Thursday, December 17, 2009

မူးယစ်သမင် မူးယစ်မိုးနဲ့ ကုလမုဆိုး

ဂါမဏိ
၁၆ ဒီဇင်ဘာ ၂၀၀၉

“အမေရိကန်၊ ရုရှား၊ တရုတ်တို့ဆီမှာ အဏုမြူလက်နက် ရှိတယ်။ ငါတို့မှာလည်း ဘိန်းဖြူ လက်နက်ရှိတယ်”

ဒီစကားကတော့ ၁၉၈၀ ခုနှစ်များနဲ့ ၁၉၉၀ ခုနှစ်များတုန်းက (ယာမ စိတ်ကြွဆေး ခေတ်မစားခင်) မဆလ - နဝတ - နအဖ စစ်ဗိုလ်ချုပ်တွေ ခိုးကြောင် ခိုးဝှက်နဲ့ ဂုဏ်ယူဝင့်ကြွား ဟစ်ကြွေးခဲ့တဲ့ စကား ဖြစ်ပါတယ်။ ဒီစကားအတိုင်း ထိုင်း-အာဆီယံ-အမေရိကန် တို့ကို တိုက်ဖို့ ဘိန်းဖြူ ထုတ်လုပ် တင်ပို့ရေးကို ဗမာစစ်အာဏာရှင် တွေက နောက်ကွယ်က အခိုင်အမာ အားပေးခဲ့ပါတယ်။ ၁၉၉၀-၉၁ တုန်းကလည်း ဗိုလ်ချုပ်မောင်အေးဟာ အမေရိကန်ကို မူးယစ်ဆေး လက်နက်နဲ့ တိုက်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို အသစ်တဖန် ပြန်ချပေးခဲ့ပါတယ်။

ဒီရည်ရွယ်ချက်နဲ့ပဲ ခွန်ဆာကို မွေးခဲ့တာဖြစ်ပါတယ် (ကွန်မြူနစ်နဲ့ တိုင်းရင်းသား သူပုန်တွေကို စစ်တပ်ကိုယ်စား တိုက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့တယ်)။ လက်ရှိ နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေး အပါအဝင် ရပခတိုင်းမှူးတွေကို ခွန်ဆာက နှစ်စဉ်ကြေး ပုံမှန် သွင်းခဲ့ရပြီး စာအဆက်အသွယ် အမြဲ ရှိခဲ့ပါတယ်။ စီးပွားရေး ကိစ္စတွေ၊ တိုင်းရင်းသား သူပုန်သတင်း၊ ဗကပ သတင်းတွေ၊ စစ်ဆင်ရေး သတင်းတွေ ဖလှယ်ခဲ့ပါတယ်။ ဟိုတုန်းက ငွေတန်ဖိုးနဲ့ တနှစ်ကို အနည်းဆုံး ကျပ်သိန်း (၃,၀၀၀) လောက် သွင်းပေး ခဲ့ပါတယ်။ ကတော်တွေအတွက် ယိုးဒယားပစ္စည်း လက်ဆောင်တွေ ကတော့ ပြောစရာကို မလိုတော့ပါ။ ဒါ့အပြင် ခွန်ဆာဟာ ၈၈ ခုနှစ် နဝတ အာဏာသိမ်းစ ဘဏ္ဍာရေး အကျပ်ဆိုက် နေချိန်၊ နိုင်ငံတကာကလည်း ငွေကြေး အထောက်အကူ ဖြတ်တောက် ထားချိန်မှာလည်း ကျပ်ငွေရော ဒေါ်လာငွေပါ ထောက်ပံ့ ချေးငှားပေးတာတွေ လုပ်ခဲ့လို့ နဝတ အသက်ရှူပေါက် ရသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ခွန်ဆာဟာ မူးယစ်ဂိုဏ်း ပီပီသသ မနေတော့ဘဲ ရှမ်းပြည် လွတ်လပ်ရေးတွေ၊ အမျိုးသားရေးတွေ ဝင်ယောင်လာလို့ တကြောင်း၊ နဝတအဖို့ အရှေ့မြောက် အပစ်ရပ်အဖွဲ့ကြီး တွေနဲ့ စီးပွားရေး လုပ်ရတာ ပိုတွက်ခြေ ကိုက်လာတဲ့ အတွက် တကြောင်း၊ နဝတဟာ ခွန်ဆာရဲ့ အမ်တီအေ တပ်တွေကို အလေးအနက် စစ်ဆင်ရေးလုပ် အပြုတ်ဖြုတ် ခဲ့ရပါတယ်။

