Monday, April 26, 2010

ခြေနှစ်ဖက်မရှိသူတောင် ဧ၀ရတ်တောင်ရောက်အောင် တက်နိုင်သေးတာပဲ

Written by လူထုစိန်ဝင်း

တစ်နှစ်ကူးခဲ့ပြန်ပြီ။ ရိုးရာပြက္ခဒိန်အလိုအရ ကူးခဲ့ရပေမယ့် နှစ်သစ်ကူးပြောင်းခြင်းဆိုတဲ့ သင်္ကြန်ပွဲတော်ရဲ့ အမှတ်အသား သင်္ကေတဖြစ်တဲ့ သင်္ကြန်မိုး မရွာခဲ့လို့ ပိတောက်တွေ မပွင့်နိုင်ကြဘူး။ ပိတောက်မဲ့ သင်္ကြန်ဆိုတဲ့ ထူးခြားချက်က လွဲပြီး တခြား ထူးခြားပြောင်းလဲမှုမျိုးတော့ ဘာတစ်ခုမှ မတွေ့ရဘူး။

ကြားမြဲတွေကြားရ
မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ မင်္ဂလာ မရှိတဲ့အသံတွေကို ကြားမြဲကြားရတယ်။ အီရတ်နဲ့ အာဖဂန် နစ္စတန်မှာ ဗုံးဒဏ် စက်သေနတ်ဒဏ်ကြောင့် အရပ်သူအရပ်သားတွေ၊ ကလေးငယ်တွေ သေကျေကြရတဲ့ သတင်း၊ တရုတ်ပြည်မှာ ငလျင်ကြီးလှုပ်လို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးပြီး လူတွေ သေကြရတဲ့သတင်း၊ အိန္ဒိယမှာ မုန်တိုင်းဝင်မွှေလို့ ဒုက္ခရောက်ရတဲ့သတင်း၊ အိုက်စလန်နိုင်ငံ မီးတောင် ပေါက်ကွဲမှုကြောင့် ဥရောပလေကြောင်း ခရီးစဉ်အားလုံး ရပ်ခိုင်းထားရလို့ လူသန်းပေါင်းများစွာ သောင်တင် နေကြရတဲ့ သတင်း စတဲ့ စတဲ့ အမင်္ဂလာ သတင်းတွေချည့်ပါပဲ။

အနီးဆုံးနေရာက အနိဋ္ဌာရုံ
ဒီကြားထဲကိုယ်နဲ့အနီးကပ်ဆုံး နေရာမှာ အနိဋ္ဌာရုံမြင်ကွင်းကြီး တစ်ခုက ဗြုန်းကနဲထပြီး ပေါ်ပေါက် လာခဲ့ရသေးတယ်။ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ရေကစားမဏ္ဍပ် တစ်ခုရှေ့ ဗုံးပေါက်ကွဲမှုကြီးပါ။ လူရှစ်ယောက် သေဆုံးပြီး ၁၇၀ ဦး ထိ ခိုက်ဒဏ်ရာရသွားခဲ့ကြတယ်လို့ သတင်းစာမှာ ဖတ်ရတယ်။ အကြတ်နေ့ နေ့ခင်း သုံးနာရီခွဲ လောက်မှာ ပူလွန်းလို့ ကြမ်းပြင်ပေါ် ဖျာခင်းပြီး လှဲရင်းနဲ့ ဟောဟဲ လိုက်နေစဉ်မှာ မန္တလေးက ဖုန်းလှမ်းဆက်တယ်။ ဗုံးကွဲတာ သိပြီးပလားတဲ့။ မသိသေးဘူးဆိုတော့ အယ်လ်ဂျာဇီးရာမှာ တင်နေတယ်၊ ဖွင့်ကြည့်လိုက်လို့ ပြောတာနဲ့ ဖွင့်ကြည့်လိုက်တယ်။ ဟုတ်တယ်။ စာတန်းထိုးပြတဲ့ သတင်းမှာက လူပေါင်း ၂၄ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတယ်လို့ ဖော်ပြထားတယ်။ တော်တော်ကြီး စိတ်ထဲမှာ နောက်ကျိ သွားတယ်။

