Thursday, October 22, 2009

စစ်အာဏာရှင်ကြီးများနဲ့ မြန်မာ့သယံဇာတ

22 October, 2009



ကချင်ပြည်နယ်တွင် သစ်သူခိုးတရုတ်များနှင့် ကိုယ်ကျိုးရှာ မပခတိုင်းမှူး အဆက်ဆက် အကြောင်းများ


ပြည်တွင်းမှ စစ်ဖက်နဲ့နီးစပ်သူ (ကချင်ပြည်နယ် တောစောင့်နတ်)

တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ သဘာဝ သစ်တော များမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေကြတာ အခုဆိုရင် ဆယ်စုနှစ် တစ်ခု မက ကြာမြင့် ခဲ့ပါပြီ။ အဲဒီလို ခိုးထုတ်နိုင်အောင် မြန်မာစစ်တပ်က တိုင်းမှူး အပါအ၀င် ထောက်လှမ်းရေး တပ်မှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ သာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ၊ ရဲ၊ ဌာနဆိုင်ရာ၊ သစ်တောဌာန စတဲ့ တာဝန်ရှိသူ အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်း ပါဝင် ပတ်သက် ခဲ့ကြပါတယ်။

န၀တ အစိုးရတက်လာပြီး ၁၉၉၃ ခုနှစ်လောက်က စလို့ တရုတ်တွေဟာ မြန်မာပြည် နယ်စပ် ကချင် ပြည်နယ်မှာ ရှိတဲ့ ကျွန်းသစ် တွေကို အကြီးအကျယ် စတင်ခိုးယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလ တုံးက တရုတ်နိုင်ငံမှ ထုတ်တဲ့ ကျွဲချို ထော်လာဂျီတွေ စပေါ်လာတော့ ထော်လာဂျီနဲ့ တင်လို့ရမဲ့ အရွယ်လောက် ကျွန်းတုံးတွေကို တောထဲမှာ ဖြတ်တောက် ခွဲစိတ်ပြီး အကောင်းဆုံး သစ်သားတွေကိုသာ တရုတ်ပြည်ဘက် တင်သွားကြတာပါ။ တပ်မတော်က စစ်ကြောင်းနဲ့ ထွက်ပြီး ဖမ်းရင်လည်း မကောင်းလို့ တောထဲမှာ လွှင့်ပြစ် ထားခဲ့တဲ့ အတိုအစ လောက်သာ အဖမ်းပြပြီး သစ်အကောင်းတွေနဲ့ ကုန်သည်တွေကိုတော့ လွှတ်ပေးပြီး ငွေယူ ပြန်ခဲ့ကြတာ ပါဘဲ။

အဲဒီလိုနဲ့ မြန်မာ့သစ်တောထဲမှာ သစ်ခိုးယူမှုဟာ အဆမတန် များပြား လာလိုက်တာ ပွဲတော်ကြီး တစ်မျှ ပါပဲ။ ၁၉၉၅ ခုနှစ်မှာ ဗန်းမော် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)နဲ့ ပေါင်းပြီး ခိုးတဲ့ သစ်သူခိုး တရုတ်တွေရဲ့ ကားအုပ်စုကြီးကို မြစ်ကြီးနားဖက်မှ တိုင်းစစ်ဌာနချုပ် မပခ အုပ်စုက ဖမ်းထည့်လိုက်တာ (အဝေမတည့်တာလား ဗန်းမော် ဒကစနဲ့ ဂွင်ရိုက်ထားတာ မသိလို့လား မသိဘူး) ပြဿနာ အကြီးအကျယ် တက်သွားကာ အဲဒီခေတ်က ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သွားရှင်းရတာ၊ သစ်ခိုးကားတွေက အစီး တစ်ရာတောင် ကျော်ပါရောလား။ တရုတ်တွေလည်း အယောက် တစ်ရာကျော် ပါတယ်။

