေးကို သက်တမ်းရှည်ဖို့ လုပ်တာပဲ ရှိတယ်။

ပြည်ပမှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ ရဟန်းတွေ၊ ဒီမိုကရေစီ အင်အားစု၊ လူမျိုးစုတွေ ကတော့ ဒီ ရွေးကောက်ပွဲ ကို သပိတ်မှောက် ကြမယ် ဆိုတဲ့ အသံမျိုးတော့ ထွက်နေတာပဲ။

ပြည်တွင်းမှာလည်း ဒီ ရွေးကောက်ပွဲကို ဝင်တော့မယ်လို့ ပြောတဲ့ နိုင်ငံရေး အင်အားစုပေါ့ သိပ်အင်အား ကြီးကြီး မားမားတော့ မဟုတ်ဘူး၊ သူတို့ရဲ့ ခေါင်းဆောင်မှု၊ သူတို့ရဲ့ သိက္ခာ သမာဓိ ကြီးတာတော့ မှန်ပါတယ်။ မြန်မာပြည် နိုင်ငံရေးကို ခြုံကြည့်လိုက်ရင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ ပြည်တွင်းရော ပြည်ပမှာရော သဘောထားက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြတ်ပြတ် သားသားပဲ၊ No လို့ အော်နေတာပဲ။ တဘက်ကလည်း တတိယ အင်အားစုလို့ ခေါ်တဲ့ အင်အားစုတွေ နောက်တခါ ငြိမ်းချမ်းရေး အဖွဲ့ တချို့ပေါ့၊ မွန်ထဲမှာ၊ ကချင်မှာ စသဖြင့် အဲဒီလို ဟာတွေ ကလည်း ရွေးကောက်ပွဲ ဘက်ကို ဆွဲနေတာ ပေါ့ဗျာ။

NLD က ၉ဝ တုန်းက ရွေးကောက်ပွဲ နိုင်ထားတယ်၊ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်နိုင်ခြင်း ဘာမှ မရှိဘူး။ အခုတခါ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ကျောခိုင်းပြီးတော့ ဒီ အသစ်ဖြစ်တဲ့ ရွေးကောက်ပွဲကို ထပ်ပြီးတော့ အော်ရဦးမယ် ဆိုရင် NLD က တော်တော်ကို မျက်နှာပြောင် တိုက်ပြီး လုပ်မှသာ ဖြစ်မယ့် အနေထား မျိုး ဖြစ်နေတာ ကိုးဗျ။

NLD ကတော့ အခုထိတော့ ဘယ်ဘက်ကိုမှ မပါသေးတာ၊ အဲဒီဟာက လက်ရှိ နိုင်ငံရေး အနေထားပဲ၊ NLD ရွေးကောက်ပွဲ ဝင်တော့မယ်၊ သို့မဟုတ် မဝင်ဘူးဆိုရင် နိုင်ငံရေး ပိုပြီးတော့ ပြတ်ပြတ်သားသား ဖြစ်လာမယ်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့