Thursday, July 1, 2010

“ ခေါင်းဆောင်မှု ရှာပုံတော်”

1 July 2010

ဇေယျသူ




“ကျွန်ုပ်အဖြစ်ကား သန်းကောင်လကွယ်တောရပ် အလယ်တွင် ရောက်နေသော သူပမာ ရှိသည်။ ကျွန်ုပ် သွားမည့်နေရာနှင့် ပတ်သက်၍ ကျွန်ုပ် ဘာတစ်ခုမျှ မသိ။ ဆွေမျိုးလည်းမရှိ။ အလုပ်အစီအစဉ် ဟူသရွေ့  ဘာမှ အတိအကျ ရှိသည် မဟုတ်ချေ။ ကျွန်ုပ်၏ မျှော်မြင်တတ်သမျှ ဥာဏ်ဖြင့်သာ ကြုံရမည့် အရေးဟူသရွေ့  စီမံ အုပ်စည်းရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန် လွှဲလိုက်ခြင်း ဖြစ်လေသည်။ ဘယ်သို့ပင် ဖြစ်ပါစေ ငါသည် အကယ်၍ သေသွားသည့် တိုင်အောင် မြင့်မြတ်သော သေခြင်း၊ နိုင်ငံအတွက် သေခြင်း ဖြစ်သည်ဟု ကိုယ့်ကိုယ် ကိုယ် နှစ်သိမ့် ရတော့၏။
(ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ ဆောင်းပါးမှ)

ခေါင်းဆောင်မှု ဆိုသည်နှင့် စွန့် စားမှု အမြဲ တွဲပါနေသည်။
နယ်ပယ်တိုင်း လိုလိုတွင် ခေါင်းဆောင်သည် စွန့် စားရဲသူ ဖြစ်ရန်လိုသည်။
ရည်မှန်းချက် မြင့်မားလေလေ ခက်ခဲကြမ်းတမ်း မှုတို့ ကြုံရလေလေ ဖြစ်ပြီး ပိုမို စွန့် စားရလေလေ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ ပဒေသရာဇ်ခေတ် နောက်ပိုင်း ခေတ်သစ် မြန်မာ့ တပ်မတော်ကို တည်ထောင်သူ ဖြစ်ခဲ့သည်။ အင်္ဂလိပ်လက်အောက်သို့ ၁၈၈၅ ခုနှစ်တွင် လုံးဝ ကျ ရောက်ခဲ့ ချိန်မှ စပြီး တပ်မတော် ကင်းမဲ့ခဲ့သော မြန်မာတို့ အဖို့ တပ်မတော် တည်ထောင်ရန်မှာ လုံးဝ မတွေးဝံ့သော အရာ ဖြစ်သည်။
သို့သော် စွန့်ဦး တည်ထွင်သူ ဗိုလ်ချုပ်သည် မြန်မာတို့ အတွက် တပ်မတော်သစ်ကို ထူထောင်နိုင်ခဲ့သည်။

၁၈၂၄ ခုနှစ် မှစကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သော မြန်မာတို့ အဖို့ လွတ်လပ်ရေး ရယူရန် အကြံအစည် မှာလည်း စွန့်ဦး တီထွင်ခြင်း ဖြစ်သည်။ ကမ္ဘာစစ်ကြီး ဖြစ်နေချိန် နိုင်ငံရပ်ခြားသို့ အဆက်အသွယ် မရေရာ မသေချာဘဲ သင်္ဘော တစ်စီးတွင် ပုန်းအောင်းကာ လိုက်ပါပြီး လွတ်လပ်ရေး အတွက် ပြည်ပ အဆက်အသွယ် ရှာရန် ငွေမပါ ကြေးမပါ ထွက်ခွါ သွားနိုင်သောသူ၊ တစ်ခါမှ နိုင်ငံခြား မရောက်ဖူးသည့် ဗိုလ်ချုပ်သည် စွန့်စားရဲသူပင် ဖြစ်သည်။