အဲဒီနောက်တော့ နဲနဲငြိမ်သလို ရှိလိုက် သစ်ခိုးမှုတွေ ပြန်ပေါ်လာ လိုက်နဲ့ ဖြစ်နေပြီး ဗန်းမော်မှာလည်း ဒကစ မထားတော့ပဲ စကခ (၂၁) ပြောင်းထိုင် လိုက်ပါတယ်။ ဒကစက ပြဿနာအကြီးအကျယ် တက်ပြီး နောက်ပိုင်းမှာ ထောက်လှမ်းရေးက တန်ခိုး ထွားလာပြီး သစ်သူခိုးတွေဟာ ထောက်လှမ်းရေးနဲ့ ပေါင်းကာ ပိုမို အတင့်ရဲစွာ လုပ်လာ ပါတော့တယ်။ ထောက်လှမ်းရေးက သတင်းအရ စုပေါင်း အဖွဲ့နဲ့ ဖမ်းမယ်ဆိုပြီး ရဲ၊ သစ်တော၊ မယက၊ တပ်တို့ကို ဖွဲ့ပြီး ဖမ်းခိုင်းပါတယ်၊ တကယ်က သူတို့ သတင်းအရသာ သွားလာ လှုပ်ရှားရပြီး သူတို့ကတော့ တကယ် ခိုးထုတ်တဲ့ အဖွဲ့နဲ့ပေါင်းကာ လမ်းကြောင်း လွှဲထားပါတယ်။ အဲဒီ အဖွဲ့ကတော့ သူကိုယ်သူ ခင်ညွှန့် မွေးစားသား ဆိုပြီး သတင်းလွှ့င် ခဲ့တဲ့ စိုးမင်းပိုင် ဆိုသူ ဖြစ်ပြီးတော့ ထောက်လှမ်းရေး (၈) တပ်မှူးကတော့ ဗိုလ်မှူး မင်းလွင် ဆိုသူ ဖြစ်ပါတယ်။

မင်းလွင်ကတော့ ခင်ညွှန့်ပြုတ်ပြီး ကကလှမ်းက လူတွေ အပြစ်ပေးတဲ့ အထဲမှာ ပါသွားပါတယ်။ စိုးမင်းပိုင်ကတော့ မင်းလွင်တို့ အခြေအနေ မကောင်းတာ ကြားတာနဲ့ တရုတ်ပြည်ဘက်ကို တိမ်းရှောင် သွားပါတယ်။ အဲဒီနှစ်လောက်က တိုင်းမှူးဟာ ဗိုလ်ချုပ် မောင်မောင်ဆွေ ဖြစ်ပါတယ်။ သူကလည်း အေးတိအေးစက်နဲ့ ဆိုပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။ ဒေသ ဖွံဖြိုးရေးအတွက် ဆိုပြီး သစ်သယ်ယူခွင့် တွေကို ပယက မှ စာနဲ့တရားဝင် သဘောမျိုး ခွင့်ပြု လာခဲ့ပါတယ်။ ဒေသအတွင်းရှိ ကျေးရွာ စာသင်ကျောင်းများ အမည် ခံ၍သော်၎င်း၊ အပစ်အခတ်ရပ် အဖွဲ့များ အတွက်သော်၎င်း နာမည်အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးပြပြီး ခွင့်ပြု လာခဲ့ပါတယ်။ အလကားတော့ မဟုတ်ပါ။ ပယက ရန်ပုံငွေအဖြစ် သစ်တစ်တန်ကို ကျပ်၂၀၀၀၀ိ/ နှုန်း ကောက်ခံတာ ဖြစ်ပါတယ်။

ပြီးတော့ ဒီတိုင်းမှူးက စာတော့နဲနဲတတ်ဟန် တူပါတယ်။ ကျွန်းကိုတော့ စာဖြင့် တရားဝင် ခွင့်ပြုခြင်း မရှိပါဘူး။ သစ်မာကိုသာ ခွင့်ပြုပါတယ်။ အဲဒီအခါ ကချင်ပြည်နယ်မှာ ပိတောက်ပွဲတော်/ တမလန်း ပွဲတော်ကြီးကို ဒေသခံများရော တရုတ်များရော ကချင် ငြိမ်းချမ်းရေး များပါ သူ့ထက်ငါ ဦးအောင် အလုအယက် ပါဝင် ဆင်နွဲ ပါတော့တယ်။ စစ်တိုင်းရဲ့ ခွင့်ပြုစာ ပါလာတော့ သစ်မာသာမက ကျွန်းကိုပါ ရောယောင် ခုတ်လှဲ ထုတ်ယူလာပြီး ဒေသခံ/ တိုင်းရင်းသားများ သာမက တရုတ်လူမျိုး အစစ်တွေပါ မြန်မာပြည်ထဲ ၀င်လာကာ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ထင်သလို ခိုးယူပါတော့တယ်။

