Monday, June 28, 2010

ငရဲတံခါးဝသို့ (၅၂) ကီလို

ဂါမဏိ
၂၈ ဇွန် ၂၀၁၀

“ကိုသောင်းရေး … ဥသျှစ်သီးလောက်ပဲဖြစ်ဖြစ်၊ နျူကလီးယားဗုံး တလုံးတော့ ရအောင်လုပ်ဗျာ”
(ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းကို မှာကြားချက်)

ဗိုလ်ချုပ်ကြီး သန်မာ၏ စကားဆုံးသည်နှင့် ပြည်တော်ချစ် အစိုးရ၏ တိုက်စစ်ဘက်မှ ပစ်လွှတ်လိုက်သော အမြောက်ဆန်သည် အနုမြူ သိုလှောင်ကန်ကြီးကို တိုက်ရိုက် လာရောက် ထိမှန်၏။ ထို့နောက် ရွှေဝါပြည်ကြီးသည် မိနစ်ပိုင်းအတွင်း တပြည်လုံး ဆက်ကာဆက်ကာ ပေါက်ကွဲပြီးနောက် အလွန်လှပစွာ ပျောက်ကွယ်သွား၏။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အလှဆုံး ပေါ်ပေါက်လာသော မီးခိုးလုံးကြီး ပျောက်ကွယ် သွားသောအခါ ထိုနေရာ၌ ရေပြင်ကြီး ကျန်ရစ်ခဲ့သည်။ ထိုနေရာကား အချို့က ဘင်္ဂလား ပင်လယ်အော်ကြီး နေရာ ဖြစ်မှာပေါ့ဟု ဆိုကြ၏။
လူကြီးတွေအတွက်ပြောသော ရွှေဝါပြည်ပုံပြင်ကား ပြီးဆုံးပါပြီ။
(စာရေးဆရာ ရန်ကုန်ဘဆွေ၏ ၁၉၆၅ ခုနှစ်ထုတ် ‘ရွှေဝါပြည်’ ဝတ္ထု ဇာတ်သိမ်းခန်း)

နျူကလီးယားဗုံး ပေါက်ကွဲတဲ့အခါ မြေကြီးပေါ်မှာ လူလုပ်ငရဲဘုံတခု ချက်ချင်း ဖြစ်ပေါ်လာတယ်။ အပူချိန် စင်တီဂရိတ် ဒီဂရီ (၁၀) သန်းကျော်ကို တမုဟုတ်ချင်း ရောက်သွားပြီး ပစ်မှတ်နဲ့ အနီးကပ်ဆုံး အရာဝတ္ထုတွေ ချက်ချင်း အငွေ့ပျံ ပျောက်ကွယ် သွားပါတယ်။ လေထုဖိအားက ပုံမှန် အခြေအနေထက် အဆပေါင်း (၆၀၀) မြင့်တက်သွားပြီး တနာရီကို ကီလိုမီတာ (၁,၀၀၀) နှုန်း သိမ့်လှိုင်းအဖြစ် ပျံ့ထွက် ရိုက်ခတ် သွားပါတယ်။ ဒါတွေအပြင် သေမင်းတမန် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ကလည်း သက်ရှိ ကလပ်စည်းတွေကို ဖျက်ဆီးပစ်ပြီး ပြင်းထန်တဲ့ ကင်ဆာရောဂါ အမျိုးမျိုးအဖြစ် အသက်ဆုံး စေပါတော့တယ်။

