Friday, March 12, 2010

စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း

ရဲဘော်ဖိုးသံချောင်း
၁၁/ မတ် ၂၀၁၀

နအဖစစ်အစိုးရက ရွေးကောက်ပွဲအသံတွေ ပေးတာ ကြားရတိုင်း၊ အဲဒီရွေးကောက်ပွဲကို ထုံးသုတ်-ရွှေချ ပြောကြတာတွေ ကြားရတိုင်း ဒီရွေးကောက်ပွဲကနေ ပေါ်လာမယ့် လွှတ်တော်ရဲ့ပုံကို စဉ်းစားနေမိပါတယ်။ စဉ်းစားနည်းဟာ ကလေးဆန်တယ်ပဲ ပြောပြော၊ လူပြိန်းဆန်တယ်ပဲ ပြောပြော အလွယ်ဆုံး ကိစ္စတခုကိုပဲ အရင်ဆုံးတွေးမိပါတယ်။ အဲဒါကတော့ တကယ်လို့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့” ဆိုတာက ဗိုလ်သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်ပြီးလို့ လွှတ်တော်ထဲမှာ ကြေညာလာပြီဆိုရင် ဘယ်သူကများ ဆန့်ကျင်ရဲမလဲ၊ စင်ပြိုင်အမည်တခု တင်ရဲမလား ဆိုတာပါ။ အဲဒီလိုအခါမှာ လွှတ်တော်ခန်းမကြီး တခုလုံးဟာ ငြိမ်ကျသွားမလား၊ ဆူပွက်သွားမလား၊ တိုးတိုးပြောသံတွေ မသဲမကွဲ ကြားလာရမလား၊ သူ့ထက်ငါဦး အလုအယက် ထောက်ခံကြမလား၊ တယောက်မျက်နှာ တယောက် ကြည့်နေကြမလား၊ ဘာပဲပြောပြော “စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကြီးကို ကျင့်သုံးနေချိန်ဆိုတော့ စည်းကမ်းတကျတော့ ဖြစ်မှာ သေချာပါတယ်။ မဆလ လက်ထက်တုန်းက ဗိုလ်နေဝင်း စကားပြောနေရင် အပေါ့အပါးတောင် ထမသွားကြရဘူး ဆိုသမို့လား။ ဒီလွှတ်တော်ထဲက စားပွဲတွေ အောက်မှာ အသံဖမ်းစက်တွေ တပ်မထားပေမယ့် ကလို့စ် ဆားကစ်တီဗွီ (close circuit TV) လို တီဗွီ ကင်မရာတွေနဲ့တော့ လူအားလုံးကို စောင့်ကြည့်နေမှာ သေချာပါတယ်။

တဆက်တည်း ဆက်တွေးမိတာက အဲဒီကြပ်ပြေးက လွှတ်တော်ကြီးမှာ (၂၅) ရာခိုင်နှုန်းသော စစ်တပ် ကိုယ်စားလှယ်တော်ကြီး များက လွှတ်တော်ခန်းမ အတွင်း ဘယ်လိုနေရာမှာ ထိုင်ကြမှာလဲ ဆိုတာပါ။ တခြား ကိုယ်စားလှယ်တွေ ကြားမှာပဲ ရောထိုင်မှာလား။ ဒါဆိုရင် ကျန်တဲ့လူတွေ စိတ်ထဲမှာ ထောက်လှမ်းရေး လာထိုင်နေတယ်လို့ ခံစားရမလား။ အနေကျုံ့ကြမှာလား။ ဒါမှမဟုတ် အင်ဒိုနီးရှား လွှတ်တော်မှာလို သူတို့ချည်းသတ်သတ် သီးသန့်ထိုင်မှာလား။ တရားရုံးက ဂျူရီအဖွဲ့လို ထိုင်နေမှာလား။ ဒီဘယ်သူ့ မဲတမဲမှ မရခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို ယူနီဖောင်းဝတ်နဲ့ တက်လာကြမှာလား၊ အရပ်ဝတ်နဲ့ တက်လာကြမှာလား။ ကြပ်ပြေးက လွှတ်တော်ဆိုတာ ကြီးထဲမှာ တနေရာက ကွက်ပြီး စိမ်းနေရင် ရုပ်မြင်သံကြား ထဲမှာတော့ ထင်းနေမှာပဲ။ ဗိုလ်သန်းရွှေနည်း ဗိုလ်သန်းရွှေဟန် ဒီမိုကရေစီရဲ့ အထိမ်းအမှတ် လက္ခဏာပေါ့လေ၊ ဒါလောက်တော့ ရှိမပေါ့။