ကချင်ငြိမ်းချမ်းရေးကလည်း သစ်ကွက်များကို ဧရိယာ အလိုက် ရောင်းစား ပါတော့တယ်။ အဲဒီနှစ်၂၀၀၂ ကူမင်း ကုန်စည်ပြပွဲ လုပ်တော့ မြန်မာဘက်က သွားတဲ့ အဖွဲ့မှာ အဲဒီအချိန်က စီးပွား/ကူးသန်း ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းလည်း ပါသွားရာ ဒေသ လေ့လာရေးအဖြစ် ကူမင်း အနီးတ၀ိုက်က ရင်ကျန်း၊ ထိန်ချုံး၊ လိုင်ဇာဘက် သွားလည်ရာမှ မြန်မာဘက်က ခိုးထုတ် သယ်ယူစုပုံထားတဲ့ ကျွန်း၊ ပိတောက်၊ တမလန်းသစ်တွေကို တန်ချိန် သောင်းဂဏန်း နီးပါး တွေ့ရတဲ့အတွက် VIDEO ရိုက်ယူသွားပြီး နေပြည်တော်က သစ်တော ၀န်ကြီးနဲ့ ဗိုလ်သန်းရွှေတို့ကို တင်ပြနိုင်ခဲ့ရာ တရုတ်မြန်မာ နယ်စပ်က သစ်ခိုးမှုကြီးဟာ လည်း မပခတိုင်းမှူး ဘယ်လိုမှ မဖုံးထား နိုင်တော့ပဲ ပေါ်လာရပါတော့တယ်။

သစ်တောရေးရာ ၀န်ကြီးဖြစ်ခါစ ဗိုလ်မှူးချုပ် သိန်းအောင်ကလည်း အစွမ်း ပြချင်နေလေတော့ ကချင်ပြည်နယ်က သစ်ခိုးမှုတွေကို ဖမ်းဆီးဖို့ စတင်ပါလေတော့တယ်။ မပခတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေ ရိပ်မိတော့ တိုင်းမှူးက ဒေသ ဖွံဇြိုးရေးအတွက် သူ့ရဲ့ တိုင်းထဲမှာ တိုင်းအစီအစဉ်နဲ့ ပုဂ္ဂလိက သစ်ထုတ်ခွင့် တန်၂၀၀၀၀ကို ရအောင် လေးလပါတ် အစည်းအဝေးမှာ တောင်းပါတော့တယ်။ အဲဒါနဲ့ သစ်ထုတ်ခွင့် ရသွားခဲ့ပါတယ်။ သို့သော်လည်း သစ်တော ၀န်ကြီးက လက်ဦးမှု ရယူပြီး ကချင်/ရှမ်းမြောက် ဒေသထဲက သစ်ခိုးမှုတွေကို ဖမ်းလိုက်တော့ တိုင်းမှူရဲ့ ပုဂ္ဂလိက သစ်ထုတ်ခွင့်ဟာ စာရွက်ရောင်းပြီးတဲ့ အဆင့်မှာပဲ ရှိခဲ့ပါသေးတယ်။

ဒါကြောင့် တိုင်းမှူးရဲ့  သစ်ထုတ်ခွင့်စာရွက် ၀ယ်လိုက်တဲ့ ဒေသခံ တွေရော/ ကချင် အပစ်ရပ် အဖွဲ့တွေရော မိအေးနှစ်ခါနာ ဖြစ်ကုန် ကြပြီး မကျေမနပ် ဖြစ်ကုန်ကြပါ တော့တယ်။ အကြောင်းကတော့ သစ်ထုတ်ခွင့် စာရွက်ကိုလည်း တစ်တန်နှစ်သောင်း ပေးဝယ်ရတယ်။ သစ်ခုတ်ခွင့် ရအောင်လည်း စစ်ဗျူဟာမှူး အပါအ၀င် ဒေသခံ သစ်တော/ သစ်လုပ်ငန်းကို ပိုက်ဆံ ပေးထားရလို့ ပါပဲ။ စာရွက် မ၀ယ်ခင်က သစ်ခုတ်ထားတာ ဖြစ်လို့ သစ်ကတရားမ၀င် ခုတ်ထားလို့ပါ။ အဲဒီအချိန်က မပခ လက်အောက်ခံ မိုးမိတ် ဗျူဟာမှူးက ဗိုလ်မှူးကြီး အောင်ညွှန့်ပါ၊ ယခုတော့ ပုံနှိပ်နဲ့စာနယ်ဇင်း ဦးဆောင် ညွှန်ကြားရေးမှူးပါ။ သိရသလောက်တော့ မိုးမိတ် ဗျူဟာအောက်မှာ ပါတဲ့ မံစီနယ်ထဲက မံဝိန်း/ ပါခမ်း/ ဘလောင်ဒင်ဆာ နယ်မြေမှာ သစ်ခုတ်ခွင့် ရဖို့ ဗျူဟာမှူးကို တစ်လ သိန်းတစ်ထောင် ပေးရတယ်လို့ ဆိုပါတယ်။