ဒီလိုနဲ့ စစ်ဗိုလ်ချုပ်တွေဟာ မူးယစ်ဆေး ကုမ္ပဏီသစ်တွေကို ထူထောင် လည်ပတ်လာခဲ့ပါတယ်။ အပစ်ရပ် အဖွဲ့တွေကို မူးယစ်ဆေး လုပ်ငန်းထဲ နစ်အောင် တခြားစီးပွားရေး လုပ်ငန်းတွေ ပိတ်ဆို့၊ ဖိအားတွေ မက်လုံး ဆွယ်လုံးတွေ ပေးခဲ့ပါတယ်။ နံပါတ် (၃)၊ နံပါတ် (၄)၊ ယာမ စိတ်ကြွဆေး တွေကို ပြည်ပဈေးကွက် အတွက်ပဲ ထုတ်လုပ်ဖို့၊ ပြည်တွင်း ဈေးကွက်မှာ မဖြန့်ဖို့အတွက် မူးယစ်ဆေး ထုတ်လုပ်သူတွေ၊ မူးယစ်ဆေး ကုန်သည်တွေကို နဝတ ထောက်လှမ်းရေးတွေ၊ တိုင်းမှူးတွေ၊ တိုင်းစစ်ဌာနချုပ် ဂျီ-ဝမ်း၊ ဂျီ-တူး (စစ်ဦးစီးအရာရှိ ပထမဆင့်နဲ့ ဒုတိယဆင့်) တွေက ကိုယ်တိုင်ကိုယ်ကျ ခေါ်ပြောခဲ့ပါတယ်။ ဆက်ကြေး မှန်မှန်ပေးဖို့နဲ့ ရှယ်ယာပါရဖို့လည်း ညှိတာကတော့ ထည့်ပြောစရာ လိုမယ် မထင်ပါ။

ဒါပေမယ့် စစ်အုပ်စုဟာ ဘယ်သူတေတေ ငတေမာပြီးရော သမားတွေဖြစ်တဲ့ အတွက် အဲဒီ ‘အိတ်စ်ပို့ပေါ်လစီ’ ကိုလည်း သူတို့ အထဲကပဲ ပြန်ဖောက်ဖျက် ခဲ့ပါတယ်။ နအဖ ထောက်လှမ်းရေးတွေ၊ ဗျူဟာ-တပ်မ - တိုင်းစစ်ဌာနချုပ် အဆင့် အရာရှိတွေ ဦးစီးပြီး စစ်တပ် လက်ဝေခံ မူးယစ်ဆေး ကုန်သည်တွေ လက်လီ လက်ကား သမားတွေကို ရှမ်းပြည်၊ ကယားပြည်၊ ကချင်ပြည်၊ မန္တလေး၊ ရန်ကုန်တို့မှာ ဈေးကွက်တွေ ဖွင့်ခိုင်း ခဲ့ကြပါတယ်။

ဘိန်းဖိုတွေ၊ ယာမ စက်ရုံတွေဟာ နယ်မြေခံ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ထောက်လှမ်းရေး တို့ကို ပုံမှန်ဆက်ကြေး ပေးရရုံတင် မက တိုင်းမှူး အထိပါ ပေးရပါတယ်။ တချို့ကလည်း တိုင်းမှူးကို ခွဲမပေးချင်လို့ ဗျူဟာမှူး၊ ရင်းမှူးလောက်နဲ့ပဲ လျှို့ဝှက်လုပ်တာတွေ ရှိပါတယ်။ ဒီထက်နိမ့်တဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကတော့ မူးယစ်ဆေးချိန် မူးယစ်ဆေး၊ ဆိုင်ကယ်ချိန် ဆိုင်ကယ်၊ ဝစ်သောက်ကားချိန် ဝစ်သောက်ကား၊ ကျောက်စိမ်းချိန် ကျောက်စိမ်း စတဲ့ ကယ်ရီ လုပ်ငန်းတွေနဲ့ပဲ ရပ်တည် နေကြပါတော့တယ်။ ကုန်ကုန်ပြောရရင် ဘီယာ၊ အချိုမှုန့်တောင် ကယ်ရီ လုပ်ပေးပါသေးတယ်။

