Monday, April 26, 2010

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက် ကိုလိုနီခေတ်သမိုင်းဝင် မဂ္ဂဇင်း တစ်စောင်

Written by တင်နိုင်တိုး

၁၉၃၆ ခုနှစ် ဇန်န၀ါရီလတွင် သမိုင်းမှတ်တမ်းတင်ရမည့် မဂ္ဂဇင်းတစ်စောင် ပေါ်ထွက်လာခဲ့သည်။ ယင်းမဂ္ဂဇင်းမှာ အိုးဝေ မဂ္ဂဇင်းပင် ဖြစ်ပါသည်။ အိုးဝေမဂ္ဂဇင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၁၉၃၆ခု ဇန်န၀ါရီလတွင် မဂ္ဂဇင်းအတွဲ ၅၊ အမှတ် ၁ ကို ထုတ်ဝေပါသည်။ ဤ မဂ္ဂဇင်းကို ထုံးစံအတိုင်း မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြား ထုတ်ဝေခဲ့၏။ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဖြစ်သည်။

မြန်မာပိုင်းကဏ္ဍ
မြန်မာပိုင်းကဏ္ဍတွင် တက္ကသိုလ်ကျောင်းသားများအပြင် ပြင်ပမှ စာရေးဆရာကြီးများလည်း ၀င်ရောက် ရေးသားခဲ့ကြ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မြန်မာ့အလင်းဦးစိန်း၊ အမျိုးသား ပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို၊ သိန်းနေနွယ်(ဦးသိန်းဖေမြင့်) တို့မှာ ပင်တိုင် ပါဝင်နေကျ ဖြစ်ပါသည်။ ၁၉၃၆ ခုဇန်န၀ါရီ လ အတွဲ(၅)၊ အမှတ်(၁)တွင် သခင်ကိုယ်တော်မှိုင်း၏ ''သမဂ္ဂအကြောင်း''၊ မြန်မာ့အလင်း ဦးစိန်း၏ ''ပမာပမည်းအကိုးအကားပြခြင်း''၊ ပညာဝန်ဦးဖိုးကျား၏ ''ကျွန်ုပ်၏ လက်ဆောင်''၊ ဒီးဒုတ် ဦးဘချို၏ ''မြန်မာပြည်နိုင်ငံရေး ရာဇ၀င်နှင့် လက်ရှိအခြေအနေ'' ဆောင်းပါးများပါရှိ၏။

ဝတ္ထု၊ ကဗျာများအဖြစ် သိန်းနေနွယ်၏ ''၅၂၈'' ၀တ္ထုတို၊ မင်းသုဝဏ်၏ ''အတိတ်ဘီလူး''၊ ဇော်ဂျီ၏ ''အိုမြန်မာတို့၊ တက်လူတေးသံ၊ ယခုအခါ၊ သင်သေသွားသော်'' ကဗျာများ၊ မြဒေါင်းညို၏ ''အိုးဝေ'' ကဗျာ၊ သီတာဧ၏ ''လွတ်လပ်ရေးနတ်ပြည်'' ကဗျာ (ရာဘင်ဒြာနတ်တဂိုး၏ Heaven of Freedom ကို မြန်မာပြန်)တို့ ပါရှိပါသည်။ ထို့ပြင် မောင်ထင်နှင့်ညိုမြတို့၏ ''မိချောပြဇာတ်)၊ ခြင်းကြား၏ ''ခြင်းကြားမှတ်စု''၊ မောင်မျိုးညွန့်၏ ''တိုက်ရိုက်ပေးစာ'' နှင့်ရေးသူဖော်ပြ မထားသော ''အလားအလာ'' ဆောင်းပါးများလည်း ပါရှိ၏။



အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ (ထိုင်လျှက်ဝဲဘက်ဒုတိယပုဂ္ဂိုလ်မှာ ကိုအောင်ဆန်းဖြစ်သည်။)

