Wednesday, October 28, 2009

တပြည်လုံး ထောင်ကျနေတာမို့ မကြောက်ကြဖို့ ဦးဝင်းတင် ပြောကြား

October 28, 2009

အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်ကို ကျောင်းသား တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေက သီတင်းကျွတ် ဂါရ၀ပြု တွေ့ဆုံပွဲ တခု ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ် ပါတယ်။

မှန်ကန်တဲ့လုပ်ရပ်အတွက် အကျဉ်းထောင်တွေကို မကြောက်ကြ ဖို့နဲ့ စစ်အစိုးရရဲ့ လက်ကမ်း ဖိတ်ခေါ်မှုတွေကိုလည်း သတိနဲ့ စောင့်ကြည့် နားစွင့်ဖို့ စသဖြင့် တက်ရောက် လာသူတွေကို ဦးဝင်းတင်က မှာကြားခဲ့ပါတယ်။ အ ခုလို ဒီကနေ့ တွေ့ဆုံလာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ဘာတွေများ မှာကြားခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်း ထားတယ်ဆိုတော့ အပြည့်အစုံကို ပြောပြပေးပါဦးရှင်။

မအေးအေးမာ ။ ။ ဂါရ၀ပြုကြသူတွေထဲမှာ လက်ရှိ တက္ကသိုလ် တက်နေတဲ့ ကျောင်းသားများ အပါအ၀င် နိုင်ငံရေး တက်ကြွသူ အကျဉ်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုတွေလည်း ပါဝင်ပါတယ်။ ဦးဝင်းတင်ကတော့ သူ့ကို ဂါရ၀ လာပြုသူတွေကို တပြည်လုံး ထောင်ကျနေတာမို့ မကြောက်ကြဖို့နဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပြပါတယ်။

ဦးဝင်းတင် ။ ။ စကားပြောတာတော့ အထူးသဖြင့်ကတော့ ကျနော်တို့ ဗမာပြည်ကြီး တပြည်လုံးဟာ ထောင်ကျ နေတယ်၊ တပြည်လုံး ထောင်ကျနေတဲ့ အခါကျတော့ ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း လူတွေ အသီးသီးမှာ တ ယောက်နဲ့တယောက် လွတ်လပ်စွာ ပြောဆိုခွင့်၊ သွားလာခွင့်၊ လှုပ်ရှားခွင့်၊ လုပ်ကိုင် ဆောင်ရွက်ခွင့်တွေ မရှိတော့ ဘဲနဲ့ ကိုယ့်တိုင်းပြည် အုတ်တံတိုင်းကြီးဟာ ဟိုနေရာ ဒီနေရာမှာ ရှိတယ်။ လူတွေဟာ ထောင်ကို ပိုကြောက် လာကြတယ်။ အဲဒီတော့ ကျနော်က ပြောချင်တာ ကတော့ ထောင်ကို မကြောက်နဲ့၊ ဘာမှ ကြောက်စ ရာမရှိဘူး၊ ထောင်ဆိုတာ ထုသားပေသား ရတဲ့ နိုင်ငံရေး သမားကောင်းတွေ ပေါ်ထွက်လာဖို့ နေရာ၊ တိုင်းပြည်ရဲ့ အရေးကို ဆောင်ရွက်နိုင်ခွင့် ရှိသူတွေ ပေါ်ထွက် လာမယ့်နေရာ၊ သို့မဟုတ်လည်း အနည်းဆုံးအားဖြင့်ကို လူ့ ဘ၀မှာ ဘ၀ တလျှောက်လုံး ရင်ဆိုင်ချင် လောက်အောင် အသိပညာ၊ အတတ်ပညာ၊ စိတ်ဓာတ် အားဖြင့် ခိုင်ခိုင် မာမာ ဖြစ်လာမယ့်၊ ထုသားပေသား ရလာမယ့် နေရာမျိုးဖြစ်တယ်။ အဲဒါကြောင့် ထောင်ကို မကြောက်ကြနဲ့။

မအေးအေးမာ ။ ။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်လာမယ် ဆိုတာကို သူ ယုံကြည်ကြောင်းနဲ့ စစ်အစိုးရမှာလည်း အခက်အခဲတွေ ရှိနေကြောင်း တွေကိုလည်း ပြောပြပါတယ်။

ဦးဝင်းတင် ။ ။ စစ်အစိုးရကလည်း အမြဲတမ်း ကျနော့်တို့ကို ခြိမ်းခြောက်နေတယ်။ ထောင်နဲ့ ခြောက်နေတယ်။ သေနတ်နဲ့ ခြောက်နေတယ်။ ဖိအားတွေနဲ့ လိမ်နေတယ်။ ဒါတွေကတော့ မတတ်နိုင်ဘူး ကျနော်တို့ ကတော့ ကျနော်တို့ လုပ်မြဲအလုပ် ကျနော်တို့ ကြိုးစားသွားဖို့ပါပဲ။ နောက်တခါ သေနတ်နဲ့ ခြောက်တဲ့အခါ သေနတ်နဲ့ပစ်ရင် ကျည်ဆံတတောင့်ဟာ လူတယောက်ကို သေလောက်တယ် ပေါ့လေ။ ကိစ္စမရှိပါဘူး၊ တယောက်သေရင် နှစ်ယောက် ဆက်လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးမွေးရင် ဘာမှ အရေးမကြီးပါဘူး။ စစ်အစိုးရ ဆိုတာမျိုးက ဘယ်တော့ မှ ရေရှည်အုပ်စိုးလို့ မရဘူး၊ အလှည့် အပြောင်းတွေက ဒီနေ့မရောက် မနက်ဖန် ရောက်မှာပဲ။ မနက်ဖန်ခါ မရောက် သန်ဘက်ခါ ရောက်မှာပဲ။ ဒါပေမယ့်လို့ ကျနော်တို့က စိတ်ပျက်ပြီး၊ အားငယ်ပြီးတော့ ကြောက်လန့်ပြီးတော့ စစ်အစိုးရကို ခြေသလုံး မဖက်နေနိုင်ဘူး။ စစ်အစိုးရကို မျက်နှာချို သွေးမနေနိုင်ဘူး။ လုပ်သင့်တာလုပ်မယ်။