ရဲဘက်စခန်းမှာ သေစာရင်းပြလိုက်တဲ့ အကျဉ်းသား လောပန်းတွေကိုလည်း စစ်ဗိုလ်တွေ ကပဲ အိမ်အရောက် ကယ်ရီလုပ် ပို့ဆောင် ပေးပါသေးတယ်။ စစ်တပ်ကို အသိမပေးဘဲ လုပ်နေတဲ့ မူးယစ်ဆေး ကုန်သည်တွေ၊ စက်ရုံတွေကတော့ ဖမ်းဆီးခံ၊ သိမ်းဆည်း ခံကြရပါတယ်။ နယ်မြေခံ ထောက်လှမ်းရေး တပ်ကြပ် (၂) ရစ်လောက်ကို လိုင်းကြေးပေးတဲ့ ရပ်ကွက်တွင်း လက်လီ သမားတောင် အဖမ်း မခံရပါဘူး။ ဒါပေမယ့် အထက်က စီမံချက် လာရင်တော့ ဒီ လက်လီ သမားတွေကို နယ်မြေခံ ထောက်လှမ်းရေးက မကယ် နိုင်တော့ပါဘူး။ ဆင်ကြီးတွေ လွှတ်ပေးပြီး ခြင်ကလေးတွေ အဖမ်းပြတာ စစ်အာဏာရှင် ခေတ်ရဲ့ လုပ်ရိုး လုပ်စဉ်ပါပဲ။ ဒါတွေဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ထောက်လှမ်းရေး ယန္တရားကြီး ရှိတုန်းကရော၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်ပြီး နောက်မှာရော အပြောင်းအလဲ မရှိ တသမတ်တည်း ဖြစ်ပေါ် ထွန်းကားနေတာ ဖြစ်ပါတယ်။

တဘက်ကကြည့်တဲ့အခါ ငြိမ်းချမ်းရေး အဖွဲ့ကြီးတွေဟာ လူအ, တွေ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်နေတဲ့ ခေတ်ကတည်းက တရုတ် ဘာသာနဲ့လွှင့်တဲ့ ဘီဘီစီ၊ ဗွီအိုအေကို နားထောင်ခဲ့သူတွေ ဖြစ်ပါတယ်။ (ဗကပကို ပုန်ကန် အာဏာသိမ်း တုန်းက သွေးထွက်သံယို မရှိအောင် အထူး ဂရုစိုက်ခဲ့သူတွေ ဖြစ်ပါတယ်။) ဒီကနေ့ ကမ္ဘာ့ ရေစီးကြောင်းကို နားလည် သဘောပေါက်သူတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ခေတ်စားလာတာ၊ မူးယစ်ဆေး ပြဿနာကို လူသားအားလုံးက ရှုတ်ချ ဝိုင်းပယ်လာတာ စတဲ့ ပင်မ ရေစီးကြောင်းတွေကို ကိုယ့်ဒေသ၊ ကိုယ့်အဖွဲ့အစည်း အနေအထားနဲ့ ကိုက်ညီ သဟဇာတ ဖြစ်အောင် လုပ်ဖို့ လိုအပ်ချက်ကို ကောင်းကောင်း သဘောပေါက် လာသူတွေ ဖြစ်ပါတယ်။

ငြိမ်းအဖွဲ့ကြီးတွေဟာ ရာစုနှစ်နဲ့ချီ အမြစ်တွယ်လာတဲ့ မူးယစ်ဆေး ပြဿနာကို ဖြေရှင်းဖို့ တတ်နိုင်သမျှ တခြား ကောင်းရောင်း ကောင်းဝယ်ရော၊ မူးယစ်ဆေး မဟုတ်တဲ့ တခြား မကောင်းရောင်း မကောင်းဝယ် တွေပါ အမျိုးမျိုးဖြန့်ခွဲ diversify လုပ်ပြီး အဖွဲ့အစည်း ရပ်တည်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တဦးချင်း စီးပွားရေးတွေ အတွက် လုံးပန်းနေတာ မြန်မာပြည် တပြည်လုံး မျက်မြင်ဖြစ်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးပပျောက်ရေးတွေကို နှစ်ကာလ သတ်မှတ်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက် ခဲ့ကြသလို ဘိန်းတပင်တွေ့ရင် ခေါင်းဖြတ် သွားပါလို့တောင် ရဲရဲကြီး အာမ ခံခဲ့ကြပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေကို ငြိမ်းဒေသ အတွင်း အချိန်မရွေး တံခါးမရှိ ဓားမရှိ ဝင်ထွက် စစ်ဆေးခွင့် ပြုခဲ့ပါတယ်။ ဒါမျိုး အကန့်အသတ်မရှိ စစ်ဆေးခွင့်ကို နအဖအုပ်ချုပ်တဲ့ ဒေသတွေမှာ မရပါဘူး။