ဆင်ဘို/ တာလောကြီး ဘက်မှာလည်း ထိုနည်းလည်းကောင်းလို့ သိရပါတယ်။ ရှမ်းမြောက်က ကွတ်ခိုင် ဗျူဟာအပိုင် နမ့်ခမ်း ဒေသမှာလည်း ဒီဈေးနှုန်း ပေါက်တယ်လို့ ကြားသိရပါတယ်။ အဲဒီဒေသက သစ်ခိုးမှုများဟာ နေပြည်တော် ကက်ဘိနက် အစည်းအဝေးထိ ပေါက်ကြားပြီး မပခတိုင်းမှူး ပြဿနာ တက်တော့ သူ့ကို ပြင်းထန်တဲ့ အရေးယူမှု မလုပ်ပဲ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်ချုပ် အုံးမြင့်နဲ့သာ နေရာချင်း လဲလိုက်ပါတယ်။ မပခတိုင်းမှူး ဗိုလ်ချုပ် မောင်မောင်ဆွေက ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ယောက်ဖ ဖြစ်နေပါတယ်။ ဗိုလ်ချုပ် အုံးမြင့်ဟာလည်း သစ်တော ၀န်ကြီး ဗိုလ်မှုးချုပ် သိန်းအောင်နဲ့ ကမ်းရိုတန်း တိုင်းမှာ ကတည်းက မပြေလည် ခဲ့ကြပါဘူး။ သစ်ခိုးတဲ့ ကိစ္စတွေမှာလည်း တရုတ်ဘက်က ငွေရင်းများစွာ ၀င်ထားလို့ ဒီအတိုင်း အဆုံးမခံချင်တော့ ငွေမျောငွေနဲ့ လိုက်ဖို့ ကြိုးစာပြီး တိုင်းမှူးကို ကပ်ပါတယ်။ တိုင်းမှူးများကလည်း ဘယ်တိုင်း ရောက်ရင် ဘာနဲ့ ငွေရှာရမယ် ဆိုတာ သင်ပေးစရာ မလိုပဲ မွေးကတည်းက တတ်ထားကြဟန် တူပါတယ်။

ကချင်ပြည်နယ်အနှံ့ ရှိနေတဲ့ ဖမ်းဆီးရမိ သစ်များကို သယ်ဆောင်ဖို့ ဆိုပြီး နောက်တိုင်းမှူး ဗိုလ်အုန်းမြင့်က သူနဲ့ နီးစပ်တဲ့ ကုမ္ပဏီ တစ်ခုကို ခေါ်သွင်းလာပါတယ်။ သစ်ဖမ်းတုံး ကလည်း တပ်တွေ ပါပါတယ်။ ပိုက်ဆံယူ လွှတ်တာလည်း ဒီတပ်တွေပါဘဲ။ ဒီသစ်တွေဖမ်းပြီး ပြန်သယ်တော့လည်း ဒီတပ်တွေပါပဲ။ ပြန်သယ်ရင်းနဲ့ အယောင်ပြပြီး ပြန်ခိုးထုတ်တာလည်း ဒီတပ်တွေပါပဲ။ လုပ်စား နေလိုက်ကြတာများ မျက်စိ လည်စရာတောင် ကောင်းလှပါတယ်။ တိုင်းမှူး ခေါ်သွင်းလာတဲ့ ကုမ္ပဏီက အောင်မိုင် ကုမ္ပဏီ ဖြစ်ပါတယ်။ တိုင်းမှူး မိန်းမက ကချင်ပြည်နယ်က ကချင်မ ဖြစ်နေ ပြန်တော့ မိန်းမဘက်က စိတ်ချရတဲ့ သူကို ခေါ်သွင်းပြီး အပိုင်စီစဉ်တာ ဖြစ်ပါတယ်။ တိုင်းမှူး မိန်းမရဲ့  မောင်အရင်းက အစွမ်းကုန် လှုပ်ရှား ပေးပါတယ်။

