Sunday, March 14, 2010

အမွန်းကျပ်ဆုံး အချိန်

သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀

(ဦးဝင်တင်နှင့် အင်တာဗျူး)

နယူးဒေလီ။ ။ ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်း ခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အစိုးရက အငြှိုးတကြီးဖြင့် ၁၉ နှစ် ထောင်သွင်း အကျဉ်းချခံခဲ့ရသူ၊ တကိုယ်ရည် တကာယ သို့သော် စစ်ဖိနပ်အောက်မှ တိုင်းပြည်ကို လွတ်မြောက်စေလိုသော ဝန်ထုပ်ကို သယ်ပိုးထားရသော စစ်ဗိုလ်ချုပ်များ ဘက်က သဘောထား တင်းမာသူဟု အမြင်ခံရသူ၊ သို့သော် သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ အာဏာပိုင်များ ဘက်ကပင် အသိအမှတ် ပြုရသော ဦးဝင်းတင်သည် ယနေ့တွင် အသက် ၈ဝ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

သူ့မွေးနေ့သမယတွင် သူလိုလားသော ရွှေဂုံတိုင် ရပ်တည်ချက်ကို စစ်အစိုးရက မထီမဲ့မြင်ဖြင့် ရွေးကောက်ပွဲ ဥပဒေ ထုတ်ကာ ပစ်ပယ်ခံရချိန်၊ မူနှင့် လက်တွေ့နိုင်ငံရေး အားပြိုင် လာနေချိန် ဖြစ်သည်။

သတင်းထောက်များ မေးသမျှ မငြီးမငြူ ဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမ သတင်းထောက် မြင့်မောင်က ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ ၈ဝ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို ဘယ်လို နှုတ်ခွန်းဆက်လိုပါသလဲ။

''ကျနော်တို့ဟာ အလွန်ကို အမွန်းကျပ်ဆုံး အချိန်ပဲ။ စစ်အစိုးရဟာ နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ်တာတွေ အများကြီး လုပ်လာတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အများပြည်သူတွေ ဘာမှ လုပ်နိုင်လောက်မယ့် အနေအထား မရှိဘူး။ ဒီထဲမှာ ထပ်ပြီးတော့ ရွေးကောက်ပွဲတို့၊ ဘာတို့ ပေါ်လာတဲ့ အခါကျ နိုင်ငံရေးအရ အနာဂတ်မှာ မလုပ်နိုင်အောင် အစီအမံတွေ ပိုပြီး ချထားတယ်''

''အမွန်းကျပ်ဆုံး၊ အတင်းကျပ်ဆုံး အချိန်ပဲ။ တုံ့ပြန်စရာလမ်းက တလမ်းပဲ ရှိတယ်။ စစ်အစိုးရနဲ့ ရင်ဆိုင် ထိပ်တိုက်တွေ့ပြီး ဆန့်ကျင် သွားဖို့ လမ်းပဲ။ အဲဒီလို လုပ်ဖို့ လက်နက် ၃ သုံးမျိုး ရှိတယ်။ ၁ အနေနဲ့ မကြောက်တရား လက်နက်။ မကြောက်တရား လက်နက်ဆိုတာ ပြည်သူလူထုမှာ မျိုးစုံ အကျပ်အတည်းတွေ ကြုံတွေ့နေတဲ့ အခါ လူတွေက နည်းနည်း ကြောက်လန့်လာတယ်။ ခြောက်လှန့်တယ်ဆိုရင် ကြောက်လန့်မှာပဲ။ ဒါ နားလည်ရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူလူထုက ကိုယ့်ထမင်းကို ကိုယ်ရှာ စားနေတဲ့သူတွေ၊ နိုင်ငံရေး လုပ်နေကြတဲ့ သူတွေ မဟုတ်ဘူး''

''ဒီအချိန် အကြောက်တရားကို စွန့်ကြပါ၊ မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ၊ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ၊ အကြောက်တရား ရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင် ကြပါလို့ တိုက်တွန်းချင်တယ်။ မကြောက်တရား လက်နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲ ရှိပါတယ်''