ဒါပေမယ့် UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးကတော့ မြန်မာပြည်ရဲ့ မူးယစ်ဆေး ပြဿနာမှာ နအဖ စစ်အုပ်စုရဲ့ အခန်းကဏ္ဍကို ရေငုံ နှုတ်ပိတ်နေပြီး ငြိမ်းအဖွဲ့တွေကို အပြစ် ပုံချနေပါတယ်။ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ကုလမူးယစ်နဲ့ ရာဇဝတ်ရုံးရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် ဆိုသူ ဂယ်ရီလူးဝစ္စက မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ အနာဂတ် မရေရာတဲ့ အတွက် မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ထုတ်လုပ် ရောင်းချပြီး ငွေစုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီနေ့မှာ သူတို့ ထုတ်ပြန်လိုက်တဲ့ ၂၀၀၉ ခု အရှေ့အာရှနဲ့ အရှေ့တောင် အာရှဆိုင်ရာ စိတ်ကြွဆေး အလားအလာနဲ့ ပုံစံများ အစီရင်ခံစာမှာ စိတ်ကြွဆေးတွေကို အဓိကအားဖြင့် ကိုးကန့်နဲ့ ဝ အပစ်ရပ် နယ်မြေတွေမှာ ထုတ်လုပ်နေတယ်လို့ ဆိုထားပါတယ်။ ဇွန်လက ထုတ်ပြန်တဲ့ ၂၀၀၉ ခု ကမ္ဘာ့မူးယစ်ဆေး အစီရင်ခံစာမှာလည်း ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (ဝ ငြိမ်းအဖွဲ့)၊ ကိုးကန့် ငြိမ်းအဖွဲ့နဲ့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) တို့ဟာ ယာမ စိတ်ကြွဆေး ထုတ်လုပ်ရေးကို အဓိက ဆောင်ရွက် နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့် နအဖစစ်အစိုးရက တိုက်ရိုက်နဲ့ အကြွင်းမဲ့ ချုပ်ကိုင်ထားတဲ့ အပြီးအပိုင် လက်နက်ချ တဖြစ်လည်း ပြည်သူ့စစ် အဖွဲ့တွေ ကိုတော့ တခွန်းမှ ပြောမထားပါဘူး။ တကယ်တော့ ဒီအဖွဲ့တွေဟာ လုံးဝ ရာနှုန်းပြည့် နအဖ ချုပ်ကိုင်မှုအောက်မှာ နံပါတ် (၃)၊ နံပတ် (၄)၊ ယာမတွေကို လွတ်လွတ်လပ်လပ် ထုတ်လုပ် နေကြတာ ရှမ်းပြည်က ဒေသခံတွေ အားလုံးအသိ ဖြစ်ပါတယ်။ ဥပမာပြရရင် ခွန်ဆာ အဖွဲ့က အကြွင်းမဲ့ လက်နက် ချခဲ့ပြီးနောက် နအဖက အထူး ဖွံ့ဖြိုးရေး ဒေသတွေ သတ်မှတ်ပေးပြီး ပြည်သူ့စစ် သို့မဟုတ် သကဆဖ (သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့) အဖြစ် ခန့်အပ်ပေးထားတဲ့ ဟိုမိန်း အခြေစိုက် မဟာဂျာ ဦးစီးအဖွဲ့၊ နားရိုင်း အခြေစိုက် လီချန် ဦးစီးအဖွဲ့၊ မတ်ကျန်း (နမ့်စန်) အခြေစိုက် လင်းဆိုင် ဦးစီးအဖွဲ့တွေဟာ ရပခကို တနှစ် သိန်း (၄,၀၀၀) စီ ဆက်ကြေးသွင်းပြီး ဘိန်းဝါ၊ ဘိန်းဖြူ၊ ယာမ ကြိုက်သလို ထုတ်နေကြပါတယ်။ (မဟာဂျာကိုယ်တိုင်က ဘိန်းမည်းစွဲနေ ရှူနေပါတယ်။) ဒီအဖွဲ့တွေဟာ ဘိန်းခြံတွေ ပေါင်းရှင်းဖို့၊ ဘိန်းစေးခြစ်ဖို့ အတွက် ခြံအလုပ်သမား တွေကို တလ ကျပ် (၅) သောင်း ပေးမယ်လို့ လော်စပီကာနဲ့ တောင်ကြီးမြို့ထဲ လှည့်အော်ငှားတဲ့ အထိ ဗြောင်ကျကျ လုပ်နေတာ ဖြစ်ပါတယ်။

