Tuesday, August 24, 2010

ကျက်သရေရှိတဲ့ လူမိုက်တွေ

လူထုစိန်ဝင်း

ကိုယ်တိုင် အသက် ၇၀ တန်း လူကြီးတယောက် ဖြစ်လာတဲ့အခါမှာ သတိထားမိတာ တခုက လူကြီး နှစ်မျိုးနှစ်စား ရှိတယ် ဆိုတဲ့ အချက်ဖြစ်တယ်။ တမျိုးက အသက် ကြီးလာတာနဲ့ အမျှ တနေ့တခြား ပိုပိုပြီး ယဉ်ကျေး လိမ္မာလာတဲ့ လူကြီးဖြစ်တယ်။ အတွေ့အကြုံက သင်ခန်းစာ ယူတတ် နောက်တမျိုးကတော့ အသက်ကြီးလေ တစ်နေ့တခြား ပိုပိုပြီး မိုက်လာတဲ့ ကြီးမိုက်လူကြီး ဖြစ်တယ်။ ပထမ အမျိုးအစား လူကြီးက အတွေ့အကြုံတွေ ထဲက သင်ခန်းစာ ထုတ်ယူတတ်တဲ့ အတွက် အမြင်မတော်တိုင်း ၀င်မပြောတော့ဘူး။ သဘော မကျတိုင်း ၀င်မပါတော့ဘူး။ "သတ္တ၀ါတခု ကံတခုပဲ" လို့ သဘောထားပြီး ဥပေက္ခာတရား လက်ကိုင် ထားတတ်တယ်။ ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေတတ်တယ်။ စိတ်ထဲမှာ ယားကျိယားကျိ ဖြစ်လာရင်တောင် ၀င်ပြီး မပြောမိ၊ မဆိုမိအောင်၊ ကိုယ်တိုင် ၀င်မပါမိအောင်၊ ပုတီး စိပ်လို့ဖြစ်စေ၊ တရားသဘော ဆင်ခြင် နှလုံးသွင်းလို့ဖြစ်စေ ကံသုံးပါးကို ချွန်းအုပ်ပြီး ထိန်းချုပ် ထားတတ်တယ်။

ကံသုံးပါးလုံး မထိန်းချုပ်တတ်

ဒုတိယအမျိုးအစားကတော့ လောကဓံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေ ဘယ်လောက်ပဲ ခံခဲ့ရ ခံခဲ့ရ သင်ခန်းစာ ထုတ်မယူ တတ်ဘူး။ နောင်တလည်း မရဘူး။ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးစလုံးကို ချွန်းအုပ် မထားနိုင်ဘူး။ အမြင်မတော်တာ တွေ့ရင် ၀င်ပြောလိုက်တယ်၊ မသင့်တော်ဘူး ထင်ရင် ၀င်စွက် လိုက်တယ်၊ မတရားဘူး ထင်ရင် ၀င်တား လိုက်တယ်၊ လူတကာရဲ့ အပူကို ကိုယ့်အပူ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လောင်မြိုက် နေစေတယ်။ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ဘ၀၏ ငြိမ်းချမ်းခြင်း ဆိုတာကို ဘယ်တော့မှ မခံစားရပါဘူး။ ဒီလို လူမျိုးကိုမှ လူမိုက် မခေါ်ရင် ဘယ်သူ့ကို လူမိုက် ခေါ်ရတော့မှာလဲ။

လူလိမ္မာတွေကများ

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလားဆိုတာ သေသေချာချာ ရေရေရာရာတော့ မပြောတတ်ဘူး။ လူ့လောကကြီး တစ်ခုလုံးမှာ လူလိမ္မာ တွေက လူမိုက်တွေ ထက် ပိုများတာကို တွေ့ရတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဥပေက္ခာတရား လက်ကိုင် ထားသူတွေ များကြတယ်။ အမြင် မတော်တာတွေ့လည်း ငါနဲ့ ဘာဆိုင်တာ မှတ်လို့ ဆိုပြီး မျက်နှာလွှဲ နေလိုက်ကြတယ်။ မတော်မတရား တာတွေ မြင်နေရလည်း ကိုယ့်မထိ သရွေ့တော့ ဘာဖြစ်လို့ ကြားကနေ အမုန်းခံရမှာလဲ ဆိုပြီး ခပ်ကင်းကင်း နေလိုက်တယ်။ ကိုယ့်ကို လက်တွေ့ထိလာ တော့မှ နာရ ကောင်းမှန်း သိပြီး အော်ကြ ဟစ်ကြ လေတော့တယ်။