အခု နအဖက နျူကလီးယားဗုံးရဖို့ ကြိုးစားနေတာ မငြင်းနိုင်တဲ့ အထောက်အထားတွေ ပေါ်လာပါပြီ။ တပ်မတော် သူရဲကောင်း ဗိုလ်မှူး စိုင်းသိန်းဝင်း သက်စွန့်ဆံဖျား ယူလာတဲ့ အထောက်အထား တပုံတပင်ကြီးထဲမှာ နအဖရဲ့ ရန်သူတော် အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ၊ နအဖရဲ့ မဟာရန်သူတော် အမေရိကန်နိုင်ငံရဲ့ ဒေဂိုဂါးစီးယား စစ်စခန်းနဲ့ အိုကီနာဝါ စစ်စခန်းတွေအပေါ် (ကီလိုမီတာ ၃,၅၀၀ အထိ ပစ်နိုင်မယ့် တာလတ်ပစ်ဒုံးပျံ အောင်မြင်သွားတဲ့အခါ) ငရဲမီးကျမှာကနောက်၊ ကျနော်တို့ မြန်မာပြည်သူတွေနဲ့ မြန်မာ့ တပ်မတော်သားတွေ အတွက် ငရဲတံခါး ပွင့်သွားမှာက အရင် ဖြစ်မှာကို တွေ့နေရပါတယ်။

နအဖကတော့ ထုံးစံအတိုင်း နျူကလီးယားဗုံး မဟုတ်ပါဘူး၊ မုံလာဥပါလို့ မျက်စိမှိတ်ပြီး ဇွတ်ငြင်းမှာပါပဲ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီအထောက်အထား တပုံကြီးကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး အန္တရာယ်ကို အခိုင်အမာ ထောက်ပြနိုင်ဖို့ အရေးကြီးပါတယ်။

နျူကလီးယားလောင်စာသံသရာမှာ မြေကြီးထဲ ယူရေနီယမ် သတ္တုရိုင်း တူးတဲ့ အဆင့်ကနေ နျူကလီးယားဗုံးမှာ ထည့်ဖို့ သန့်စင်ပြီး ယူရေနီယမ် သတ္တုခဲဖြစ်အောင် ဓာတုဗေဒ ပိုင်းအရ လုပ်ဆောင်ရာမှာ အဆင့် (၉) ဆင့် ရှိပါတယ်။
အဆင့် ၁။ ယူရေနီယမ်သတ္တုရိုင်း တူးဖော်ခြင်း (ယူ-၂၃၈)
အဆင့် ၂။ ယူရေနီယမ်သတ္တုရိုင်း စစ်ယူခြင်း (ယူ-၂၃၈)
အဆင့် ၃။ အဝါရောင်ကိတ်မုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၄။ ယူရေနီယမ်အောက်ဆိုက်အမှုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၅။ ယူရေနီယမ်တက်ထရာဖလိုရိုက်အမှုန့်ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၆။ ယူရေနီယမ်ဟက်ဆာဖလိုရိုက် ဓာတ်ငွေ့ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၇။ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ကို ယူ-၂၃၈ မှ ယူ-၂၃၅ ဖြစ်အောင် သန့်စင်ခြင်း
အဆင့် ၈။ ယူရေနီယမ်တက်ထရာဖလိုရိုက်အဖြစ်သို့ ပြန်လည်ဓာတ်လျှော့ခြင်း (ယူ-၂၃၅)
အဆင့် ၉။ မဂ္ဂနီဆီယမ်သတ္တုနှင့် ဗုံးဓာတ်လျှော့မှုလုပ်ပြီး ယူရေနီယမ်သတ္တုခဲ ပြန်လုပ်ခြင်း (ယူ-၂၃၅)
အဆင့် ၁၀။ ယူရေနီယမ်သတ္တုခဲကို နျူကလီးယားဗုံးတွင် တပ်ဆင်ခြင်း (ယူ-၂၃၅)