ခွန်ဆာအဖွဲ့ဝင်ဟောင်းလည်းမဟုတ်၊ ပြည်သူ့စစ်လည်း မဟုတ်တဲ့ ပုဂ္ဂလိက လောပန်းတွေ ဦးစီး လုပ်နေတဲ့ ဖိုတွေ၊ စက်ရုံတွေလည်း ရပခ သို့မဟုတ် သက်ဆိုင်ရာ ဗျူဟာ၊ တပ်ရင်းတွေကို နှစ်စဉ်ကြေး သွင်းပြီး လုပ်နေတာ ကွန်ဟိန်းနယ် ကာလိ၊ ပင်လောင်းနယ် ထီဘွာ၊ ဖယ်ခုံနယ် လအိလတိန်၊ ဆီဆိုင်နယ် မဲနယ်တောင် လွယ်မောတောင် စတဲ့ နေရာတွေမှာ ရှိနေပါတယ်။ ဒါတွေဟာ ကိုးကန့်၊ ဝတို့နဲ့ ဘာမှမဆိုင်ဘဲ နအဖ နယ်မြေသက်သက် ဖြစ်ပါတယ်။ ရလလဖ ပအိုဝ်း ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင် တာကလယ်ကို ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ ချစ်မောင်ဟာ အာဏာရပြီးတဲ့ အခါ ရပခတိုင်းမှူး၊ ဆီဆိုင်က စကခ-၇ ဗျူဟာမှူး၊ ဘန်းယဉ်က ခမရ (၄၂၅) နဲ့ (၄၂၆) ရင်းမှူးတို့ကို ဆက်ကြေး စုစုပေါင်း တနှစ် သိန်း (၁,၀၀၀) သွင်းပြီး လွယ်မောခွင်၊ ဟိုနမ်းခွင်နဲ့ ဘန်းမတ်ခွင်တွေမှာ ဘိန်းဖိုတွေ တည်ခဲ့တာ ဖြစ်ပါတယ်။ ဆက်ကြေး ပေးရုံတင်မက အစုရှယ်ယာတွေပါ လက်ခံ ပေးခဲ့ရပါတယ်။ (မြို့ပေါ်က အနှိပ်ခန်းတွေ၊ ကာရာအိုကေ ခန်းတွေမှာ ထောက်လှမ်းရေးနဲ့ စစ်တပ်က ရှယ်ယာ ဝင်သလိုမျိုးပါပဲ။) အချင်းချင်း အဝေမတည့်ရာက ၂၀၀၇ ဇူလိုင်-သြဂုတ်လ ထဲမှာ အပြီးအပိုင် လက်နက် ချသွားခဲ့ပေမယ့် ‘အလုပ်’ ကိုတော့ ကာလတခုအထိ ဆက်လုပ်ခွင့် ရခဲ့ပါသေးတယ်။

ရှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်းမှာလည်း ခွန်ဆာလက်နက်ချ တဖြစ်လည်း တရားဝင် ပြည်သူ့စစ်တွေ ဖြစ်တဲ့ မုန်းထော် - မုန်းထ အခြေစိုက် ဆံမွန်း ဦးစီးအဖွဲ့၊ နမ့်ပုန် (တာချီလိတ်) အခြေစိုက် ရီရှင်း ဦးစီးအဖွဲ့၊ ဟောင်လွတ် (တာချီလိတ်) အခြေစိုက် နော်ခမ်း ဦးစီးအဖွဲ့တွေဟာ ကျိုင်းတုံက နအဖတိုင်းမှူးကို သိန်းထောင်နဲ့ချီ ဆက်ကြေးသွင်းပြီး မူးယစ်ဆေး လုပ်ငန်း မျိုးစုံ လုပ်နေတာ ဖြစ်ပါတယ်။ နော်ခမ်း အဖွဲ့ဆိုရင် သောင်းကျန်းလွန်းလို့ နောက်ဆုံးမှာ တရုတ်အစိုးရ ဖိအားပေးမှုနဲ့ ၂၀၀၉ ဖေဖော်ဝါရီလမှာ နအဖက ဟန်ဆောင် ပန်ဆောင် နှိမ်နင်း ပြခဲ့ရပါသေးတယ်။ တြိဂံတိုင်းထဲမှာ ခွန်ဆာလူဟောင်း တခါမှ မဖြစ်ခဲ့ဖူးတဲ့ မိုင်းတုံ၊ မိုင်းဆတ်နဲ့ တာချီလိတ် နယ်တွေက လားဟူ ပြည်သူ့စစ်တွေလည်း ပုဂ္ဂလိက လောပန်းတွေနဲ့ တွဲပြီး ဘိန်းချက်စက်ရုံ၊ ယာမ စက်ရုံတွေကို တိုင်းမှူး၊ ဗျူဟာမှူးတွေဆီ ဆက်ကြေးပေး တည်ထောင် ထားပါတယ်။

ရမခနယ်မြေ ရှမ်းပြည်မြောက်ပိုင်းမှာတော့ တိုင်းမှူးကို ရပခ၊ တသခ မှာလို ဆက်ကြေးပေး မူးယစ်ဆေး ထုတ်လုပ် ကူးသန်း ရောင်းဝယ်နေတဲ့ ခွန်ဆာလူဟောင်း တရားဝင် ပြည်သူ့စစ် ဗိုလ်မွန်ဦးစီး မန်ပန် (တန့်ယန်း) အခြေစိုက်အဖွဲ့၊ လောမားဦးစီး မုန်းဟင်-မုန်းဟ (မိုင်းရယ်) အခြေစိုက် အဖွဲ့တွေဟာ နာမည်ကြီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တသက်လုံး နအဖ ပြည်သူ့စစ်ပဲ လုပ်ခဲ့တဲ့ နမ့်ခမ်း နယ်မြေက (ခိုလုံလီရှော) ပန်ဆေး ကျော်မြင့် အဖွဲ့၊ ကွတ်ခိုင်နယ်က တီခွန်မြတ် အဖွဲ့၊ မုံးကိုးနယ်က နော်ခမ်းအဖွဲ့၊ ဖောင်းဆိုင်နယ်က တီခွန်တွေ အဖွဲ့၊ အုန်းစွမ် (မိုင်းငေါ့) က ကျော်အုံးအဖွဲ့၊ မုန်းဝီးက မြင့်လွင်အဖွဲ့၊ ရှောက်ဟော်က လှမြင့်အဖွဲ့၊ ကွမ်းလုံက ဟော်ရှောက်ချမ်း အဖွဲ့တွေဟာ ကိုးကန့်၊ ဝတို့လို နာမည်မထွက်ဘဲ မူးယစ်ဆေးလုပ်ငန်းကို နအဖ တိုင်းမှူး အဆက်ဆက် ခွင့်ပြုချက်နဲ့ ဆက်ကြေးပေးပြီး တရားဝင် သဘောမျိုးလုပ်နေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကုလသမဂ္ဂက ဒါတွေကို မသိပေမယ့် နယ်မြေခံ လူထုတွေအားလုံးက သိနေကြပါတယ်။

