Thursday, March 11, 2010

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား

NEJ/ ၁၀ မတ် ၂ဝ၁ဝ


နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီ ပါတီကို ရပ်တည်ခွင့် မပေးသည့် သဘော ဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့ လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ကိုယ်တိုင်က ထောင်ကျနေတဲ့ သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟို ကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်း ဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်း သတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ် ဆိုရင်တောင်မှ ကျနော်တို့ရဲ့ ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီ ထောင်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျ ခံနေရသူ ဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ် စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားသော ထောင်ဒဏ် ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေအရဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား အင်းစိန် အထူး တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ် ချမှတ်မှုကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံ တင်သွင်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီထောင်ခွင့် မရှိသူ တဦးအဖြစ် အဓိပ္ပာယ် သက်ရောက်နေသည်။

ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။

ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်း မပြုဘဲ တမင် ထိမ်ချန်ထားပါက ယင်းအချက် တရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။

အထက်ဖော်ပြပါ အခန်း (၃) ပုဒ်မ (၁၂) အရဆိုလျှင် အန်အယ်လ်ဒီပါတီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် အကျဉ်း ကျနေသူများကို ပါတီမှ ထုတ်ပယ်ခြင်း မပြုပါက ပါတီအနေဖြင့် တရားဝင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဘဲ ဖျက်သိမ်း ရမည့်သဘော ဖြစ်သည်။

လျှောက်ထားမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ စ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်ဟု ဖော်ပြထားပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီ အနေဖြင့် ဥပဒေ ပုဒ်မ (၆) ပါ အချက်တချက် ဖြစ်သည့် ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စု သမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကိုလည်း လျှောက်လွှာတွင် ဖော်ပြရမည်ဟု ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ယခု လောလောဆယ်တွင် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆိုသည်ထက် ပါတီရပ်တည်ရေးကို ဦးစားပေး ဆုံးဖြတ် သွားရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

“နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် မရအောင် လုပ်ထားတယ်။ အယူခံထားတယ် ဆိုတဲ့လူလည်း မလိုချင်ဘူးပေါ့။ ဆိုလိုတာကတော့ သူတို့က ကျနော်တို့ပါတီကို မှတ်ပုံတင်လို့ မရအောင်ပေါ့။ နောက်တခုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့က ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်အလက်ပေါင်း များစွာ ပါဝင်နေတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး၊ ပြင်ဆင်ပေးဖို့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ တောင်းဆို ထားတယ်။ အခုတခါ ပါတီ မှတ်ပုံတင်မယ် ဆိုရင် ကျနော်တို့က ဒီအခြေခံ ဥပဒေ တခုလုံးကို ကာကွယ် စောင့်ရှောက် ပါမယ်လို့ ပြောရတဲ့အခါ ကျနော်တို့ မယုံကြည်တဲ့ ဒီဥပဒေကို ဘယ်လိုမှ ကာကွယ် စောင့်ရှောက်နိုင်စရာ အကြောင်းမရှိဘူး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီသည် ပါတီတခုအနေဖြင့် ရပ်တည်ရန် မှတ်ပုံတင်ခြင်းကိစ္စတွင် ယခုထုတ်ပြန်သည့် ဥပဒေကြောင့် အဟန့်အတား အများကြီး ဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ယူဆသည်။

ယခုကဲ့သို့ နအဖထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံတကာနှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့က တောင်းဆိုထားသည့် အားလုံး ပါဝင်ပတ်သက်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆိုသည်မှာ အဓိပ္ပာယ် ကင်းမဲ့သွားပြီ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

သို့သော် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုသည်မှာ ယခု နအဖ ထုတ်ပြန်လိုက်သည့် ဥပဒေပေါ် တည်၍ ဆုံးဖြတ်၍ မရကြောင်းလည်း ၎င်းက ပြောသည်။

“ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေး တောင်းဆိုချက်တွေမှာ ဘယ်လောက် တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေး တောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့ အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေး အတွက် စဉ်းစား ဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ၀င် မ၀င် ဆိုတာကတော့ နိုင်ငံရေး လိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့