အခုရတဲ့ အထောက်အထားအရ နအဖဟာ အဆင့် (၉) မှာ သုံးတဲ့ ‘လေဟာနယ်သေတ္တာ’ နဲ့ ‘ဗုံးဓာတ်ပေါင်းဖို’ တို့ကို စမ်းသပ်ခဲ့တာ သေချာနေပါတယ်။ လေဟာနယ် သေတ္တာဆိုတာ ထိတဲ့အရာတွေကို လောင်လွယ်၊ စားလွယ်တဲ့ ယူရေနီယမ် တက်ထရာဖလိုရိုက် (ယူ-၂၃၅) နဲ့ မီးလောင်လွယ်၊ ဓာတ်ပြုလွယ်တဲ့ မဂ္ဂနီဆီယမ် သတ္တုတို့ကို လက်နဲ့ တိုက်ရိုက်မထိစေဘဲ လေစုပ်ထုတ်ပြီး ကြားနေ ဓာတ်ငွေ့ ထည့်ထားတဲ့ သေတ္တာထဲမှာ သမအောင် ရောစပ်ပေးဖို့ ဖြစ်ပါတယ်။ စပ်ပြီးရင် ဗုံးဓာတ်ပေါင်းဖိုထဲထည့် အပူပေးပြီး ပြင်းထန်တဲ့ ဓာတ်ပြုမှုဖြစ်အောင် လုပ်ရပါတယ်။ အဲဒီမှာ ထွက်လာတဲ့ ယူရေနီယမ်ဟာ ယူ-၂၃၅ အဖြစ် သန့်စင်ပြီး သတ္တုခဲ ဖြစ်နေပါပြီ။ ဓာတုဗေဒ နည်းပညာပိုင်း ပြီးသွားလို့ နျူကလီးယားဗုံးထဲ ထည့်ဖို့ စက်မှု နည်းပညာပိုင်းပဲ ကျန်ပါတော့တယ်။

ဓာတ်ပုံတွေထဲမှာ ‘ဗုံးဓာတ်ပေါင်းဖို’ bomb reactor တခုကို အသုံးပြုထားလို့ မီးကျွမ်းနေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်ကတော့ ယူရေနီယမ် အရိုင်းကို အဆင့်ဆင့် ဓာတ်ပြောင်းတာတွေ သန့်စင်တာတွေ လုပ်ခဲ့ပြီးလို့ နောက်ဆုံးအဆင့် (၉) ကို ရောက်သွားပြီ၊ ယူ-၂၃၅ အဖြစ် သန့်စင်အောင်လုပ်ပြီးတဲ့ ယူရေနီယမ် တက်ထရာဖလိုရိုက်ကို ယူ-၂၃၅ အဖြစ် သန့်စင်တဲ့ ယူရေနီယမ် သတ္တုဖြစ်အောင် ဓာတ်ပြောင်းတဲ့ စမ်းသပ်မှု လုပ်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါ့အပြင် မေမြို့ စက်ရုံ (၁) က ထုတ်လုပ်ပေးခဲ့ရတဲ့ ဖိအားမြင့် ရေနွေးငွေ့ပေါင်းစက် autoclave ကလည်း အဆင့် (၇) က ထွက်လာတဲ့ သန့်စင်ပြီးသား ယူရေနီယမ် ဟက်ဆာဖလိုရိုက်ကို အဆင့် (၈) မှာ သုံးဖို့ တနေရာက တနေရာ ပို့ဆောင်ရာမှာ သုံးတဲ့အတွက် နအဖမှာ သန့်စင်ပြီးသား ယူ-၂၃၅ ရထားပြီဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။

(၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ယူရေနီယမ်ဒြပ်ပစ္စည်းဟာ သာမန်နည်းပညာနဲ့ နျူကလီးယားပေါက်ကွဲမှုဖြစ်ဖို့ အတွက် (အလုံးပုံသဏ္ဌာန်မှာ) အခြေပြောင်းဒြပ်ထု (၅၂) ကီလို လိုအပ်ပါတယ်။ ဆိုလိုတာက ယူ-၂၃၅ (၅၀) ကီလိုအလုံးကို ယူ-၂၃၅ (၂) ကီလို အလုံးတလုံးက ပြေးဆောင့်လိုက်ရင် အနုမြူပေါက်ကွဲမှု ဖြစ်သွားပါလိမ့်မယ် (နည်းပညာမြင့်ရင်တော့ ၂၉ ကီလိုလောက်နဲ့ ဗုံးလုပ်နိုင်တယ် လို့လည်း ဆိုပါတယ်)။

