Tuesday, March 16, 2010

ချိန်ထိုးကြည့်စရာ ကျင့်ဝတ်နမူနာ

လူထုစိန်ဝင်း

23/12/2009

ကြာမီရက်ပိုင်းလေးအတွင်းမှာ ဂျာနယ်သတင်းသမားလေးတွေနဲ့ ပတ်သက်ပြီး မကြားချင်တဲ့ သတင်းစကားနှစ်ခု ကြားသိခဲ့ရလို့ စိတ်မကောင်း ဖြစ်လိုက်ရတယ်။ အတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်လေးတွေပဲ ဆိုပြီး လျစ်လျူရှု နေလိုက်ချင်ပေမယ့် ကျင့်ဝတ်နဲ့ သိက္ခာဆိုင်ရာ ကိစ္စဖြစ်လို့ မပြောချင်ပေမယ့် ပြောရပါဦးတော့မယ်။

ထပ်ရေးဖို့လိုနေသေးတာကြောင့်
နှစ်ပေါင်းနှစ်ဆယ်အစိတ်လောက်အတွင်း ရေးခဲ့သမျှ စာတွေရဲ့ သုံးပုံတစ်ပုံ လောက်သာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ပတ်သက်တာတွေ ဖြစ်လို့ အပ်ကြောင်း ထပ်သလိုတောင် ဖြစ်နေပါပြီ။

ဒါပေမယ့် ဘယ်လောက်ပဲရေးရေး ထပ်ရေးဖို့ လိုနေသေးတာပဲ စိတ်မကောင်းစွာ တွေ့နေရတာကြောင့် ရေးလိုက်ရ ပြန်ပါတယ်။ ရိုးရိုး စာဖတ်ပရိသတ်များ သည်းခံဖတ်ပါလို့ တောင်းပန်ပါတယ်။ ဒီနေ့ စာနယ်ဇင်း လောကမှာ ၀င်ရောက် လုပ်ကိုင်လာကြသူ အများစုဟာ လူငယ် လုံမယ်လေးတွေ ဖြစ်ကြတယ်။ ဒါပေမယ့် ကလေးတွေတော့ မဟုတ်ကြဘူး။ လုပ်ငန်းခွင် နယ်ပယ်ထဲ ရောက်နေကြပြီ ဖြစ်တယ်။ လုပ်ငန်းခွင် ဆိုတာတောင် သာမန် အသက်မွေးဝမ်းကျောင်းပြု အလုပ်မျိုး ရိုးရိုးမဟုတ်ဘူး။ တိုင်းပြည် တစ်ပြည်ရဲ့ အရေးပါဆုံး မဏ္ဍိုင်ကြီး လေးခုထဲက စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ် ခံထားရတဲ့ သတင်းမီဒီယာ လုပ်ငန်းကြီး ဖြစ်တယ်။ အသက် ဘယ်လောက်ငယ်ငယ် သတင်း မီဒီယာသမားရယ်လို့ လုပ်ကတည်းက စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုသူ တစ်ယောက်အနေနဲ့ သဘောထားပြီး ပြုမူ နေထိုင် လုပ်ကိုင်ရမှာပဲ ဖြစ်တယ်။

အများပြည်သူအမြင်မှာ မလောက်လေးမလောက်စား လူငယ်လေး အဖြစ် မမြင်စေဘဲ သတင်းမီဒီယာသမား အဖြစ်ပဲ မြင်စေရမှာ ဖြစ်တယ်။ ဒီလိုမြင်ဖို့ ကိုယ်က လုပ်ရပ်နဲ့ သက်သေပြဖို့ လိုပါတယ်။

ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ ဆိုတာက ပိုက်ဆံပေးပြီး ၀ယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ် ဖန်တီးယူလို့လည်း ရတာ မဟုတ်ဘူး။ ကျင့်ဝတ် ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာ ဘယ်လောက်ရှိသလဲ ဆိုတဲ့ စံနှုန်းနဲ့ကြည့်ပြီး လူအများက သတ်မှတ် ကြတာဖြစ်တယ်။ ကိုယ့်ဟာကိုယ် သတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူး။ ရိုသေထိုက်တာ လုပ်ရင် ရိုသေမှာပဲ . . .