အင်္ဂလိပ်ပိုင်းကဏ္ဍ
အင်္ဂလိပ်ပိုင်းကဏ္ဍတွင် Dumb Shows and Noise ခေါင်းစဉ်ဖြင့် အယ်ဒီတာ အာဘော်နှင့် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ သ၀ဏ်လွှာများကို တွေ့ရှိရသည်။ သ၀ဏ်လွှာ ရေးသူများမှာ အိန္ဒိယ မြန်မာ ရေးရာ ဗြိတိသျှ ကော်မတီ ဒုဥက္ကဋ္ဌဗိုလ်မှူး ဒီ ဂရေဟန်ဖိုး၊ ဥပဒေပြု ကောင်စီဥက္ကဋ္ဌ ဦးချစ်လှိုင်၊ သစ်တောရေးရာ ၀န်ကြီး ဦးဘဘေ၊ ပညာရေးရာဝန်ကြီး ဒေါက်တာဘမော်၊ နယူးဘားမား သတင်းစာ အုပ်ချုပ်မှု အယ်ဒီတာ ဒေါက်တာ သိန်းမောင်တို့ ဖြစ်ကြပါသည်။

ဆောင်းပါးများ
အင်္ဂလိပ်ဆောင်းပါးများမှာ များပြားလှပါသည်။ Noblesse Obilige (မြင့်မြတ်သူတို့ ပြုကျင့်အပ်သော ၀တ္တရားများ-ဂျေအက်စ်ဖာနီဗယ်)၊ University Students and Journalism (ကျောင်းသားများနှင့် ဂျာနယ်လစ်ဇင်-ရန်ကုန်တိုင်းသတင်း စာအယ်ဒီတာဂရန့်)၊ Inspiration (ဥာဏ်ကွန့်မြူးခြင်း - မောင်ညိုမြ)၊ Thoughts of Democracy (ဒီမိုကရေစီ အတွေးအခေါ်များ-ပန်းတနော် ဦးသန့်)၊ Western Students in a Changing World (ပြောင်းလဲနေသော ကမ္ဘာမှ အနောက်တိုင်း ကျောင်းသားများ)၊ A Fadeless Picture (ဆေးရောင်မပြယ်သော ပန်းချီကား- NN)၊ The Boy-cott of 1920 (၁၉၂၀ ကျောင်းသားသပိတ်-ဦးဘဦး)၊ A Sketch of the Principal Characters of the Burmese (Myanmar)၊ Court in the Reign of Bagyidaw (ပါမောက္ခဒေဆိုင်း)၊ Civilization (ယဉ်ကျေးမှု-ဂျော့အိုဝဲ) တို့ ဖြစ်ကြပါသည်။

ပေးစာကဏ္ဍ
Points From the Letter ဟု အမည်ပေးထားသည့် ပေးစာကဏ္ဍ တွင် The Hell Hound At Large (ငရဲခွေးကြီးလွတ်နေသည်) ဟူသည့် စာတိုကလေး ပါဝင်လာပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ယင်းစာတိုကလေးတွင် နယ်ချဲ့ လက်ကိုင်တုတ် အဖြစ် အ၀ီစိသို့ ကျရောက်လာသော ခွေးနက်ကြီး တစ်ကောင် ငရဲပြည်မှ ထွက်ပြေးသွားသည်။ ယင်းကို သတိပြုကြပါ။ အထူးသဖြင့် တက္ကသိုလ် နယ်မြေတွင် သောင်းကျန်းနေသည်။ သူ့ကိုတွေ့လျင် ငရဲပြည် ပြန်ပို့ လိုက်ကြပါဟူ၍ ရေးသား ဖော်ပြထားပါသည်။