အခါနှောင်းခဲ့ပြီ

မနှစ်က အမေရိကန်နိုင်ငံ အနှံ့အပြား မြို့ကြီးပေါင်း လေးငါးဆယ်မှာ လူတွေ သိန်းချီပါဝင်တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာကို မှတ်မိ ကြမှာပါ။ အဲဒါ ကိုယ့်ထိမှ နာရကောင်းမှန်း သိကြတဲ့ အထင်ရှားဆုံး သာဓက ဖြစ်တယ်။ အီရတ်နဲ့ အာဖဂန် စစ်ပွဲမှာ ကိုယ့်သားတွေ၊ ကိုယ့်ခင်ပွန်းတွေ အသက်ဆုံးရှုံး သွားကြရတဲ့ မိဘတွေနဲ့ ဇနီးသည်တွေက ဦးဆောင် ဆင်နွှဲရာက လူတွေ သိန်းချီပြီး ပါဝင် ဆင်နွှဲလာကြတာ ဖြစ်တယ်။ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီလို့ ပြောရတော့မှာပါ။ သေပြီးသူတွေ ပြန်မရှင် နိုင်တော့ပါဘူး။

ဘ၀ပေးအသိ

အစကတည်းက တားဆီးကန့်ကွက်ခဲ့ကြမယ်ဆိုရင် လူတွေ သိန်းနဲ့ချီပြီး သေခဲ့ကြမှာ မဟုတ်ပါဘူး။ အစကတော့ အကြမ်းဖက် သမား နှိမ်နင်းရေးတို့ လူ့အခွင့်အရေးတို့ ဆိုတဲ့ စကားတွေကို နားယောင်ပြီး စစ်ပွဲကြီးတွေကို ထိထိ ရောက်ရောက် မတားခဲ့ကြဘူး မဟုတ်လား။ ကျောင်းတက်နေဆဲ ကိုယ့်သားတွေ စစ်မှုထမ်း ဆင့်ခေါ်ခံရပြီး နိုင်ငံ ရပ်ခြားမှာ သေသွားကြရ တော့မှ စစ်ကို ဆန့်ကျင်ရ ကောင်းမှန်း သဘောပေါက် သွားကြရတာကိုး။ ဘ၀ပေး အသိတစ်ခုပါပဲ။ အဖိုးတန်အသိ ဖြစ်ပေမယ့် ပေးလိုက်ရတဲ့ တန်ဖိုးက ကြီးလွန်း လှပါတယ်။

ဆင်ခြင်တုံသိ

အသိဆိုတာ လက်တွေ့ဘ၀က ပေါ်ထွက်လာတာ မှန်ပေမယ့် အခုလို တန်ဖိုးကြီးကြီး ပေးလိုက်ရတာ မျိုးတော့ မဖြစ်သင့်ဘူး။ ရှေ့နောက် မြော်မြင် စဉ်းစားတဲ့ ဆင်ခြင်တုံ တရားနဲ့လည်း အတန်အသင့် သိနိုင်ပါတယ်။ ဘ၀ပေး အသိလောက် လေးနက် ခိုင်မာမှု မရှိပေမယ့် ဘ၀ပေး အသိက တန်ဖိုး ကြီးလွန်းပါတယ်။ ဆင်ခြင်တုံသိနဲ့ သိနိုင်တာမျိုး ဆိုရင် ဘ၀မပေးဘဲ ရယူသင့်ပါတယ်။ အီရတ်နဲ့ အာဖဂန်ကို ကျူးကျော် တိုက်ခိုက်ရင် ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာ ဆင်ခြင်တုံသိနဲ့ အလွယ်တကူ သိနိုင်တယ်။ ဗီယက်နမ် စစ်က အကောင်းဆုံး သက်သေ မဟုတ်ဘူးလား။

ဉာဏ်ရှိရင်တောင်ပို့မှန်း သိတယ်

"ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်" ဆိုတဲ့ စကားက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လူမိုက်တွေကို ရည်ရွယ်တဲ့ စကား ဖြစ်တယ်။ အသိ ဉာဏ် ရှိသူမှန်ရင် တောင်ပို့ကြီးကို မြင်တာနဲ့ တောင်ပို့မှန်း သိတယ်။ ဖွတ်ကြီး ထွက်ပြစရာ မလိုဘူး။ ဘုရားက ဘုရား၊ တောင်ပို့က တောင်ပို့ သိသာပါတယ်။ မှားစရာ ဘာအကြောင်းမှ မရှိပါဘူး။ အရေးကြီးတာက ဘယ်နေရာ ဘယ်ကိစ္စ ဖြစ်ဖြစ် ဆင်ခြင် တုံတရားနဲ့ အသိဉာဏ်ကို အသုံးချ တတ်ဖို့သာ ဖြစ်တယ်။

လူလိမ္မာတွေများလွန်းရင် မကောင်းဘူး

မဆိုင်ရင် ၀င်မပြောဘူး၊ ၀င်မစွက်ဘူး၊ ၀င်မပါဘူးလို့နေရင်းနဲ့ ကိုယ်နဲ့တိုက်ရိုက် ဆိုင်လာတဲ့ အခါကျတော့ အများကြီး နောက်ကျသွား လို့နောင် တရခဲ့ရင်လည်း ဘာမှ မတတ်နိုင် တော့ပါဘူး။ အဲဒါကြောင့် လောကကြီးမှာ လူလိမ္မာတွေ သိပ်များ လွန်းနေရင်လည်း မကောင်းပါဘူး။ မသူတော်တွေ ကြီးစိုး နိုင်ပါတယ်။ မကောင်းတာ၊ မမှန်တာ၊ မတရားတာတွေကို တွေ့ရင် အမုန်းခံပြီး ပြောဖို့ လိုပါတယ်။ လောကကြီး လှပစေချင်သူ မှန်သမျှ ပြောကိုပြောရပါမယ်။