တကယ်လို့များ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တယောက်ယောက်ကနေ အစိုးရ ဆန့်ကျင်တဲ့ အယူအဆတခုကို တင်ပြနေပါပြီတဲ့၊ ဒါကို အဲဒီအစိမ်း အုပ်ထဲက တယောက်က ချောင်းဟန့်သံ ကျယ်ကျယ် ပေးလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ ဆက်ပြောဝံ့ပါ့မလား။ အဲဒီ စစ်ဗိုလ်အုပ်စုထဲက တင်တဲ့ အဆိုတခုကို ကျန်တဲ့လူတွေက ဆန့်ကျင်ခွင့် ရှိပါ့မလား။ “ခေါင်းညိတ်လိုက်ရုံမှ အပ ကျနော်ကကော ဘာများ တတ်နိုင်ဦးမည်နည်း” ဆိုတဲ့အဖြစ်တွေကို စောင့်ကြည့် ကြရပါလိမ့်မယ်။
အဲဒီလို ပတ်ဝန်းကျင်၊ အဲဒီလိုလေထုထဲမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်မကျန် (၇၅) ရာခိုင်နှုန်းကို စုစည်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အဆိုတွေ တင်ကြမှာတဲ့။ နားရှိလို့သာ ကြားမိရတာပါပဲ။

ဒီတော့ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု အခန်းကဏ္ဍဆိုတာ ဘယ်လိုဟာလဲ ဆိုတာကို ကမ္ဘာရော၊ မြန်မာကပါ မကြာခင် မျက်ဝါးထင်ထင် တွေ့ကြရပါတော့မယ်။ ကျောချတော့ စစ်ဗိုလ်မှန်း သိကြကရောပေါ့။ တကယ်တော့ သူတို့ဟာ ၁၉၉၁ ခုနှစ် ဇူလိုင်လထဲ လောက်ကစပြီး တပ်မတော် အရာရှိတဦး ဆိုတဲ့ ကလောင်နာမည် သုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အဆက်မပြတ် ရေးတာတွေ တွေ့ခဲ့ရပါတယ်။ တနည်း သူတို့လုပ်ချင်တဲ့ ဥပဒေကို လူထုက ဘယ်လို တုံ့ပြန်မလဲလို့ သွေးတိုး စမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာမှာ စစ်တပ် ကိုယ်စားလှယ်တွေကို ထည့်သွင်းခဲ့တယ်။ ဒါဟာလည်း သူတို့ဖြစ်စေချင်တဲ့ လွှတ်တော်မျိုးအတွက် မြေစမ်း ခရမ်းပျိုးတာ ဖြစ်ပါတယ်။ ဒီလို “စပေ့စ်”တွေ ပြည့်လျှမ်းနေတဲ့ လွှတ်တော်ကြီးထဲမှာ စစ်ဗိုလ်တွေက တိုင်သံပေးလိုက်၊ “တတိယ အင်အားစု” အမည်ခံတွေက (ကံကောင်းထောက်မလို့ ပါရှိခဲ့သော်) ဖောက်သံပေးလိုက်နဲ့ အတိုက်အခံတွေအပေါ် စီရင်ချက်တွေ ချကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးနဲ့ လွှတ်တော်ကြီး ဖြစ်ပေါ်လာတော့မှာပါ။

ဒီလိုနဲ့ပဲ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ (၃) အခန်း (၁) နိုင်ငံတော် အခြေခံမူများ အပိုဒ် (၆) (စ) မှာ ပါတဲ့ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်” တာတွေကို ပြည်သူတွေ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရပါတော့မယ်။ မှန်ပါတယ်၊ ၁၉၇၄ ခုနှစ်တုန်းက ဖွဲ့စည်းပုံမှာတော့ ဒါမျိုးတွေ မပါပါဘူး။ မပါတဲ့ အကြောင်းက အဲဒီတုန်းက မဆလ တပါတီတည်း အုပ်ချုပ်နေချိန်၊ လွှတ်တော်ထဲမှာ မဆလနဲ့ မဆလတွေသာ ရှိနေပြီး မဆလ စစ်အုပ်စု၊ စစ်အုပ်စုမဆလ ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။