ရေးသူအမည်
ဤစာတိုကလေးကို ရေးသားသူမှာ Yamamin (ယမမင်း) ဟူသော အမည်ဝှက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ပေးစာပါ ခွေးနက်ကြီး ဆိုသည်မှာ တက္ကသိုလ်အာဏာပိုင် တစ်ဦးကို ရည်ညွှန်းထားသည် ဆိုပါသည်။ ဤတွင် ကျောင်းအုပ်ဆရာ ကြီးစလော့( Mr. D.J. Sloss)က ယမမင်းမှာ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ် ပေးရမည်ဟု အိုးဝေ မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို တောင်းဆိုသည်။ ကိုအောင်ဆန်းက စာနယ်ဇင်းတို့၏ ထုံးစံအတိုင်း ယမမင်းကို ထုတ်ဖော် မပြောနိုင်ဟု အကြောင်း ပြန်ကြားခဲ့၏။

ယမမင်းသို့မဟုတ်ညိုမြ
The Hell Hound At Large ပေးစာကိုရေးခဲ့သူမှာ ယမမင်းအမည်ခံ ညိုမြ ဖြစ်ပါသည်။ ညိုမြ၏ အမည်ရင်းမှာ ဦးသိန်းတင်ဖြစ်သည်။ ညိုမြ ကို ၁၆ ဧပြီ ၁၉၁၆ တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ သောတပန်ရွာတွင် ရှေ့နေဦးသာဇံ ဒေါ်ရွှေအံ့ တို့က ဖွားမြင်ခဲ့သည်။ ၁၉၃၂ ခုနှစ် တွင် မုံရွာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂသို့ ၀င်ရောက်ခဲ့၏။

၁၉၃၈ ခုနှစ်တွင် ညိုမြ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဂုဏ်ထူးတန်း အောင်သည်။ ထို့နောက် အင်္ဂလန်နှင့် အမေရိကန် နိုင်ငံများတွင် စာနယ်ဇင်းပညာများ ဆည်းပူးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှ သတင်းစာပညာ မဟာ ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

အနှိုင်းခံရသူ
The Hell Hound at Large ပေးစာတွင် ငရဲခွေးအဖြစ် အနှိုင်းခံရသူမှာ ဘာဆာ(Bur Sar)ခေါ် တက္ကသိုလ်ကျောင်း ငွေထိန်း ဦးတင် ဖြစ်သည်ဆိုပါသည်။ ဘာဆာဦးတင်မှာ မျက်နှာဖြူ ကျောင်းအုပ်ကြီး အပေါ် အမြဲ မျက်နှာလုပ်တတ်ပြီး ကျောင်းသားများအား ဖိနှိပ်လေ့ ရှိသူဖြစ်သည် ဆို၏။ ယင်းဘာဆာဦးတင်မှာ နောင် ဖဆပလ အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီး မြန်အောင်ဦးတင် အဖြစ် ထင်ရှားခဲ့သည်။

ကျောင်းထုတ်ခံရခြင်း
၂၁ ဖေဖော်ဝါရီ ၁၉၃၆ တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနုကို တက္ကသိုလ်မှ ထုတ်ပယ်သောစာ လက်ခံ ရရှိခဲ့ပါသည်။ တစ်ဆက်တည်း၌ပင် ကိုအောင်ဆန်း အားလည်း တက္ကသိုလ်မှ ဖယ်ရှားပစ်မည်ဟု သတင်းများ ပေါ်ထွက်နေပါသည်။ ကိုအောင်ဆန်းကို တက္ကသိုလ် မှ သုံးနှစ် ထုတ်ပယ်ရန် ဆုံးဖြတ်ချက်မှာ အမှန်ပင် ဖြစ်ကြောင်း နောက်ပိုင်း သိရှိရပါသည်။ ဤသို့ဖြင့် ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမှုဆောင် အစည်းအဝေးကို ကျင်းပခဲ့ကြ၏။ သို့ဖြင့် ဒုတိယ အကြိမ်မြောက် တက္ကသိုလ်ကျောင်းသား သပိတ် ပေါ်ပေါက်လာခဲ့ရသည်။

Ref: Eleven Media Group


0 comments:

အပေါ်သို့