ဗုံးဓာတ်ပေါင်းဖိုတခုကနေ ယူ-၂၃၅ ယူရေနီယမ်သတ္တု (၂၀) ကီလိုက (၂၅) ကီလိုအထိ ထွက်နိုင်ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ဓာတ်ပုံတွေအရ သပိတ်ကျဉ်း နျူကလီးယား တပ်ရင်းမှာ ဗုံးဓာတ်ပေါင်းဖိုကို အသုံးချခဲ့လို့ နအဖဆီမှာ ယူ-၂၃၅ သတ္တု အနည်းဆုံး ကီလို (၂၀) ရှိနေပြီဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။ တကယ်လို့ အဲဒီ ဗုံးဓာတ်ပေါင်းဖို တခုတည်းကို (၃-၄) ခါ သုံးခဲ့တယ် သို့မဟုတ် အဲသလို ဗုံးဓာတ်ပေါင်းဖိုမျိုး (၃-၄) ခု သုံးခဲ့တယ်၊ အောင်လည်း အောင်မြင်ခဲ့တယ် ဆိုရင် နအဖလက်ထဲမှာ နျူကလီးယားဗုံး အဖြစ် ပုံသွင်းလို့ ရပြီဖြစ်တဲ့ ယူ-၂၃၅ ကီလို (၅၀) မက ရှိနေပြီ ဖြစ်ပါတယ်။ ဗုံးဓာတ်ပေါင်းဖိုနဲ့ စမ်းသပ် ထုတ်လုပ်တာ မအောင်မြင်ဘူး ဆိုရင်တော့ ဗုံးလုပ်လို့ရတဲ့ ယူရေနီယမ်သတ္တု နအဖလက်ထဲ မရသေးတဲ့သဘော ဖြစ်နေပါလိမ့်မယ်။

ဒါပေမယ့် ယူရေနီယမ်သန့်စင်ရေး အဆင့် (၇) ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာ မြှုပ်ကွက် ဖြစ်နေပါတယ်။ နျူကလီးယား လောင်စာ သံသရာရဲ့ ဓာတုဗေဒပိုင်းမှာ ယူ-၂၃၅ ဖြစ်အောင် လုပ်ရတဲ့ အဆင့် (၇) ဟာ အရေးအပါဆုံး ဖြစ်ပါတယ်။ နအဖဟာ ဖြစ်နိုင်ခြေ မရှိတဲ့ လေဆာရောင်ခြည်သုံးပြီး အိုင်ဆိုတုပ် ခွဲထုတ်နည်း LIS ကို ကျင့်သုံးခဲ့တယ်လို့ ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ နျူကလီးယား ပါရဂူ IAEA ဒါရိုက်တာဟောင်း ရောဘတ်ကယ်လီတို့က ဆိုပါတယ်။ အီရန်၊ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာမှာ အသုံးများတာက ဓာတ်ငွေ့ဗဟို ခွာအားနည်း Gas centrifuge ဖြစ်ပြီး အနည်းစုကတော့ ဓာတ်ငွေ့အမှေးပါး ဖြတ်စိမ့်ဝင်ခွဲထုတ်နည်း Gas diffusion နဲ့ လျှပ်စစ်သံလိုက်ဓာတ် သုံးပြီး အိုင်ဆိုတုပ်ခွဲထုတ်နည်း EMIS ကျင့်သုံးကြပါတယ်။