အောင်မိုင်ကုမ္ပဏီက ဖမ်းထားပြီးသား ကျွန်း/တမလန်း သစ်တွေရှိတဲ့ နေရာတွေကို သစ်သယ်တဲ့ တရုတ်ကားတွေ လွတ်လပ်စွာ ၀င်ခွင့် ရအောင် စီစဉ် ပေးပါတော့တယ်။ ပြီးတော့ အသစ် ထပ်ခိုးတာတစ်မျိုး၊ နဂိုက ခိုးထားတဲ့ ကောင်းတဲ့ သစ်တွေကို ပြန်ခိုးတာ တစ်မျိုးနဲ့ အမျိုးမျိုး မျက်လှည့်ပြ ပါတော့တယ်။ တိုင်းမှူး အပြောင်းအလဲနဲ့ အတူ အသစ်ပါလာတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ဝေကလည်း အောင်မိုင် ကုမ္ပဏီက စီစဉ်ပေးတဲ့ Double cap ကားပေါ်မှာ လိုက်ပါရင်း သက်ဆိုင်ရာ မြို့နယ် သစ်တော/ ရဲ/ သစ်ထုတ်ရေး တို့ကို အလုပ်ရှုပ်အောင် အကွက်ဆင်ရင်း လမ်းကြောင်း လွှဲနေပါတော့တယ်။

အခုတော့ တိုင်မှူးဗိုလ်အုန်းမြင့်လည်း ရာထူး တက်သွားပြီး ဒုဗိုလ်ချုပ်ကြီး ဖြစ်ကာ ကစထမှူး ဖြစ်သွားခဲ့သလို ဗျူဟာမှူးလည်း ပြောင်းသွားပါပြီ၊ အောင်မိုင် ကုမ္ပဏီကတော့ ကချင်ပြည်နယ်မှာ သူ့လူ/ ကိုယ့်ဘက်သား လုပ်ကာ သစ်ခိုးတုန်း/ ဖမ်းဆီးသစ်တွေ သယ်တုံးပါဘဲ။ ဗိုလ်ချုပ် မောင်မောင်ဆွေ ကိစ္စမှာတုံးက ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သစ်တောရေးရာ ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်ကို မကြေလည်လို့ အခုထိ အညိုးအတေး ရှိနေတုန်းဘဲလို့ သိရှိရပါတယ်။ ဗိုလ်ချုပ် အုံးမြင့်ကလည်း ရာထူး တက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်သွားလို့ ဗိုလ်မှူးချုပ် သိန်းအောင် တစ်ယောက် အနေအစား ဆင်ခြင် နေရပါတယ်။

သို့သော်လည်း သူလည်း ပါးစပ်ပါတာမို့ လုံးဝတော့ မကင်းပါဘူး။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး နှစ်ယောက် ဒုတိယတွေ ပြုတ်သွားရင်ဖြင့် သိန်းအောင် တစ်ယောက် ပြေးစရာမြေ မရှိရှာလောက် ပေဘူးလို့ ထင်ပါတယ်။ အဲဒါကတော့ နအဖထဲက စားခွက် လုကြတဲ့ အကွဲ အပြဲ ဇာတ်လမ်းလေး တစ်ခုပါ။ နောက်ဆုံး ရရှိတဲ့ သတင်းများအရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက် အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ ကြေးလန်/ စကားဝါ စတဲ့ သစ်မျိုးများ ကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်း အမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်း နက်လျှက် ရှိနေပါတယ်။ ဒါ့အပြင် AIDS အပါအ၀င် မူးယစ်ဆေးဝါး ဒဏ်ကိုပါ ခံနေကြရပါတယ်။ ဒါဘယ်သူတွေရဲ့  တာဝန်မဲ့မှုပါလဲ?

Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့