ဗမာပြည်မှာ သမိုင်းမှာရှိခဲ့ဖူးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြန်ကြည့်လိုက်ပါ။ ပထမဆုံးက ကိုလိုနီခေတ် ၁၉၃၅ ခုနှစ်မှာ ဗြိတိသျှအစိုးရက ဗမာပြည်ကို အိန္ဒိယ လက်အောက်ကနေ ခွဲထုတ်ပြီးနောက် ပြဋ္ဌာန်း သတ်မှတ်ပေးခဲ့တဲ့ ‘၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ’ (1935 Government of Burma Act) ဆိုတာ ဖြစ်ပါတယ်။ ၉၁ ဌာန အုပ်ချုပ်ရေး လို့လည်း လူသိများခဲ့တဲ့ ဒီဥပဒေကို ဗမာနိုင်ငံရဲ့ ပထမဆုံးသော ဖွဲ့စည်းပုံ ဥပဒေလို့ ပြောရင်လည်း ရပါတယ်။ ဒီဥပဒေအရ လွှတ်တော် (၂) ရပ် သတ်မှတ် ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြား ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ဘာသာရေး၊ တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေး ပေါ်လစီ၊ ငွေစက္ကူနဲ့ ငွေဒင်္ဂါးကိစ္စ စတဲ့ အရေးပါသော ကိစ္စများနဲ့ ပတ်သက်လာရင် ဘုရင်ခံမှာသာ စိတ်တိုင်းကျ စီရင်ပိုင်ခွင့် အာဏာ (Discretionary Power) ရှိတယ် ဆိုတဲ့ သတ်မှတ်ချက်လည်း ပါနေပါတယ်။ စစ်တပ်ကတော့ အင်္ဂလန်က ဘုရင်၊ ဘုရင်မ လက်ထဲမှာပဲ ရှိပါတယ်။

နောက်တခုက ဂျပန်ခေတ်တုန်းက ရခဲ့တဲ့ “လွတ်လပ်ရေးကာလ” တုန်းက ဖြစ်ပါတယ်။ အဲဒီကာလတုန်းက အစိုးရ ရုံးတွေမှာ တရား စီရင်ပိုင်ခွင့် မရှိဘဲ ဂျပန် စစ်တပ်မှာသာ တရားစီရင်ခွင့် ရှိနေပါတယ်။ အဲဒီတုန်းက“ဗမာပြည်အစိုးရ” ဟာ ဘီအိုင်အေတပ် ကိုသာ ချုပ်ကိုင်ခွင့်ရှိပြီး ဗမာပြည်ထဲမှာ ရှိနေပြီး အဆမတန် အင်အား ပိုမိုကြီးမားတဲ့ ဂျပန်တပ်ကြီးကိုတော့ တိုကျိုမှာနေတဲ့ ဂျပန်ဧကရာဇ် ဘုရင်ကသာ ချုပ်ကိုင်ခွင့်ရှိပါတယ်။