၂၀၀၉ ခု ဒီဇင်ဘာလမှာ ရခဲ့တဲ့ အတွင်းသတင်းတပုဒ်မှာ သပိတ်ကျဉ်း နျူကလီးယား တပ်ရင်းဟာ ယူရေနီယမ် သန့်စင်မှု enrichment (၈၅) ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ကြားခဲ့ရပါတယ်။ အခု ဗိုလ်မှူးသိန်းဝင်းဆီက သိရတာနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့ အခါ နအဖ အနေနဲ့ ရှေ့ပြေးနမူနာ prototype တခုအတွက် လောက်တော့ သန့်စင်မှုကို တနည်းနည်းနဲ့ ဖြစ်မြောက်ခဲ့ပုံရပါတယ်။ နအဖ စစ်တပ်ဟာ compartment system ခေါ် အကန့်လိုက် ခွဲတဲ့ စနစ်ကို အင်မတန် တင်းတင်းကျပ်ကျပ် ကျင့်သုံးတဲ့အတွက် တပြည်လုံးမှာ လှိုဏ်ခေါင်းတွေ အကြီးအကျယ် တူးနေတာကိုတောင် နအဖ စစ်တပ်ထဲမှာ မသိသေးတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေ အများကြီး ရှိနေပါသေးတယ်။

မေမြို့အရှေ့ဘက် နောင်လိုင်မှာရှိတဲ့ နည်းပညာအလုပ်ရုံ (၁) ကို ဗုံးဓာတ်ပေါင်းဖို လုပ်ခိုင်းတဲ့ ညွှန်ကြားချက် အမိန့်စာမှာ ဒီဗုံး ဓာတ်ပေါင်းဖိုကို ‘နည်းပညာအလုပ်ရုံ (၅)’ ရဲ့ ‘အထူးဒြပ်ပစ္စည်း ထုတ်လုပ်ရေး သုတေသနဌာန’ မှာ သုံးဖို့ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါကြောင့် အခု ဟိုးလေးတကျော်နဲ့ ဘွားဘွားကြီး ပေါ်သွားတဲ့ မေမြို့-နောင်လိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၁)၊ ပခုက္ကူ-မြိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၂) အပြင် နောက်ထပ်စက်ရုံ (၃) ရုံရှိနေသေးတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီစက်ရုံတွေမှာ အဆင့် (၇) ယူရေနီယမ် သန့်စင်မှုတွေ တနည်းနည်းနဲ့ လုပ်တာ၊ အဆင့် (၉) ယူရေနီယမ် ဓာတ်လျှော့မှုက ထွက်လာတဲ့ ယူ-၂၃၅ သတ္တုကို ဗုံးအဖြစ် တပ်ဆင်တာတွေ လုပ်နေနိုင်ပါတယ်။

အဆင့် (၇) နဲ့ အဆင့် (၉) မှာ ထွက်လာတဲ့ ယူရေနီယမ်က (၂၀) ရာခိုင်နှုန်းအောက်ပဲ သန့်စင်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုသုံး ယူ-၂၃၅ လည်း ဖြစ်နိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် ဆိုရင် သန့်စင်မှုနိမ့် ယူ-၂၃၅ ကီလို (၄၀၀) လောက် လိုမှာ ဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုကနေ ပလူတိုနီယမ် ထွက်လာရင်တော့ နျူကလီးယား ဗုံးလုပ်ဖို့ ပလူတိုနီယမ် (၁၀) ကီလို ဆိုရင် အခြေပြောင်း ဒြပ်ထုရပါပြီ။ ဒါပေမယ့် ဓာတ်ပေါင်းဖိုက မြောက်ကိုရီးယားကနေ ရောက်မလာသေးပါဘူး။ နျူကလီးယားဗုံး အင်မတန် ရချင်နေတဲ့ နအဖဟာ ရှေ့ပြေးစမ်းသပ်မှုအတွက် (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ကိုပဲ (ဥသျှစ်သီးလောက်ဖြစ်ဖြစ်) အရင်ဆုံး ရသလောက်လုပ်မှာ သေချာပါတယ်။

နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) က နျူကလီးယား ပစ္စည်း နည်းနည်းပါးပါးကို နိုင်ငံတွေမှာ ထားခွင့် ပေးထားပါတယ်။ အဲဒီ သတ်မှတ်ချက်ထက် ကျော်ရင် IAEA ကို သတင်းပို့ရမှာ ဖြစ်ပါတယ်။ သတင်းမပို့ဘဲ လက်ဝယ်ထားနိုင်တဲ့ ပမာဏတွေက သဘာဝ ယူရေနီယမ် (၁၀) တန်အောက်၊ (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၁.၁၁) ကီလိုအောက်၊ (၂၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၅) ကီလိုအောက်၊ ပလူတိုနီယမ် (၁) ကီလိုအောက် ဖြစ်ပါတယ်။ သတင်းမပို့ဘဲ ဒီထက် ကျော်ပြီးထားရင် IAEA က ကိုင်မှာဖြစ်ပါတယ်။ နျူကလီးယားဗုံး လုပ်နိုင်တဲ့ (၉၀) ရာခိုင်နှုန်း သန့်စင် ယူ-၂၃၅ အမျိုးအစား ယူရေနီယမ် (၁) ကီလိုရဖို့ သဘာဝ ယူရေနီယမ် အရိုင်း (၁) တန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် IAEA က မြန်မာနိုင်ငံကို ကိုင်မယ့် အန္တရာယ်ထက် ပိုစိုးရိမ်ဖို့ကောင်းတဲ့ ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်၊ မတော်တဆ ပေါက်ကွဲမှုဖြစ်မယ့် အန္တရာယ်တွေကို တပ်မတော်သားတွေနဲ့ ပြည်သူတွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင် နေရပါပြီ။ သဘာဝ ဓာတ်ရောင်ခြည် ပမာဏဟာ လူတွေအပေါ် တနှစ်ကို (၃၀၀) မီလီရင်မ် ကျရောက်နေပြီး လူလုပ်ပစ္စည်းတွေက ထွက်တဲ့ ဓာတ်ရောင်ခြည်က တနှစ်ကို (၆၀-၇၀) မီလီရင်မ် ကျနော်တို့အပေါ် ရိုက်ခတ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နျူကလီးယား ထိန်းချုပ်ရေး ကော်မရှင်က နျူကလီးယား အလုပ်သမား တယောက်ဟာ တနှစ်မှာ မီလီရင်မ် (၅,၀၀၀) ထက် ပိုမထိတွေ့ဖို့ ပြဋ္ဌာန်း ထားပါတယ်။ ဟီရိုရှီးမား အနုမြူဗုံး ကွဲတုန်းက ဓာတ်ရောင်ခြည် မီလီရင်မ် (၇) သိန်းကျော် ထွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံ ချာနိုဘိုင်လ် ဓာတ်ပေါင်းဖို ပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ပမာဏ မီလီရင်မ် (၈) သောင်းက (၁) သန်းခွဲထိ ထွက်ခဲ့လို့ လူ (၂၈) ယောက် သုံးလမပြည့်ခင် သေသွားခဲ့ပါတယ်။ ဓာတ်ရောင်ခြည် မီလီရင်မ် (၃) သိန်းခွဲက (၅) သိန်းအထိ မိနစ်ပိုင်းလောက် ထိတွေ့ခဲ့သူဟာ တလအတွင်း သေဖို့ (၅၀) ရာခိုင်နှုန်း သေချာပါတယ်။ မီလီရင်မ် (၁) သောင်းဝန်းကျင် ရေရှည် ထိတွေ့နေရသူတွေဟာ (၅) နှစ်က အနှစ် (၂၀) အကြာမှာ ကင်ဆာ ဖြစ်လာနိုင်ပါတယ်။ မီလီရင်မ် (၅) သောင်းကျော်ထိရင် ကင်ဆာဖြစ်ဖို့ သေချာပါပြီ။ အပြင်ကလာတဲ့ ဓာတ်ရောင်ခြည် ပမာဏနည်းလို့ မထိခိုက်နိုင် ပေမယ့်လည်း အစာထဲမှာ ပါသွားလို့ ခန္ဓာကိုယ်ထဲ ဝင်သွားရင် ထိခိုက်နိုင်တာမျိုးလည်း ရှိပါတယ်။

