Tuesday, August 24, 2010

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ
သြဂုတ် ၂၃၊ ၂၀၁၀

ဆရာနဲ့ ယခင်အပတ်က တွေ့ဆုမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီ ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီ တရပ်အနေနဲ့ သပိတ် မှောက်တယ်လို့ ကြေညာ ခဲ့ရာကနေ မဲဆန္ဒရှင် ပြည်သူတွေကပါ စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာ လိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်း လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ တရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံ ဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော် ပြောဆို ခဲ့ပြီးပြီ၊ ရပ်တည် ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထား တရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင် ချီတက်နေတဲ့ နိုင်ငံရေး ပါတီကြီး အနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက် တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။

ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လို ဖြစ်လာသလဲ ဆိုတော့ … အခြား သူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ် မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။ ဒီလို … ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်း မဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်း မဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက် ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။

နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက် ကြရမှာလား ဆိုတဲ့ မေးခွန်း။

တိုင်းရင်းသား အင်အားစုတွေကလည်း သူတို့ နယ်မြေ ဒေသတွေမှာ အရွေး ခံကြတဲ့ အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာ ရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသား ဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှောက် ကြဖို့ တိုက်တွန်း ကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။

ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထား တောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုတဲ့ သတင်း ကြေညာချက်က စစ်အစိုးရ ဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါ ကျတော့ အင်န်အယ်ဒီ အနေနဲ့ အားလုံးရဲ့ အခြေ အနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။

ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှောက်တယ်။ သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင် ပြည်သူတွေကလည်း သပိတ်မှောက်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှောက်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။

မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့ အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီး ပြောရင် ဒါဟာလည်း ပါတီ အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျ အနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်း တယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာ လိုက်ရတာ ဖြစ်ပါတယ်။

အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ် မှောက်တယ်၊ ပါတီဝင်တွေက သပိတ်မှောက်တယ်။ ဒါ့အပြင် ပြည်သူ့လူထု တရပ်လုံးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာက ပြောကြားရာမှာ …

ကျနော်တို့အနေနဲ့ ပြောရမှာကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့ လမ်းကိုပဲ ဖွင့်ပေးထားတယ်။ စစ်အာဏာရှင် ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည် လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ် ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်း ကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာ မလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက် ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။

အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင် စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေး ပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီ သွားချင်တဲ့ ပြည်သူ လူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီ ရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေကို ဒူးထောက် အညံ့ခံတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်က မသေချာ မရေရာဘဲ ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။

သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြိုတင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှောက် ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာပဲ၊ ရှင်းလင်း ပြောပြရမှာပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ် မှောက်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေ အရလည်း မဲ ဆန္ဒရှင်တွေ အနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာပဲ ဖြစ်ပါတယ်။

ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ် မှောက်လိုက်ခြင်း ကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာလဲ။ ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည် သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည် လမ်းကြောင်း ဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာ မိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။

ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲ လမ်းကြောင်း မဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲ လမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာ ကြဖို့ပါပဲ။ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း တံခါးကို တွန်းဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ် မှောက်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့ အတူ မြန်မာပြည် စစ်အာဏာရှင် တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်း လာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော် ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင် ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။

ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုး ဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာက အစိုးရ အဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း လူ့အခွင့်အရေး အခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်း စစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။

ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစု တွေကလည်း မတရား အလုပ် ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော် ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့ အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီ ပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့် ဆင်းပြီး ရှင်းလင်း ပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ အဓမ္မ မှုတွေကို မှတ်တမ်း တင်ရမှာပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လက် ဆောင်ရွက် နေမယ်ဆိုတာကို ပြောချင်ပါတယ်။

ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့် သဘောအရ ပြောရရင်တော့ တွေ့ဆုံ ဆွေးနွေးရေး တံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုင်ဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီ အချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။

ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာပါ နိုင်ငံရေး အကြပ် အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင် လာရတဲ့ စစ်အာဏာရှင် လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက် လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက် မှုတွေကော လုပ်မလာ နိုင်ဘူးလား။

ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုး လှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာလည်း အကြမ်းဖက် ခံရတာတွေ၊ အဖိနှိပ် ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာ မိသားစုတွေ အနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေ သာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံ နိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူ လူထုတွေ၊ နိုင်ငံရေး အင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ် ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။

ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။


0 comments:

အပေါ်သို့