ဒီကနေ့ ရှမ်းပြည်မှာ ဘိန်းအဓိက စိုက်တဲ့ ဒေသတွေက ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဟိုပုံး (မဲနယ်တောင်)၊ ဆီဆိုင် (လွယ်မောတောင်)၊ မိုင်းကိုင် (ဆင်တောင်) နယ်တို့ ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အပင်ကြီးထွားဆေးတွေ ထည့်ပြီး “ခေတ်မီသိပ္ပံနည်းကျ” “အထူးအထွက်တိုး” နှစ်သီးစား၊ သုံးသီးစား “သီးထပ်” စိုက်နေကြတာ ဖြစ်ပါတယ်။ ဒီနယ်မြေတွေဟာ နအဖသြဇာခံ (၂၀၁၀ ဒု-သမ္မတလောင်း) ရှမ်းပြည်နယ် ကြံ့ဖွံ့ခေါင်းဆောင် အောင်ခမ်းထီ ဦးစီး ပီအန်အို (အထူးဒေသ ၆) အဖွဲ့နဲ့ လက်နက်ချ ရှမ်းခွဲထွက် တပ်မဟာ ၇၅၈ (ကွယ်လွန်သူ မိန်းစိန်ရဲ့အဖွဲ့) ချုပ်ကိုင်ရာ နယ်မြေတွေ ဖြစ်ပါတယ်။ ၂၀၀၉ မတ် - ဧပြီတုန်းက ပီအန်အို ဌာနချုပ် ကျောက်တလုံးကို ပင်လောင်းနယ်က ဘိန်းစိမ်း (၁၇၆) ပိဿာ သယ်ယူလာတုန်း ညောင်ရွှေမြို့နယ် (ဘီလူးချောင်းကူး) မှော်ဘီ တံတားမှာ ဖမ်းမိခဲ့ရာမှာ (၇၃) ပိဿာ စာရင်းပျောက်သွား ခဲ့ပါသေးတယ်။ ဒီသတင်းကိုလည်း နအဖက ဖုံးဖိ ထားပါတယ်။

တချိန်က ငြိမ်းချမ်းရေး အထူးဒေသ (၇) လို့ သတ်မှတ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသ နမ့်ဆန်၊ မန်တုံ နယ်မြေမှာ PSLP ပလောင် ငြိမ်းအဖွဲ့ဟာ ၂၀၀၅ ခု ဧပြီလမှာ လုံးဝလက်နက်ချ ဖျက်သိမ်း သွားခဲ့ပါတယ်။ ဒါပေမယ့် ပလောင်ဒေသမှာ ဘိန်းစားတွေ၊ ယာမ သမားတွေကတော့ အထူးတိုးများ လာခဲ့ပါတယ်။ နောက်ဆုံး အဲဒီဒေသမှာ စခန်းထိုင် နယ်မြေထိန်းနေတဲ့ နအဖ တပ်သားတွေ အကြပ်တွေ၊ ဗိုလ်တွေ၊ ရဲတွေပါ ဘိန်းရှူ ဘိန်းစွဲ ယာမစွဲ၊ အရောင်းအဝယ်တွေ လုပ်နေလို့ လူထုတွင်း မူးယစ်ဆေးစွဲ ပြဿနာ ဖြန့်ဖြူးမှု ပြဿနာကို တိုင်တန်းစရာ နေရာ ကိုင်တွယ် တားဆီးနိုင် စရာ အာဏာပိုင် မရှိတော့ပါ။

၂၀၀၉ သြဂုတ်လက ရပခ ဂျီဝမ်း (စစ်ဦးစီးအရာရှိ-ပထမတန်း) ဒု-ဗိုလ်မှူးကြီး မောင်မောင်မြင့်ရဲ့ဇနီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဆိုတာဟာ တကယ်တော့ မူးယစ်ဆေး အရောင်းအဝယ် ကိစ္စ ဇာတ်လမ်းရှုပ်ပြီး အသတ်ခံရတာ ဖြစ်ပါတယ်။ ဒီအမှုမှာ ရပခတိုင်းမှူး၊ ဂျီဝမ်းနဲ့ စရဖမှူး ဗိုလ်မှူးကြီးဝင်းဗိုတို့ ပါဝင် ပတ်သက်နေပြီး ရန်ကုန်မှာ ဘိန်းဖြူကီလို (၅၀၀) ဖမ်းမိမှုနဲ့ သက်ဆိုင် နေပါတယ်။ ဒါ့အပြင် ဇူလိုင်လတုန်းက တာချီလိတ်မှာ ဘိန်းဖြူကီလို (၁,၀၀၀) နဲ့ ယာမ ဆေးလုံး (၂) သန်းခွဲ ဖမ်းမိတာ၊ လားရှိုးမှာ ဘိန်းဖြူကီလို (၅၀၀) ဖမ်းမိတာတွေဟာ နအဖ တပ်မှူးကြီးတွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ အတွင်းသတင်း တခုအရ ကမ္ဘောဇဘဏ် အမြတ်နည်းလာလို့ အစု ရှယ်ယာရှင်တွေဖြစ်တဲ့ ဆရာကျောင်းနဲ့ ဗိုလ်ချုပ်မောင်အေး တို့က မူးယစ်ဆေး လုပ်ငန်းမှာ တိုက်ရိုက် ဝင်လုပ် လာတယ်လို့လည်း ကြားရပါတယ်။ နအဖ တပ်မှူးကြီးတွေ ကိုယ်လွတ်ရုန်း နိုင်အောင် ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို ဖုံကြားရှင် ကိုးကန့် အဖွဲ့အပေါ် တရားခံ လွှဲပြတဲ့ အနေနဲ့ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာရုံလွဲအောင်) သြဂုတ်လကုန်ပိုင်းက စစ်တိုက်တာ လို့လည်း တောင်ကြီးမှာ သတင်း ထွက်နေပါတယ်။