နအဖရဲ့ နျူကလီးယားစီမံကိန်း နေရာတွေက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်၊ တောင်ကြီး၊ ဆော၊ စေတုတ္တရာ၊ ပွင့်ဖြူတို့ ဖြစ်ပါတယ်။ စစ်အုပ်စု အဆက်ဆက် သမိုင်းတလျှောက်မှာ လုပ်ရည်ကိုင် ရည်ညံ့ဖျင်းလှပြီး ငစနူကျလှတဲ့ မဆလ-နဝတ-နအဖဟာ ဒီနေရာတွေမှာ ဓာတ်ရောင်ခြည် ကာကွယ်ရေး၊ မတော်တဆ ပေါက်ကွဲမှု ကာကွယ်ရေးတွေ ဘယ်လောက် အာမခံချက် ပေးနိုင်ပါသလဲ။ အခုလို တနေရာနဲ့ တနေရာ ဝေးလံလှတဲ့ စက်ရုံတွေဆီ ယူရေနီယမ် ဓာတ်ပစ္စည်းတွေကို စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ကားလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေလမ်းတွေပေါ် စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ယာဉ်တွေနဲ့ အသိပညာ နိမ့်ကျအားနည်းသူတွေက သယ်ယူ ပို့ဆောင်ရာမှာ ဘယ်လောက် အန္တရာယ်ကင်း စိတ်ချရမလဲ။

ဓာတ်ရောင်ခြည်တိုင်းတဲ့ ဂိုင်ဂါကောင်တာ Geiger Counter စက်တလုံးကို ဒေါ်လာ (၃၀၀) ပေးရပါတယ်။ ဒါတွေကို မြန်မာပြည်မှာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးထားသလဲ။ အပျော့စား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁,၀၀၀) ဝန်းကျင် ဈေးရှိပြီး အပြင်းစား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁၀,၀၀၀) အထက် ပေးရပါတယ်။ နအဖက ဘယ်နှစ်စုံ ဝယ်ထားသလဲ။ နျူကလီးယား လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အဦတွေ ဓာတ်ခွဲခန်းတွေကရော မတော်တဆ ပေါက်ကွဲမှု ဓာတ်ရောင်ခြည် ယိုစိမ့်မှုတွေကို ခံနိုင်ရည်ရှိအောင် ဒေါ်လာ သိန်းချီတန်တဲ့ အကာအရံတွေ၊ အင်ဆူလေတာတွေ၊ သတိပေးစနစ်တွေ ဘယ်လောက်အထိ တပ်ဆင်ထားသလဲ။

တိုင်းပြည်နဲ့လူမျိုးအတွက် ကင်ဆာအဖြစ်ခံကြဆိုပြီး ကျောက်ခေတ် စဉ်းစားနည်းနဲ့တော့ (၂၁) ရာစုမှာ အလုပ် မဖြစ်ပါဘူး။ အဲသလို ဆိုရင်တော့ တပ်ချုပ်ကြီး အိမ်တော်နဲ့ ကြပ်ပြေးမြို့တော်ကို သပိတ်ကျဉ်း နျူကလီးယား စက်ရုံဘေး အရင်ရွှေ့လာခဲ့ပါ။ ငရဲပြည်ရဲ့ တံခါးဝကို ရောက်ဖို့ သန့်စင်ပြီး ယူရေနီယမ် (၅၂) ကီလိုပဲ လိုပါတယ်။ ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့