မအေးအေးမာ ။ ။ လက်ရှိစစ်အစိုးရကို ဆက်ဆံရေး ကောင်းနိုင်ဖို့၊ လက်တွဲ လုပ်ဆောင်ဖို့ အတွက် ရည်မှန်းချက် ကြီးသူတွေ အနေနဲ့ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သတိကြီးစွာနဲ့ ဆက်ဆံဖို့ လိုအပ်ကြောင်း တွေကိုလည်း ပြောသွားပါတယ်။

ဦးဝင်းတင် ။ ။ အကြောင်းအခြေအနေ မမှန်ဘဲနဲ့ ဒီစစ်အစိုးရကို လက်တွဲ ဆောင်ရွက်တယ် ဆိုတာ စစ်အစိုးရက လက်ထဲမှာ လက်ထိပ်ရှိနေရင် ကျနော်က စစ်အစိုးရကို သွားပြီးတော့ လက်တွဲ ဆောင်ရွက်ပါတယ် ဆိုပြီး လက်သွားကိုင်ရင် စစ်အစိုးရက ကျနော်တို့ကို လက်ထိပ် ခတ်ထားဖို့ပဲ ရှိတာပေါ့။ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ ဘာတို့ ဆိုတာတွေကလည်း အကြောင်း အခြေအနေတော့ ခိုင်လုံရ လိမ့်မယ်။ နေရာတကာ ဘာမှန်း မသိဘဲနဲ့ သူတို့က တံခါးဖွင့်ထားတယ် ဆိုတိုင်း ကိုယ်က … ဟာ … တံခါးဖွင့်ထားရင်လည်း ကျုပ်ကတော့ အချိန်မရွေး ၀င်သွားဖို့ အဆင်သင့်ပဲ ဆိုပြီးတော့ ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့ တံခါးဖွင့်တိုင်းသာ ၀င်သွားရင် ကျနော်တို့ ထောင်ထဲ ရောက်သွားမှာပေါ့။ သူ ဖွင့်ထားတဲ့ တံခါးက စားပွဲဝိုင်းတံခါး ဖွင့်ထားတာ မဟုတ်ဘဲနဲ့ ထောင်ဘူးတံခါး ဖွင့်ထားရင် ကျနော်တို့ တံခါးဖွင့်တယ် ဆိုပြီးတော့ စွတ်ဝင်သွားရင်တော့ အဲ ကျနော်တို့ ထောင်ထဲ ရောက်သွားမှာပေါ့။ ဒါကတော့ ကျနော်တို့ အပေါ်မှာ တည်တယ်။ သို့သော် ကျနော်က စိတ်ထဲကတော့ အမြဲတမ်း အကောင်းမြင်ရမယ်။ သူတို့ လက်ပေးလာရင် လက်တွဲပြီးတော့ ပူးတွဲဆောင်ရွက်မယ် ဆိုတဲ့ စိတ်ဓာတ်ကတော့ အမှန်ရှိရမယ့် စိတ်ဓာတ်ပဲ။ သို့သော် ကျနော်တို့ မျက်စိတွေကတော့၊ ကျနော်တို့ နားတွေကတော့ နားစွင့်နေရမယ်။

မအေးအေးမာ ။ ။ လာရောက်ဂါရ၀ပြုသူတွေ ကတော့ ဦးဝင်းတင်ရဲ့ ပြောဆိုချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ဖြစ်ခဲ့ရတယ် လို့လည်း ဆိုပါတယ်။

ပွဲတက်သူ ။ ။ ဘဘကြီး ပြောတာတွေကို နားထောင်ပြီးတော့ အမရယ်၊ သတ္တိတွေ ပိုရှိလာတယ်၊ အမှန်တရား အတွက်ဆိုရင် ဘာမှကြောက်စရာ မလိုဘူးပေါ့။ ထောင်ဆိုရင်လည်း ကြောက်စရာ မလိုဘူး၊ ဘာကိုမှ ကြောက်စရာ မလိုဘူးဆိုတော့ ကိုယ်လျှောက်ရမယ့် လမ်းက ပေါ့နော် အားမာန် အပြည့်နဲ့ သတ္တိတွေ ရှိလာတယ် ပေါ့နော်။ ဘဘစကားကို နားထောင်ရတာလေ။

မအေးအေးမာ ။ ။ ဂါရ၀ပြုသူ အင်အား (၁၀၀) ကျော်ထဲမှာ လက်ရှိ တက္ကသိုလ်တွေမှာ တက်နေတဲ့ ကျောင်းသားတွေ (၂၀) ကျော် ပါဝင်ပြီး သူတို့ အပြန်မှာတော့ အနှောက်အယှက် ပေးခံရမှုတွေ ရှိတယ်လို့လည်း ပြောပြ ပါတယ်ရှင်။


Ref: VOA News

0 comments:

အပေါ်သို့