အခုလည်း နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေဟာ လွှတ်တော်ရဲ့အခွင့်အာဏာတွေကို အမျိုးမျိုး ကန့်သတ် ထားရုံမက စစ်တပ်ကို သူတို့ စစ်အုပ်စုကလွဲပြီး ဘယ်သူမှ ချုပ်ကိုင်ခွင့် မရအောင် ပြဋ္ဌာန်းထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအခန်း (၇) မှာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်၊ ချုပ်ကိုင်ခွင့်တွေသာ ပါရှိပါတယ်။ ဒီတပ်မတော်က အစိုးရအဖွဲ့ကို နာခံရမယ်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမယ် ဆိုတဲ့ စကားမျိုး တလုံးမှ မပါပါဘူး။ စစ်တပ်ဟာ တတိုင်းတပြည်လုံးရဲ့ အထက်၊ သူတို့ ဖန်တီးထားတဲ့ “လွှတ်တော်” ရဲ့ အထက်မှာပဲ ရှိနေပါတယ်။ ကာကွယ်ရေး ဝန်ကြီးကို သမ္မတက တိုက်ရိုက်ခန့်တာ၊ ဒီဝန်ကြီးကပဲ စစ်ကောင်စီ (လုံခြုံရေးကောင်စီ) ကို တိုက်ရိုက်တာဝန်ခံရတာ၊ တပ်ဖွဲ့စည်းတာ၊ ခန့်အပ်တာ၊ ရာထူးတိုးတာ စတာတွေအားလုံးကို ကက်ဘိနက်ကတောင် ပြောဆိုခွင့်မရှိတာ စတဲ့အချက်တွေကိုကြည့်လိုက်ရင် အမြဲတမ်း ချက်ကြီးကချည့် အထက်က ဖြစ်နေမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို အထက်မှာပြောသလို (၇၅) ရာခိုင်နှုန်းအင်အား စုစည်းပြီး ပြောင်းလဲမယ်လို့ ပြောသံကြားရတော့ ‘ပြောလည်း ပြောထွက်ပါပေ့’ လို့သာ မှတ်ချက် ချရပါတော့တယ်။

တကယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးက စလို့ စစ်အုပ်စုထိပ်သီးတွေ အနေနဲ့ ဒီစစ်တပ်ကို ဒီအတိုင်း ဆက်ထိန်းသွားလို့ မရမှန်း သဘောပေါက် သွားခဲ့ပါတယ်။ ဒါကြောင့်မို့ တပ်တွေကို စီးပွားရှာခွင့် (တရားမဝင်) အခွန်ကောက်ခွင့်တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် တပ်ကို ဒါလောက် ဖျက်ဆီးရုံနဲ့ မလုံလောက်မှန်း သိလို့ အာဏာပါခွဲပေးပြီး ထိန်းဖို့ ဒီဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် တိုင်းပြည်ရဲ့ ဓနဥစ္စာ အဆီအနှစ်၊ ကျောရိုး လုပ်ငန်းအားလုံး စစ်အုပ်စုလက်ထဲ လုံးလုံးလျားလျား ရောက်နေပါပြီ။ လိုအပ်နေတာက အဲဒါကို တရားဝင် ဥပဒေအာဏာနဲ့ အကာအကွယ် ပေးဖို့သာ ဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ စတာတွေဟာ အဲဒီအတွက် စီမံချက်တွေသာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ သမိုင်းတရားခံဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ရှိပါတယ်။ ဘယ်သူမှ ဒီဘွဲ့ကို မလိုချင်ပါဘူး။ ဒါဟာ တမင်ရည်ရွယ်ပြီး လုပ်သူတွေပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ လုပ်မိသူပဲဖြစ်ဖြစ် လုပ်ရပ်ကို အကြောင်းပြုပီး သတ်မှတ်ကြတာပါ။ အထူးသဖြင့် နှောင်းလူတွေက သတ်မှတ်ကြတာပါ။ နှောင်းလူတွေမှာက ဒီနေ့ရှိနေတဲ့ အကန့်အသတ်တွေက လွတ်ကင်းပါတယ်။ နိုင်ငံရေးကို တကယ်တမ်း လေးလေးနက်နက် လုပ်သူ၊ ကိုယ့်ဘဝကို နိုင်ငံရေး လုပ်ငန်းထဲမှာ နှစ်ထားသူတွေဟာ ဒီလို တရားခံဖြစ်မှာကို သိပ်သတိထား ရှောင်ရှားရပါတယ်။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် အုပ်စိုးမှုကို ရေရှည် အသိအမှတ် ပြုပေးလိမ့်မယ် ဆိုတာ ရှင်းနေလျက်နဲ့ ရွေးကောက်ပွဲမှ တပါး အခြားမရှိလို့ ပြောနေသူများဟာ ဗိုလ်သန်းရွှေတို့နဲ့ တတန်းတည်း တရားခံစာရင်း ဝင်သွားနိုင်ပါတယ်။ အနည်းဆုံး ကြံရာပါပေါ့။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့