ကမ်းကုန်အောင်ယုတ်မာ
မြန်မာလူမျိုးတို့ရဲ့ ငြိမ်းချမ်းခြင်း၊ အေးမြခြင်းသင်္ကေတဖြစ်တဲ့ သင်္ကြန်ပွဲတော်လို အခါသမယ မျိုးမှာ အစဉ်အလာအတိုင်း ပျော်ပါး မြူးတူးနေကြတဲ့ လူငယ် လူရွယ်တွေကြားထဲမှာမှ ဗုံးခွဲရတယ်လို့။ ဒါဟာ ကမ်းကုန်အောင် ယုတ်မာတဲ့ လုပ်ရပ် ဖြစ်တယ်။ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ တရားတယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်ပုဂ္ဂိုလ်မျိုးကပဲ လုပ်လုပ် ဒီလုပ်ရပ်ဟာ ခွင့်မလွတ်နိုင်တဲ့ ရက်စက် ကြမ်းကြုတ်မှုကြီးပဲ ဖြစ်တယ်။ လုပ်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေ အထိတ်တလန့်နဲ့ ချောက်ချောက်ချားချား ဖြစ်ကုန်အောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

ဘိန်းစားသတ္တိ
သူတို့ရည်ရွယ်သလို ဖြစ်မလာပါဘူး။ နောက်ရက် သင်္ကြန်အတက်နေ့မှာ ရေပက်ကစားမြဲ ကစားနေကြတာ ပါပဲ။ ဗုံးခွဲသူတွေကို လူတွေက စက်ဆုပ်ရွံရှာ မုန်းတီးစိတ်တွေပဲ ဖြစ်နေကြပါတယ်။ ဒီလုပ်ရပ်မျိုးကို ဘယ်သူကမှ တော်လိုက်တာလို့ ချီးကျူးမှာ မဟုတ်ပါဘူး။ ချီးကျူးရမယ့် ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ဆေးဖိုးပြတ်နေတဲ့ ဆေးသမား တစ်ယောက်ကို ပိုက်ဆံပေးခိုင်းရင် ဖြစ်နေတာမျိုးပဲ။ ဘာသတ္တိမှ မလိုပါဘူး။ ဘိန်းစား သတ္တိလောက် ရှိရင်ဖြစ်ပါတယ်။ တရားခံ ဘယ်သူဘယ်ဝါ မသိပေမယ့် ဒီမိုကရေစီရဲ့ ရန်သူဖြစ်တယ် ဆိုတာတော့ အသေအချာ ပြောရဲတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလုပ်ရပ်မျိုးတွေကြောင့် ဒီမိုကရေစီ ပန်းတိုင်နဲ့ ဝေးသထက် ဝေးသွားစရာ အကြောင်းသာရှိလို့ဖြစ်တယ်။

တောင့်တတဲ့ချိုးကူသံ
ဒီနေ့ မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ အသံက ချိုးကူသံဖြစ်တယ်။ ဗုံးသံ၊ သေနတ်သံ မဟုတ်ဘူး။ နှစ်ပေါင်းခြောက်ဆယ်ကျော် ဗုံးသံ၊ သေနတ်သံတွေ ကြားနေရတာ စိတ်ပျက်လှပါပြီ။ ငြိမ်းချမ်းရေးကို လိုချင်လှပါပြီ။ ငြိမ်းချမ်းရေး သင်္ကေတ သင်္ကြန်ပွဲတော် အခါသမယမှာ အရပ်သူ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်လိုက်တာဟာ ပြည်သူလူထုရဲ့ ဆန္ဒစစ် ဆန္ဒမှန်တွေကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်တယ်။ ပြည်သူကို စော်ကားသူ၊ ပြည်သူကို သတ်ဖြတ်သူဟာ ဘယ်တော့မှ သက်ဆိုး မရှည်ပါဘူး။ တစ်နေ့မှာ ပြည်သူက ဒဏ်ခတ်တာခံရမှာ မလွဲမသွေပါပဲ။

ပြည်သူကိုတန်ဖိုးထားလို့
ဂျပန်တော်လှန်ရေးကာလတုန်းက တော်လှန်ရေးတပ်သားများ ရန်သူကိုတိုက်တဲ့ အခါမှာ ဘယ်တော့မှ ရွာတွေထဲကနေပြီး တိုက်ခိုက်လေ့ မရှိပါဘူး။ အရပ်သူ၊ အရပ်သားများ ထိခိုက်မှာ စိုးတဲ့ အတွက်နဲ့ ရန်သူ ဂျပန်တပ်ကရွာကို မီးလောင်တိုက်သွင်းပစ်မှာ စိုးတဲ့ အတွက်ကြောင့်ပါ။ တိုက်စရာရှိရင် ရွာနဲ့ ဝေးတဲ့နေရာက စောင့်ပြီး တိုက်ပါတယ်။ ပြည်သူလူထုကို အဲဒီလို တန်ဖိုးထားတဲ့ အတွက် ပြည်သူလူထုကလည်း တော်လှန်ရေး တပ်သားတွေကို တန်ဖိုးထားပြီး ကာကွယ် စောင့်ရှောက်ကြ၊ ၀ိုင်းဝန်း ကူညီကြတာဖြစ်တယ်။ ပြည်သူနဲ့ တစ်သားတည်းရှိလို့ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲတွေနဲ့ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွေ အဆင့်ဆင့် အောင်ပွဲခံပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့ကြတာ ဖြစ်တယ်။