အနာခံဖို့ချည်းပဲ

စာနယ်ဇင်းသမားဆိုတာ မှန်တာပြောရရင် မိုက်လို့ လုပ်နေကြသူတွေ များတယ်။ လူလိမ္မာနည်းတယ်၊ မြန်မာနိုင်ငံမှာ ချမ်းသာတဲ့ သတင်းသမား ဘယ်ခေတ်ကမှ မရှိပါဘူး။ အများအားဖြင့် ရရစားစားပါပဲ။ အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ လူမိုက်ငှားပြီး ဓားထိုး ခံရလို့ သေခဲ့ရတဲ့ ဆရာသင်လို အယ်ဒီတာမျိုး ရှိသလို အသရေဖျက်မှုနဲ့ တရားစွဲခံရသူ၊ အစိုးရကို အကြည်ညို ပျက်စေမှုနဲ့ တရားစွဲ ခံရသူတွေ ရှိပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်း ခေတ်တွေမှာလည်း ထောင်ကျသူ၊ ကျွန်းရောက်သူ၊ နရသိန်စံတွေ မနည်းလှပါဘူး။ အသာစံဖို့ အကြောင်း လုံးလုံးမရှိဘဲ အနာခံဖို့ချည်း နေရမှာကို သိသိကြီးနဲ့ လုပ်နေကြသူတွေ ဖြစ်လို့ မိုက်လို့ လုပ်တဲ့ လူမိုက်တွေလို့ ပြောတာပါ။

နိုင်ငံကျက်သရေတိုးစေဖို့

ဒီလို လူမိုက်တွေဟာ လူမိုက်ဖြစ်ပေမယ့် ကျက်သရေရှိတဲ့ လူမိုက်မျိုး ဖြစ်ပါတယ်။ တိုင်ပြည်နိုင်ငံကို ကျက်သရေရှိအောင် အနာခံ၊ အမုန်းခံပြီး လုပ်နေကြသူတွေ ဖြစ်တယ်။ အမြင်မတော်တာ၊ အကြား မတော်တာ မှန်သမျှကို သတိတရားရပြီး ပြုပြင် နိုင်ကြအောင် ထောက်ပြ နေကြတာ ဖြစ်တယ်။ ရှေးအခါက ဆိုရင် ရှင်ဘုရင်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘ၀ အမှန်ကို သိရဖို့အတွက် စွန့်စွန့်စားစားနဲ့ ရုပ်ဖျက်ပြီး စနည်းနာ ထွက်ကြရတယ်။ အခုခေတ်တော့ သတင်း မီဒီယာများရဲ့ ကျေးဇူးကြောင့် တိုင်းပြည် တပြည်လုံးရဲ့ အခြေအနေ မှန်တွေကို ထိုင်ရာမထ သိနိုင်ကြတဲ့ အတွက် လုပ်သင့် လုပ်ထိုက်တာတွေကို ချက်ချင်း လက်ငင်း လုပ်နိုင် လာခဲ့တယ်။ သတင်း မီဒီယာတွေဟာ တိုင်းပြည့် လက်ရုံးဖြစ်တယ်။ အင်မတန် အားကိုးရပါတယ်။

ရေကင်းသံလေးနဲ့ချီတက်စေ

ကိုယ်တိုင်က အသက် ၇၀ ရောက်တဲ့အထိ မိုက်လက်စ မဆုံးသေးဘဲ အမြင်မတော်တာ တွေ့တိုင်း ၀င်ဝင် ပြောမိ ရေးမိ ဖြစ်နေသေးတယ်။ မေတ္တာထားကြသူ အပေါင်းက စေတနာ အရင်းခံနဲ့ သတိပေး ကြပေမယ့် အေးအေးလူလူ မနေနိုင်ဘူး။ အဲဒါကြောင့် ပြည်သူ့ ခေတ် အယ်ဒီတာများက ဆိုင်းသံ ဗုံသံကြားရင် မနေနိုင်ဘူး။ စိတ်ထဲမှာ ရိုးတိုး ရွတဖြစ်ပြီး ခြေလှုပ် လက်လှုပ်ကလေး ၀င်လုပ်ချင်သေးတယ် ဆိုတာကို သဘောပေါက် နားလည်နိုင်တယ်။ ကိုယ်က ဒုက္ခိတ ဖြစ်နေလို့ ခြေလှုပ် လက်လှုပ် မလုပ်နိုင်ပေမယ့် မေးထိုး ကလေးနဲ့ တော့ အားပေး နိုင်ပါသေးတယ်။ အဲဒါကြောင့် ရွာစားစိန်ဝံသရေ မတိမ်းမစောင်းရအောင် (မဟုတ်သေးပါဘူး) ရေကင်းသံလေးနဲ့ ချီ တက်ကြစေဗျား။

လူထုစိန်ဝင်း


0 comments:

အပေါ်သို့