Monday, September 27, 2010

ဘန်ကီမွန်း မြန်မာ့အရေး ဖိအားပေးဖို့ မြန်မာ့မိတ်ဆွေများ အစည်းအဝေးခေါ်

2010-09-27

မြန်မာစစ်အစိုးရအပေါ် ပိုပြီးတင်းမာတဲ့ ရပ်တည်ချက် ထားရှိဖို့ အာရှနိုင်ငံတွေကို တိုက်တွန်းခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဆင့်မြင့် အစည်းအဝေးတရပ်ကို ခေါ်ဆိုလိုက်ပါတယ်။

မြန်မာ့မိတ်ဆွေနိုင်ငံများ အုပ်စုနဲ့ မစ္စတာ ဘန်ကီမွန်းဟာ နယူးယောက်မြို့မှာ တနင်္လာနေ့ နေ့လယ်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ နိုင်ငံ ၁၄ နိုင်ငံ ပါဝင်ကြပါတယ်။ သြစတြေးလျ၊ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတို့လည်း ပါဝင်ကြပါတယ်။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒါ့ထက်ပိုပြီး စစ်အစိုးရက မလုပ်ဆောင်ဘူးဆိုရင် ဒီအဖွဲ့က စစ်အစိုးရ လုပ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ် ယုံကြည်မှု လျော့ပါးနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က အာဆီယံ ၁၀ နိုင်ငံရဲ့ ခေါင်းဆောင်တွေကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ကိုင်တွယ်နိုင်အောင် မြန်မာနိုင်ငံကို ကူညီဖို့လည်း ခေါင်းဆောင်တွေကို သူက တိုက်တွန်းသွားပါတယ်။

မြန်မာ့မိတ်ဆွေများအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမြင်ပေါင်းစုံကို မျှမျှတတဖြစ်အောင် ကိုယ်စားပြုထားပါတယ်။ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို ပံ့ပိုးနိုင်အောင် ဒီအဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့