Wednesday, October 21, 2009

အမေရိကန် တာဝန်ခံ သံမှူးနဲ့ ဒီချုပ် ခေါင်းဆောင်များ တွေ့ဆုံ

အင်္ဂါနေ့၊ အောက်တိုဘာလ 20 ရက် 2009

နယူးဒေလီ။ ။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒအသစ်နှင့် ပတ်သက်၍ အမေရိကန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ သံမှူးက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

တာဝန်ခံသံမှူး လာရီ အမ် ဒင်ဂါ (Larry M. Dinger) နှင့် သံရုံး အရာရှိ နှစ်ဦးသည် ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - အန်အယ်ဒီရုံးချုပ်သို့ သွားရောက်ကာ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

''အမေရိကန်က ပိတ်ဆို့အရေးယူမှုကို ဆက်ထားသွားမယ် ဆိုတာကို ကျနော်တို့ကို ရှင်းပြပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံ သွားလိမ့်မယ်လို့ ဆိုတယ်။ သူ (မစ္စတာ ဒင်ဂါ) က ကျနော်တို့ အန်အယ်ဒီရဲ့ ရပ်တည်ချက်ကိုလည်း မေးတယ်'' ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် နေ့ခင်းပိုင်း ၂ နာရီခွဲမှ ၃ နာရီခွဲအထိ တွေ့ဆုံခဲ့သည်။

ဤတွေ့ဆုံမှုသည် ယခုလ ၉ ရက်နေ့တွင် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံရုံးမှ သံတမန်များ တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

''တွေ့ဆုံမှုအပေါ် အန်အယ်ဒီက ကြိုဆိုပါတယ်။ ကျနော်တို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း လုပ်ကိုင်သွားဖို့ မူဝါဒ တရပ်လည်း ရှိပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူရေး မူဝါဒများနှင့် အကျိုးဆက်များကို ရှာဖွေရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် အရ ယခုလ ၉ ရက်နေ့တွင် သူမကို စစ်အစိုးရက သံရုံး ၃ ရုံးမှ အရာရှိများနှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပိတ်ဆို့အရေးယူ မှုများ ဖယ်ရှားနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပေးပို့ခဲ့သည်။ ထို့အပြင် စစ်အစိုးရအပေါ် အရေးယူ ထားသည့် အဆိုပါ သံရုံး ၃ ရုံးမှ တာဝန်ရှိသူများ နှင့်ပါ တွေ့ဆုံခွင့် ပြုရန်လည်း တောင်းဆိုခဲ့သည်။

ထိုပေးစာနောက်ပိုင်းတွင် စစ်အစိုးရက ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်း စုကြည်ကို နှစ်ကြိမ်တိုင် တွေ့ဆုံနိုင်ရေး အတွက် စီစဉ်ပေးခဲ့သည်။

''အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျနော်တို့နဲ့ တွေ့ဆုံတုန်းက ဒေါ်အောင်ဆန်း စုကြည်က အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို သတင်းစကား ပါးခဲ့ပါတယ်။ အရေးကြီးတဲ့ အဆုံးအဖြတ်တွေကို ဆွေးနွေး တိုင်ပင်ခြင်း မရှိဘဲ သူ့အနေနဲ့ လုပ်မှာ မဟုတ်ဘူးတဲ့'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

(မြင့်မောင် သတင်းပေးပို့သည်။)

Ref: မဇ္ဈိမ


0 comments:

အပေါ်သို့