ရိုသေထိုက်တာလုပ်ရင် ရိုသေတယ်
ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ ဆိုတာက ပိုက်ဆံပေးပြီး ၀ယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ် ဖန်တီးယူလို့လည်း ရတာ မဟုတ်ဘူး။ ကျင့်ဝတ် ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာ ဘယ်လောက် ရှိသလဲဆိုတဲ့ စံနှုန်းနဲ့ ကြည့်ပြီး လူအများက သတ်မှတ်ကြတာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် သတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူး။ ရိုသေထိုက်တာ လုပ်ရင် ရိုသေမှာပဲ။ ရိုသေ ထိုက်တာ မလုပ်ရင် မရိုသေပါဘူး။

အခွင့်ထူးခံလိုင်စင် မဟုတ်ဘူး
စာနယ်ဇင်းသမားနဲ့ ဆိုင်တာပဲ ပြောပါမယ်။ လူတစ်ယောက်ကို အထင်ကြီးတယ်။ အထင်သေးတယ် ဆိုတာ အဓိကအားဖြင့် အဲဒီလူရဲ့ လုပ်ရပ်ကို ကြည့်ဆုံးဖြတ်ကြတာ ဖြစ်တယ်။ ကိုယ်က ဘာတံဆိပ်ပဲ တပ်ထားထား လုပ်ရပ်က အထင်အမြင် သေးစရာ ဖြစ်နေရင် လူတွေက အထင်သေးမှာပဲ။ တချို့က တံဆိပ်တစ်ခု တပ်ထားရတာကို အခွင့်ထူးခံစားခွင့် လိုင်စင်ရသလို အောက်မေ့ပြီး နေရာတကာ လူတွင်ကျယ် လုပ်ချင်တတ်ကြတယ်။ တံဆိပ်ဆိုတာ တပ်ထားသူရဲ့ အလုပ်အကိုင် သက်သေခံ အမှတ်အသား တစ်ခုထက် ဘာမှမပိုဘူး။ ဒါကြောင့် တံဆိပ်ပြပြီး ဘာ အခွင့်အရေးမှ ပိုပြီး ရခွင့် မရှိပါဘူး။

စာနယ်ဇင်းသမားတံဆိပ် ဒါမှမဟုတ် ကတ်ပြားဆိုပါစို့။ ဒီတံဆိပ်၊ ကတ်ပြားတပ်ထားရုံနဲ့ လူတကာ မရတဲ့ အခွင့်ထူး ရရမယ်လို့ တောင်းဆိုပိုင်ခွင့် မရှိပါဘူး။ လူတကာ သွားလာ ၀င်ထွက်ခွင့်ရှိတဲ့ နေရာမျိုးမှာ ဒီတံဆိပ် တပ်ထားလို့ ဆိုပြီး ဘယ်သူကမှ တားဆီး ပိတ်ပင်ခွင့်လည်း မရှိပါဘူး။ လွန်ခဲ့တဲ့ လေးငါးနှစ်က 'သတင်းသမား ဖိတ်စာ လိုမလို'ဆိုတဲ့ ကိစ္စ အငြင်းပွားခဲ့ကြတာ မှတ်မိကြဦးမှာပါ။ သတင်းသမား သတင်းလိုက်တာ သတင်းယူတာကို တရားဥပဒေနဲ့ ကန့်သတ် တားဆီး လုပ်ထားတာ မဟုတ်ရင် ဘယ်သူမှ တားဆီးပိတ်ပင်ခွင့် မရှိပါဘူး။ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းနေဖို့လည်း မလိုပါဘူး။ ဖိတ်စာလည်း မလိုပါဘူး။

ဒါပေမယ့် လူတစ်ဦးတစ်ယောက်ရဲ့ အိမ်ဝင်းထဲမှာ ပြုလုပ်တဲ့ အခမ်းအနား ပွဲလမ်းသဘင် တစ်ခုခုဆိုရင်တော့ ဖိတ်ကြား မခံရဘဲနဲ့ ၀င်ရောက်ခြင်း မပြုသင့်ပါဘူး။

ဒီကိစ္စက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်ပါတယ်။ အများပြည်သူ လူထုအတွက် အရေးပါတဲ့ သတင်းမျိုး မဟုတ်ပါဘူး။ သတင်း အကြောင်းပြချက်နဲ့ သူတစ်ပါးရဲ့ အိမ်ပိုင်နက်အတွင်း မဖိတ်ခေါ်ဘဲ ၀င်ရောက်ခွင့် မရှိပါဘူး။ ဒါကို သတိပြုသင့်ပါတယ်။