“တရုတ်ပြည်ရှိ တော်လှန်ရေး အဖွဲ့အစည်းများနှင့် သွားရောက်၍ ဆက်သွယ်ယူရန် အောင်ဆန်းသည် နိုင်ငံခြားသို့ ထွက်ခွါသင့်သည်ဟု ကျွန်တော်တို့ အားလုံးက ဆုံးဖြတ် လိုက်ကြ၏။ အောင်ဆန်းသည် ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို လက်ခံခဲ့၏။ သူသည် နောက်တွန့်သည့် အမူအရာ လုံးဝ မပြခဲ့ပေ။ ကျွန်တော် ဤကဲ့သို့ ထုတ်ဖော် ပြောနေရခြင်းမှာ ကျွန်တော် အပါအ၀င်ဖြစ်သော ကျွန်ုပ်တို့သည် အပြော ဘက်တွင် အလုပ်ထက် ပိုပြီး အစွမ်းပြလေ့ ရှိသောကြောင့် ဖြစ်သည်။ သို့သော် အောင်ဆန်းသည် ဤ လူစားမျိုး ထဲတွင် မပါဝင်ချေ။ သခင်လှမြိုင်က နောက်သို့ လှည့်ကြည့်နေ၏။ သို့သော် အောင်ဆန်းမှာ မလှုပ်မယှက်ဘဲ ရှေ့တူရူသို့ မျက်နှာမူကာ သွားရမည့် ပင်လယ် ရေပြင်ကိုသာ အာရုံ စူးစိုက်နေဟန် ရှိပေ၏။”
( ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လက်ျာ)

ဖက်ဆစ် ဂျပန် တော်လှန်ရေး မတိုင်မီကပင် ဂျပန်များက အထူးသတိထား စောင့်ကြည့် နေကြသည် ဖြစ်ရာ တစ်စုံတစ်ရာ လွဲချော်သွားပါက ဗိုလ်ချုပ်အပါအ၀င် တပ်မေတော် တစ်ခုလုံးအတွက် မတွေး ၀ံ့စရာပင်။
ထိုသို့သော အန္တရာယ်ကြီးစွာ ရှိသည်ကို သိသော်လည်း မြန်မာ့ လွတ်လပ်ရေးအတွက် ထိုသို့ စွန့်စားမှ ဖြစ်မည်ဟု သိသော ဗိုလ်ချုပ်သည် ပိုင်နိုင်စွာ စွန့်စားနိုင်ခဲ့သည်။

အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ရေး၊ နိုင်ငံ လွတ်လပ်ရေး ကိစ္စများကို ထိပ်ဆုံးက ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် သူ့ဘ၀ တသက်တာတွင် ၁၅- ရက်သာ ထောင်အကျ ခံခဲ့ဖူးသူ ဖြစ်သည်။
နောင်တွင် သူ့အား ငွေ ၅-ကျပ် ဆုငွေ ထုတ်သော အခါတွင် အဖမ်း မခံရအောင် ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့သော်လည်း သူသည် ထောင်ကြောက်သူ မဟုတ်၊ မစွန့်စားဝံ့သူ မဟုတ်ပေ။ ထောင် အတွင်းတွင် နေရခြင်းနှင့် အပြင်တွင် နေရခြင်း၏ အကျိုးကို အဖန်ဖန် တွက်ဆပြီး နောက်တွင်သာ တိမ်းရှောင်နေရန် ဆုံးဖြတ်ခဲ့သည်။ ဗိုလ်ချုပ်သည် မျက်စိမှိတ် စွန့်စားခဲ့သူ မဟုတ်ဘဲ တွက်ချက် စွန့်စားခဲ့ သူဖြစ်သည်။

“ ခုနေခါမှာ အင်မတန် အရေးကြီးတယ်။ ထောင်ထဲ သွားနေတယ်ဆိုရင် အပြင်ဘက် အလုပ်တွေ ဟာကုန် မှာပဲ။ အခုလို အရေးကြီးတဲ့ အခါမှာ တိုင်းပြည် အတွင်းမှာပဲ ဗြိသျှ နယ်ချဲ့ စနစ်ကို တိုက်ဖျက်ရမယ်။ နိုင်ငံခြား သွားပြီးတော့ အကူအညီ ရှာတန် ရှာပြီးတော့ အလုပ်လုပ်ရမယ်။ ” ဟု အဖမ်းခံသင့် မခံသင့် ကိစ္စကို ပြောကြားရင်း သခင်အောင်ဆန်းက သခင်နုကို ပြောကြားသည်။ (ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိ ပေါင်းချုပ်)

တွက်ချက်ကာ စွန့်စားဝံ့သူ ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွတ်လပ်ရေး ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိ ခဲ့သည်။

ဇေယျသူ
ညွှန်း။။ The Voice 6/ 27

Ref: ဟစ်တိုင်

0 comments:

အပေါ်သို့