ဒီကနေ့ကာလမှာ နအဖဟာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံဘဲ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို စွဲချက်အမျိုးမျိုးနဲ့ လက်ညှိုးထိုး အကြောင်းရှာပြီး ချေမှုန်းဖို့ ပြင်နေပါတယ်။ အဲသလို အခြေအနေမှာ ကုလ မူးယစ်ဆေးရုံး UNODC ဆိုတဲ့ အဖွဲ့က နအဖ အလိုကျ တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့တွေကို လက်ညှိုးထိုး တရားခံ ရှာပေးတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ ခေတ်ဟောင်း အမေရိကန် ရုပ်ရှင်က လူရွှင်တော် ဂျယ်ရီလူးဝစ္စနဲ့ နာမည်ဆင်တူနေတဲ့ ကုလသမဂ္ဂ ဂယ်ရီလူးဝစ္စလည်း ဂန်ဖလားလို ‘ကျောက်ယူပြန်’ ဖြစ်နေပြီလား။

တဘက်မှာ ငြိမ်းအဖွဲ့ကြီးတွေဟာ သူတို့အမျိုးသားတွေကို ကိုယ်စားပြုထားတာ ဘယ်သူ ငြင်းချင်ပါသလဲ။ နအဖက မြန်မာနိုင်ငံကို ကိုယ်စား ပြုထားတဲ့ အခြေခံထက် ဒီအဖွဲ့ကြီးတွေက သူတို့ အမျိုးသားတွေ အပေါ် ကိုယ်စားပြုတဲ့ အခြေခံက ပိုနက်ရှိုင်း ပိုခိုင်မာပါတယ်။ အမျိုးသားရေး အခြေခံပေါ် အဓိက ရပ်တည်နေတာ ဖြစ်လို့ ဗမာပြည်ရဲ့ တိုင်းရင်းသား ပြဿနာနဲ့ ခွဲလို့မရပါဘူး။ အမျိုးသားရေး အခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ မူးယစ် အခန်းကဏ္ဍကိုသာ ဦးတည် ကြည့်မြင်နေ သရွေ့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု ပြဿနာမှာ ဘယ်တော့မှ အဖြေတွေ့မှာ မဟုတ်သလို သွေးချောင်းစီး ပြည်တွင်းစစ် သံသရာကနေ ဘယ်တော့မှ လွတ်မြောက်မှာလည်း မဟုတ်ပါဘူး။

တကယ်တော့ ဗမာပြည်မှာ နအဖခေါင်က မလုံလို့ မူးယစ်မိုး ယိုနေတာ ဖြစ်ပြီး မူးယစ် သမင်ဟာ နအဖ မင်းကြီးတာကပဲ ထွက်နေတာ ဖြစ်ပါတယ်။ ဒါကိုမသိဘဲ ကုလသမဂ္ဂ မုဆိုးကြီးက မူးယစ်သမင်ကို ဖမ်းဖို့ ကြိုးစား နေရင်တော့ ရေထဲ အရုပ် ရေးသလိုပဲ ဖြစ်နေ ပါလိမ့်မယ်။

0 comments:

အပေါ်သို့