Friday, June 4, 2010

အမေရိကန်နှင့် မြန်မာဆက်ဆံရေးတင်းမာနိုင်ဟု အတိုက်အခံသုံးသပ်

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb ၏ ခရီးစဉ် ရပ်ဆိုင်း လိုက်ရခြင်းကြောင့် စစ်အစိုးရနှင့် အမေရိကန် ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သုံးသပ်ထားသည်။

ဆီးနိတ်နိုင်ငံခြားရေးကော်မတီ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဌဖြစ်သူ ဂျင်မ်ဝက်ဘ် သည် မြန်မာနိုင်ငံသို့ ယနေ့သွားရန် သတ်မှတ် ထားပြီးမှ အချိန်ကပ်၍ သူ၏ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပြီး မြန်မာ အတိုက်အခံ အဖွဲ့ကြီးက ပြောဆို လိုက်ခြင်းဖြစ်သည်။

“အမေရိကန်နဲ့ သူတို့ကြားထဲမှာ ဒီကိစ္စတွေ အကြောင်းပြုပြီးတော့ တင်းတင်းမာမာ ဆက်ဆံလာနိုင် တယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

ယခင်နှစ် နှောင်းပိုင်းမှစသည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ ထိတွေ့ဆက်ဆံရေးမူဝါဒအသစ်သည် တိုတက်မှုမရှိဟု သူက ထပ်ပြောသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် NLD ဒုဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့အပါအဝင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၇ ဦးအား လာမည့် စနေနေ့ မွန်းလွဲပိုင်းတွင် အမေရိကန် သံမှူး၏ နေအိမ်၌ တွေ့ ဆုံရန် အစီအစဉ်ရှိခဲ့သည်။

မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းနေသည့် စွပ်စွဲချက်များ ထွက်နေသည့် အပေါ် စိုးရိမ်မကင်း ဖြစ်နေပြီး မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟု မစ္စတာ ဂျင်မ်ဝက်က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

သို့သော် ယခင်လက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကမ်းဘဲ Kurt Campbell နှင့် နအဖ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံစဉ် မစ္စတာ ကမ်းဘဲက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး အပေါ် စိုးရိမ်ကြောင်း ပြောကြားရာ သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) တို့ အား “အပြည့်အဝ” လိုက်နာမည်ဟု စစ်အစိုးရက ပြောထားပြီး ဖြစ်ကြောင်း၊ သို့ရာတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာ” ကို ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း ပြန်လည် ပြောကြားကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။

၂ဝဝ၆ ခု အောက်တိုဘာ ၉ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလ လုံခြုံရေး ကောင်စီက စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့မှု ပြုလုပ်သော ဆုံးဖြတ် ချက်အမှတ် ၁၇၁၈ ကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ချမှတ်ခဲ့သည်။

၂ဝဝ၉ ခု မေလ က ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကုန်တင် သင်္ဘော၊ လေယာဉ်တို့ကို လက်နက် သယ်ဆောင်လာလျှင် ကုလ အဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့် ရှိစေမည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ယင်းနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။ ယင်းဆုံး ဖြတ်ချက်အရ မြောက်ကိုရီးယားအား လက်နက်ရောင်းချခြင်း သို့မဟုတ် သူ့ထံမှ လက်နက် ဝယ်ယူခြင်း မပြုရန် အဖွဲ့ဝင် နိုင်ငံများကို တားမြစ်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူ မစ္စတာဂျင်မ်ဝက်ဘ် ယခင်နှစ် သြဂုတ် လ ၁၅ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

စစ်အစိုးရက မြောက်ကိုးရီးယားမှ နျူကလီးယားလက်နက်များ ဝယ်ယူသည်ဟု အမေရိကန်က သံသယ ရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

၂ဝဝ၈ ခု အတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သည့် စစ်ဘက်အဆင့်မြင့် ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးကြောင်း လျို့ဝှက် မှတ်တမ်းများ မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်းသည့်အချိန်သည် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့၏ မဟာမိတ် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ရောက်ရှိ နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်ဝန်ကြီးချုပ်သည် နေပြည်တော်တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှု ကြာသာ ပတေးနေ့က ပြုလုပ်ခဲ့သည်။

မစ္စတာဝမ်ကျားပေါင်၏ ခရီးစဉ်အတွင်း စွမ်းအင်၊ ရေအားလျှပ်စစ်၊ ငွေချေးခြင်းတို့အပါအဝင် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ် အနည်းဆုံး တဒါဇင် လက်မှတ် ရေးထိုးခဲ့သည်ဟု နေပြည်တော် သတင်းရပ်ကွက် တခုက မဇ္ဈိမသို့ ပြောသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့