တံစိုးလက်ဆောင်
စာနယ်ဇင်းသမားဆိုတာ ဘယ်လိုတံစိုးလက်ဆောင်မျိုးကိုမှ လက်မခံရပါဘူး။ စီးပွားရေး သမားရဲ့ ခါးပိုက်ဆောင် လက်ကိုင်တုတ် အဖြစ် မခံရသလို နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ ခါးပိုက်ဆောင် လက်ကိုင်တုတ်လည်း အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမား မှန်ရင် ဘယ်သူ့ 'ကျေးဇူးကြွေး'မှ အတင် မခံသင့်ဘူး။ အကြွေးဆိုတာ တင်မိရင် တစ်နည်းနည်းနဲ့ ပြန်ဆပ်ရမြဲဖြစ်တယ်။ ပြန်မဆပ်ရတောင် မျက်နှာကိုတော့ ငဲ့ကြည့်ရမှာ သေချာတယ်။ စာနယ်ဇင်းသမား ဆိုတာ စာဖတ် ပရိသတ် ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာကိုမှ ကြည့်လို့ မဖြစ်ပါဘူး။ ကျေးဇူးကြောင့် ငဲ့ကွက်ရတယ် ဆိုရင် စာနယ်ဇင်းအာပတ် သင့်ပါတယ်။

သူများတွေကိုကြည့်
လက်ဆောင်ကိုလက်ရှောင်ဖို့ အကြောင်းရေးခဲ့တဲ့ အကြိမ်တွေ မနည်းတော့ပါဘူး။ အပ်ကြောင်း ထပ်သလိုတောင် ဖြစ်နေပါပြီ။ ရိုးရိုး စာဖတ်ပရိသတ် များကို အားတောင် နာပါတယ်။ ဒါပေမယ့် စာနယ်ဇင်းလောကထဲ အသစ်အသစ် ၀င်ရောက်လာတဲ့ လူငယ်တွေက နေ့စဉ်လို ရှိနေကြပြီး ရေးခဲ့တဲ့ စာတွေကိုလည်း ဖတ်ဖူး တွေ့ဖူးကြပုံ မပေါ်တာကြောင့် မကြာခဏ ထပ်ထပ်ပြီး ရေးနေရတာပါ။ အခုလည်း ကြည့်ပါဦး၊ လူပုံအလယ်မှာ ပေးသူကပေး၊ ယူသူကလည်းယူ လုပ်နေကြတာ ဆိုတော့ ဒီလုပ်ရပ်ဟာ မှားတယ်လို့တောင် သဘောထားကြပုံ မရပါဘူး။ တော်တော်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ထပ်ရေးရ ပြန်ပါတယ်။ ကိုယ့်အတ္တနောမတိကို မရေးတော့ပါဘူး။ အမေရိကန်နိုင်ငံက The Des Moine Register ဆိုတဲ့ သာမန် သတင်းစာလေး တစ်စောင်က သူ့တိုက်တွင်း စည်းကမ်းအဖြစ် ချမှတ်ထားတဲ့ ကျင့်ဝတ်များကိုပဲ ဖော်ပြလိုက်ပါတယ်။ ဒီနမူနာ ဖော်ပြချက်ကလည်း အရင်က ရေးပြီးသားပါ။ လိုအပ်ပြန်လို့ ထပ်ပြီး ဖော်ပြလိုက်ရတာပါ။


ဖတ်ပြီးသူများခွင့်လွှတ်ကြပါတော့။
* ကျွန်ုပ်တို့သတင်းစာ၏ သတင်းကိစ္စ ဆောင်ရွက်ရင်း ထမင်းစားပွဲများ၊ အခြားဧည့်ခံပွဲများ တက်ရောက်ရသည့် အခါတွင် ကိုယ့်စားစရိတ်ကို ကိုယ့်ဟာကိုယ် ပေးရမည်။ ချက်ချင်းပေးခွင့် မကြုံလျှင် နောက်တစ်ချိန်ချိန်၌ ပေးဖြစ်အောင် ပြန်ပေးရမည်။
* နိုင်ငံရေးဟောပြောပွဲများအတွက်ဖြစ်စေ၊ အားကစား အသင်းအဖွဲ့များနှင့်ဖြစ်စေ၊ အတူလိုက်ပါ ခရီးသွားရသည့် အခါမျိုးတွင်လည်း ကိုယ့်စရိတ်ကိုယ်ပေးပြီး လိုက်ပါရမည်။
* မည်သည့်ဝန်ထမ်းမှ မည်သို့သော အခမဲ့လက်မှတ်၊ မေတ္တာလက်ဆောင် လက်မှတ်မျိုး ကိုမှ လက်မခံရ။
* သတင်းစာတိုက်ဝန်ထမ်းများသည် မည်သည့်ပြင်ပလုပ်ငန်းများ၊ အသင်းအဖွဲ့များတွင်မှ ဒါရိုက်တာ အဖွဲ့ဝင် စသည့် ရာထူး တာဝန်များယူပြီး ယင်းလုပ်ငန်းများ အတွက် သတင်း ဆောင်းပါး ရေးပေးရသည့် တာဝန်များကို မယူရ။

ကဲ အဲဒီကျင့်ဝတ်တွေနဲ့သာ ချိန်ထိုးကြည့်ကြပါတော့ခင်ဗျာ။




0 comments:

အပေါ်သို့