''နောက်တခုက သွေးစည်းညီညွတ်ရေး ကိစ္စပေါ့ဗျာ။ သွေးစည်း ညီညွတ်ရေး လက်နက်ဆိုတာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူလူထု ဘက်တော်သားတွေ အားလုံးဟာ စစ်အစိုးရရဲ့ သွေးခွဲမှုတွေ၊ တိုင်းပြည်ရဲ့ အကြောင်းအမျိုးမျိုးသော အကြောင်းတွေကြောင့် ကျနော်တို့ဟာ သွေးစည်း ညီညွတ်ရေး လျော့လာတယ်၊ အားပျက်လာတယ်၊ တယောက်နဲ့တယောက် နည်းနည်း စိမ်းလာတယ်၊ မယုံရဘူး။ ထောက်လှမ်းရးက သွေးခွဲတာတမျိုး၊ ခြိမ်းခြောက်တာက တမျိုး အဲဒီလို အကြောင်း အမျိုးမျိုးကြောင့် သွေးစည်း ညီညွတ်ရေး တဖြည်းဖြည်း ပြိုကွဲလာတယ်။ အဲဒီအချိန်မှာ ဒီစစ်အစိုးရကို ရင်ဆိုင်ဖို့၊ သွေးစည်း ညီညွတ်ရေး အားကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်တယ်''

မေး။ ။ လက်ရှိအနေအထားအရ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး ပါတီရပ်တည်ဖို့ လုပ်သင့်ပါသလား၊ မဝင်ဘဲနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ကိုင်ဆွဲပြီး ဆက်လုပ်ဖို့ လိုပါသလား။

''ကျနော်ရဲ့ ရပ်တည်ချက်က ရွှေဂုံတိုင်မှာ ချမှတ်ထားတဲ့ အတိုင်း ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရမယ်။ အသိအမှတ် ပြုမှသာ သမိုင်းမှာ မှန်ကန်တဲ့ အနေအထား ရမယ်။ နောင်အခါ တိုင်းပြည်မှာလည်း လူတွေက အစိုးရအပေါ် အယုံအကြည် ရှိမယ်။ ဒါကြောင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲရမယ်။ နောက်တခုက ၂ဝဝ၈ အခြေခံ ဥပဒေထဲမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင် ပြောင်းလဲရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ မှန်ကန်တယ်။ ဒါတွေ ရမှသာလျှင် ဗမာပြည် အနာဂတ်နိုင်ငံရေး ကောင်းမယ်။ အဲလိုမဟုတ်ဘဲ စစ်အစိုးရ ကမ်းလှမ်းနေတဲ့ နွားဖားကြိုးတပ်တဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်ဖို့အတွက် ရွေးကောက်ပွဲတွေ ဝင်မယ်၊ စစ်အစိုးရ ခိုင်းတဲ့အတိုင်း လုပ်နေမယ်ဆိုရင် သူတို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး''

''ပါလီမန်ထဲမှာလည်း ဘာအသံမှ ထွက်လာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေး အတွက် တိုက်ပွဲ ဝင်သွားဖို့ပဲ။ တိုက်ပွဲ ဝင်သွားတဲ့အခါမှာ ဒီစစ်အစိုးရရဲ့ ပါတီများ ဖွဲ့စည်းရေး ဥပဒေနဲ့ မကိုက်ညီတဲ့ အတွက်၊ ကျနော်တို့က ပါတီမရှိလည်း ကိစ္စ မရှိဘူးလို့ ယူဆတယ်။ နိုင်ငံရေး ပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေး မရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ ဆိုရင် ဂျပန်ခေတ် တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်''

''ဦးနုလည်း မဆလ တခေတ်လုံးမှာ သူ့ပါတီရယ်လို့ မရှိဘဲနဲ့ ကျော်ဖြတ်ခဲ့တယ်။ ၈ လေးလုံးကာလကို ရောက်တဲ့အခါ ပါတီတွေဘာတွေ ပြန်ထူထောင်နိုင်တယ်။ ယှဉ်ပြိုင်အစိုးရ တဖွဲ့ကိုတောင် ဖွဲ့သွားနိုင်သေးတယ်။ တိုင်းရင်းသား အင်အားစုတွေကို ကြည့်မယ် ဆိုရင်လည်း သူတို့အထဲမှာ ပါတီရယ်လို့ မရှိဘူး။ တရားဝင်ဖွဲ့ပြီး ရပ်တည်လို့ မရဘူး။ ဒါပေမဲ့ သူတို့မှာ နိုင်ငံရေး ရှိတယ်။ အမျိုးသား နိုင်ငံရေး၊ တန်းတူညီမျှတဲ့ နိုင်ငံရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတဲ့ နိုင်ငံရေးတွေ ရှိတဲ့အခါ ဒီနေ့အထိ လှုပ်ရှားနေလို့ ရတယ်။ ကျနော်တို့ ကြောက်လန့်ပြီး စစ်အစိုးရ ခိုင်းတဲ့အတိုင်း၊ စစ်အစိုးရက သံခြေကျင်း ခတ်ထားတဲ့ နိုင်ငံရေးပါတီ တခု အနေနဲ့ စစ်အစိုးရရဲ့ လမ်းကြောင်းထဲကို လိုက်သွားစရာ မလိုဘူးလို့ ထင်တယ်''