မျှော်လင့်ချက်သစ်တွေနဲ့
အခုတော့ ပြည်သူတွေရဲ့အသက်ကို ဖက်ရွက်တစ်ရွက်လောက်မှ တန်ဖိုး မထားကြတော့ပါလား။ စိတ်ပျက်စရာ ကောင်းလိုက်တာ။ အကြမ်းဖက် ရက်စက် ကြမ်းကြုတ်မှုတွေကို စိတ်ပျက်တာပါ။ အနာဂတ် မျှော်လင့်ချက်တွေ ပျက်သွားတာ မဟုတ်ပါဘူး။ နှစ်သစ်ကို မျှော်လင့်ချက်သစ်တွေ၊ အားမာန်သစ်တွေနဲ့ ကြိုဆိုလျက်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အမှောင်မိုက်ဆုံးဆိုတဲ့ သန်းခေါင်အချိန် ကုန်ဆုံး လွန်မြောက်သွားတာနဲ့ တစ်ပြိုင်နက် နေ့သစ်တစ်ခု စတင်ဖို့ အတွက် အမှောင် တိုက်ကြီးထဲကနေပြီး ရောင်နီကလေး စတင် ပေါ်ထွက်လာမြဲဖြစ်လို့ပါ။

ပြဿနာရှိမှနည်းလမ်းရှာ
ဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် ရွှေပြည်တော်သို့ သွားရာ လမ်းခရီးမှာ အဖျက်အဆီးတွေရှိတယ်၊ ဒီမိုကရေစီကို မလိုလားတဲ့ သူတွေ ရှိတယ်ဆိုတာကို မျက်ဝါးထင်ထင် သိမြင် လိုက်ကြရပြီဖြစ်တယ်။ အဲဒီတော့ ပြည်သူ တစ်ရပ်လုံး သတိကြီးစွာ ထားနေကြ တော့မှာ သေချာတယ်။ လူ့သဘာဝက ဘာမှမဖြစ်ရင် ဘာမှ ဂရုမစိုက်ဘဲ ပေါ့ပေါ့လျော့လျော့ နေလေ့ရှိတယ်။ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခု ရင်ဆိုင် ကြုံတွေ့လိုက်ရမှ ပြဿနာဖြေရှင်းဖို့ တွေးတော ကြံဆတတ်ကြတယ်။ သာမန်အသိဉာဏ် (common sense) လောက် ရှိသူဆိုရင်တောင် ရှေ့မှာ တားဆီးနေတဲ့ ကျောက်တုံးကြီးကို ခေါင်းနဲ့ ၀င်ဆောင့်မှာ မဟုတ်ပါဘူး။ ကျောက်တုံးကြီးကို ဖယ်ရှားပစ်ဖို့ နည်းလမ်း ရှာမှာ သေချာပါတယ်။

နည်းလမ်းဆိုတာ ရှာရင်တွေ့ပါတယ်။ မတွေ့ဘဲနေကို မနေပါဘူး။ အရေးကြီးတာက ဦးတည်ချက်ပန်းတိုင် တိကျ ခိုင်မာ ပြတ်သားဖို့နဲ့ ရောက်အောင် သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန် စွဲစွဲမြဲမြဲရှိဖို့သာ ဖြစ်တယ်။ ဒီအချက်နှစ်ချက်နဲ့ ပြည့်စုံရင် ဘယ်လို အတားအဆီး၊ အနှောင့်အယှက် မျိုးကိုမှ ကြောက်စရာ မလိုပါဘူး။ အဖျက်အင်အား ကြီးမားလေလေ သူ့ကို တန်ပြန်တဲ့ စွမ်းအားတွေလည်း ကြီးမားလာလေလေဖြစ်တယ် ဆိုတာ နိယာမပဲ။ မကြောက်နဲ့၊ စိတ်မပျက်နဲ့၊ သန္နိဋ္ဌာန် စွဲမြဲခိုင်မာရင် မကျော်ဖြတ်နိုင်တဲ့ အခက်အခဲ၊ အတား အဆီးဆိုတာ မရှိဘူး။ ခြေနှစ်ဖက်စလုံး မရှိတဲ့သူတောင် ဧ၀ရတ်တောင်ထိပ်ကို ရောက်အောင် တက်နိုင်သေးတာပဲ မဟုတ်ဘူးလား။

Ref: Eleven Media Group

0 comments:

အပေါ်သို့