Friday, August 6, 2010

နအဖ၏ ကြွေးကြော်သံများကို ကြံ့ဖွံ့ပါတီ ဆက်လက်ကိုင်စွဲ

ပေါက်ပေါက်
၀၅ သြဂုတ် ၂၀၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဆိုသည့် စာအုပ်တအုပ် ထွက်ရှိလာပြီး ယင်းစာအုပ်တွင် ကြံ့ဖွံ့ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ သန္နိဋ္ဌာန်၊ လုပ်ငန်းစဉ်၊ မူဝါဒများ၊ သဘော ထားများနှင့် ပါတီအတွင်း အဆင့်ဆင့် ဖွဲ့စည်း တည်ဆောက်ပုံတို့ ပါရှိသည်။

စာမျက်နှာ (၈၂) မျက်နှာပါရှိသည့် အဆိုပါစာအုပ်တွင် အခန်း (၇) ခန်းပါရှိပြီး အခန်း (၁)၊ ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ သန္နိဋ္ဌာန်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် သဘောထား အခန်း၌ နဝတ၊ နအဖလက်ထက် တလျှောက်လုံး ကြွေးကြော် လာသည့် တို့တာဝန် အရေးသုံးပါး၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို ဆက်လက် စွဲကိုင်ထားသည်။

ကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍လည်း တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် ဖြစ်အောင် တည်ဆောက်မည်ဟု ဖော်ပြထားသည်။

ပါတီအမည်ကို အတိုကောက်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီဟု ခေါ်ဆိုရမည်ဖြစ်ပြီး အလံ၊ တံဆိပ်၊ ရုံးတံဆိပ်၊ ရင်ထိုးတံဆိပ်နှင့် “စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး” ဆိုသည့် ပါတီဆောင်ပုဒ်တို့သည် ယခင် ကြံ့ဖွံ့ အသင်းအတိုင်း အပြောင်းအလဲ မရှိပေ။

အခန်း (၄)၊ ပါတီ အဖွဲ့အစည်း အဆင့်ဆင့် တည်ဆောက်မှု ဆိုသည့်အခန်း၌ ပါတီအတွင်း တည်ဆောက်မှု ပုံစံတွင် (က) အခြေခံအဖွဲ့၊ (ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုပါတီအဖွဲ့၊ (ဂ) မြို့နယ် မြို့နယ်ခွဲ ပါတီကော်မတီ၊ (ဃ) ခရိုင် ပါတီ ကော်မတီ၊ (င) တိုင်းနှင့်ပြည်နယ် ပါတီကော်မတီ၊ (စ) ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ (ဆ) ပါတီ ဗဟိုကော်မတီ၊ (ဇ) ပါတီညီလာခံ ဟူ၍ ဖွဲ့စည်း တည်ဆောက် ထားသည်။

အခြေခံအဖွဲ့ကို ပါတီဝင် လူ (၁ဝ) ဦးဖြင့် ဖွဲ့ရန်၊ အခြေခံအဖွဲ့ (၁ဝ) ဖွဲ့ကို အခြေခံအဖွဲ့စိတ်အဖြစ် ဖွဲ့ရန်၊ အခြေခံအဖွဲ့စိတ် (၁ဝ) စိတ်ကို အခြေခံအဖွဲ့စုအဖြစ် ဖွဲ့ရန်၊ ရပ်ကွက် ကျေးရွာအုပ်စု ပါတီ အဖွဲ့များကို အခြေခံ အဖွဲ့များနှင့် ဖွဲ့စည်းပြီး အဆင့်တိုင်းတွင် ခေါင်းဆောင်တဦး၊ ဒု-ခေါင်းဆောင် တဦးတို့က ဦးဆောင်ကာ သက်တမ်းမှာ (၃) နှစ်တကြိမ်ဖြစ်သည်။

မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းအဆင့် ပါတီကော်မတီများကို အတွင်းရေးမှူး (၁) ဦးနှင့် ကော်မတီဝင်များ က ဦးဆောင် သွားရပြီး သက်တမ်းမှာ (၅) နှစ်ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူး အဖွဲ့ (၅) ဦးအပါအဝင် လူ (၂ဝ) ဦးမှ (၃ဝ) ဦးအထိ ဖွဲ့စည်းနိုင်ကြောင်း၊ ပါတီ ဗဟိုကော်မတီကို ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌအပါအဝင် အင်အား (၁၅ဝ) ဦး၊ အရန်ပါတီ ဗဟိုကော်မတီ (၅ဝ) ဦး၊ စုစုပေါင်း (၂ဝဝ) ဦး ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းအစည်းဝေးက ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့ကို ရွေးချယ် တင်မြှောက်ပြီး ၎င်းတို့မှာ ဗဟိုအလုပ်အမှုဆောင်နှင့် ပါတီတခုလုံး၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးများလည်း ဖြစ်ကြကြောင်း ပါရှိသည်။

ပါတီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန်အတွက် ပါတီညီလာခံတွင် တက်ရောက်ဆန္ဒမဲပေးခွင့် ရှိသူ (၇၅) ရာနှုန်း တက်ရောက်မှ မဲပေးနိုင်သကဲ့သို့ ထောက်ခံမဲ (၇၅) ရာနှုန်း ရရှိမှသာ ပြင်ဆင်နိုင်သည့် အတွက် ယင်းဖွဲ့စည်းပုံ စည်းမျဉ်းအား အလွယ်တကူ မပြင်ဆင်နိုင်ရန် တင်းကျပ် ထားသည်။

ကြံ့ဖွံ့ပါတီသည် နိုင်ငံအဝှမ်းတွင် ပါတီစည်းရုံးရေးများ လုပ်နေသော်လည်း ပါတီတာဝန်ရှိသူများ အနေဖြင့် မီဒီယာများနှင့် တွေ့ဆုံမှု မရှိသေးဘဲ ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်မှလွဲ၍ ကျန်ပါတီ ခေါင်းဆောင်အမည်များနှင့် တာဝန်များကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့