မေး။ ။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ရပ်ကို ဘယ်လိုမျိုး နှိုင်းယှဉ်သုံးသပ် လိုပါသလဲ။

''၉ဝ ရွေးကောက်ပွဲ နောက်ကွယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု အရေးတော်ပုံကြီး ရှိခဲ့တယ်။ စစ်အစိုးရအနေနဲ့ ဘာအင်အားမှ မရှိဘူး။ လူထုရဲ့ တောင်းဆိုချက်ကလည်း အများကြီး များတဲ့ အခါကျ ၉ဝ ရွေးကောက်ပွဲကို လွတ်လွတ် လပ်လပ်ဖြစ်အောင် ကျင်းပ ပေးနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်ပြန်ကြိုး တုတ်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေကျင်းခတ်ခြင်း ဘာမှမလုပ်ဘဲနဲ့ ပါတီကို လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီအတွက် အနိုင်ရခဲ့တယ်။ ဒါက ၁၉၉ဝ ခုနှစ်တုန်းက အခြေအနေတွေပါ''

''၂ဝ၁ဝ ရောက်တဲ့အခါ စစ်အစိုးရက တိုင်းပြည်ကို စစ်ဖိနပ်နင်း အုပ်ချုပ်ခဲ့တယ်။ တိုင်းသူ ပြည်သားတွေကလည်း နည်းနည်း အကြောက် တရားတွေ ဝင်နေပြီ၊ နောက် စီးပွားရေးက ကျပ်တည်းတဲ့ အခါ လူတိုင်းက နိုင်ငံရေးကို သိပ်ပြီး စိတ်မဝင်စား နိုင်တော့ဘဲနဲ့ စိတ်ဝင်စားမှုတွေ အတန်ငယ် လျော့ပြီးတော့ စားရေး သောက်ရေးအတွက် အာရုံ စိုက်နေရတယ်။ ဆိုတော့ စစ်အစိုးရက အခုအချိန်မှာ အထက်စီးက နေလို့ရတယ်။ နောက် တိုင်းပြည်ရဲ့ သယံဇာတတွေရောင်း ဘာရောင်းနဲ့ နိုင်ငံခြားငွေတွေက သူတို့ လက်ထဲမှာ ရှိနေတဲ့အတွက် ရှေ့လျှောက်ပြီး စစ်အာဏာ ထူထောင်ဖို့လည်း ရှိနေပြီ။ ၂ဝဝ၈ အခြေခံ ဥပဒေလည်း ရှိနေပြီ။ ဒီဥပဒေကိုလည်း နာဂစ်လို ကာလမျိုးမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန် ဇွတ်အတင်း ပြဋ္ဌာန်းခဲ့တယ်''

''ဒီလို အခြေအနေတွေရှိတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အနေအထားက အမျိုးမျိုး အနိုင်ကျင့်တဲ့ ဟာတွေနဲ့ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ပါလာတယ်။ လာမယ့် ရွေးကောက်ပွဲ အပြီး ဖြစ်လာမယ့် အခြေခံဥပဒေ ဆိုတာကလည်း ၁၉၉ဝ တုန်းက အခြေခံ ဥပဒေမျိုး မရှိဘူး။ ကျနော်တို့ ဘာမှ မလုပ်နိုင်ဘူး။ သူက ရွေးကောက်ပွဲ လုပ်ပေးရုံ သက်သက်ပဲ။ အခုကျ သူတို့မှာ သတ်မှတ်ချက်တွေ ရှိပြီ၊ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်တဲ့အခါကျ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာမှ ဖြစ်လာနိုင်စရာ မရှိဘူး။ ၂ဝဝ၈ ခုနှစ်တုန်းက ချမှတ်ထားတဲ့ စစ်အာဏာ ယန္တယားကြီး အခိုင်အမာ တည်ဆောက်ဖို့၊ စစ်အစိုးရ သက်ဆိုး ရှည်ဖို့ပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိဘူး''

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမယူသင့်ဘူး၊ နိုင်ငံ့ဂုဏ်ဆောင်ပဲ ဖြစ်သင့်တယ် ဆိုတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။

''ဘယ်ဟုတ်မလဲဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလည်း ယူရမှာပေါ့ဗျာ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဦးဆောင်မယ့်သူက အာဏာ ရှိရမယ်။ တိုင်းပြည်ရဲ့ ယန္တယားတွေကို ကွပ်ကဲ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ်ဂျောင်ထိုးလို့ ဘယ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက ဆိုနီယာဂန္ဒီ လုပ်သလို လုပ်လို့ မရဘူး။ ဆိုနီယာဂန္ဒီက နိုင်ငံခြားသား။ ရှင်းရှင်းပြောရရင် တိုင်းပြည်ကို ခေါင်းဆောင် လုပ်ရမှာ မလွယ်ဘူး။ နိုင်ငံခြားသား ဖြစ်နေတဲ့ အတွက် သူဟာ နိုင်ငံရေးမှာ ပါတီကို နောက်ကွယ်ကနေ ကိုင်ပြီး လုပ်နေတယ်။ သြဇာ အာဏာရှိတာ မှန်တယ်။ တိုင်းပြည်အတွက် အများကြီး အလုပ် လုပ်ကိုင်နေတာ မှန်တယ်။ သို့သော် သူက နောက်ကွယ်ကနေ လုပ်ရမယ့် အနေအထားကြီးဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဗမာဗျာ၊ ဒီတိုင်းပြည်ရဲ့ အာဇည်နည် ပုဂ္ဂိုလ်ကြီး သမီးဗျာ၊ နိုင်ငံရေး သြဇာတွေ ရှိတယ်၊ နိုင်ငံရေး ပုံရိပ်တွေ ရှိတယ်၊ နိုင်ငံရေး သိက္ခာတွေ ရှိတယ်။ အဲဒီ သိက္ခာတွေကို တိုင်းပြည် ပြောင်းလဲဖို့၊ အသစ် တည်ဆောက်ဖို့ နေရာတွေမှာ အပြည့်အဝ သုံးရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သေတ္တာထဲ ခေါက်ထည့်ပြီး၊ Showcase ထဲ ထည့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ဘက်မှာ ရှိပါတယ်ဗျာ ဆိုပြီးတော့ ပြစားဖို့ ရည်ရွယ်ချက် မရှိဘူး''

''ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အဝ လုပ်လည်း အခြေခံ ဥပဒေအရ နိုင်ငံရေး အာဏာဆိုတာ အပြည့်အဝ ရစရာမရှိဘူး။ NLD ကို တတိုင်းပြည်လုံးက ၇၅ % အပြည့် ပေးလိုက်လည်း အစိုးရ ဖွဲ့လို့ မရဘူး။ ဒီအခြေခံ ဥပဒေအရ ဘယ်ပါတီမှ အစိုးရဖွဲ့လို့ မရဘူးဗျာ။ စစ်တပ်က သြဇာရှိတဲ့ စစ်တပ်က လူတွေနဲ့ပဲ အစိုးရဖွဲ့မှာပဲ။ လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဘာမှလုပ်လို့ မရဘူး။ သို့သော် ကျနော့် သဘောကို ပြောမယ်ဆိုရင် လွတ်လွတ်လပ်လပ် ရှိတဲ့ ဖွဲ့စည်းပုံနဲ့ လွတ်လွတ်လပ်လပ် ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်ပြည့် လုပ်ရမှာပဲ။ အာဏာလည်း ယူသင့်ရင် ယူရမှာပဲ။ သူ့ကို ပြစားဖို့လည်း မဟုတ်ဘူး။ ဆိုနီယာဂန္ဒီလိုလည်း ဂျောင်ထဲ ထိုးထားလို့ မရဘူး''

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် မြန်မာနိုင်ငံရဲ့ လူနေမှု အခြေအနေအပေါ် ဘယ်လိုသုံးသပ် လိုပါသလဲ။

''ကောင်းလာမလား၊ ဆိုးလာမလား ဆိုတာကတော့ ကျနော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောဖို့က မလွယ်ဘူးလေ။ သေချာတာတခုက အခုအခြေအနေ အတိုင်း ဖြစ်မှာတော့ သေချာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစစ်ဗိုလ်တွေပဲ စားသောက်နေတယ်။ တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်နေတဲ့ စစ်ဗိုလ်တွေပဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေရော၊ တိုင်းပြည်ရဲ့ အရင်းအမြစ် တွေရော အကုန်လုံး ရောင်းစားပြီးတော့ လုပ်ချင်ရာ လုပ်နေတဲ့ လူတစုပဲ သက်ဆိုး ရှည်နေမယ်၊ အာဏာ ရနေမယ်ဆိုတော့ ကောင်းတာတွေ၊ ဆိုးတာတွေတော့ နောက်တဆင့်ထား။ အနိမ့်ဆုံး ကတော့ ဒီပုံသဏ္ဍာန်ပဲ ဖြစ်မယ်။ ဒီပုတ်ထဲက ဒီပဲ ဖြစ်လာမယ်လို့တော့ ပြောနိုင်တယ်''

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့