Saturday, October 2, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာအို သို့ ရောက်ရှိ

Saturday, October 02, 2010

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် ဦးဆောင်သည့် စစ်ဗိုလ်ချုပ်ကြီးများ၊ ၀န်ကြီးများနှင့် ဌာန ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သော အဖွဲ့သည် ချစ်ကြည်ရေး ခရီးစဉ်အနေနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ ယမန်နေ့ က သွားရောက်ကြောင်း သိရသည်။

ယင်းခရီးစဉ်သည် ၃ ရက်ကြာမည်ဖြစ်ပြီး လာအို သမ္မတ မစ္စတာ ကျူမာလီဆိုင်ညဆွန် ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ် သည်ဟု AFP သတင်း၌ ရေးသားထားသည်။

လာအိုခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ နအဖ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ၊ နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ တြိဂံ ဒေသ တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာန ၀န်ကြီး ဦးစိုးသာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာန ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်၊ ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးခင်မောင်မြင့်၊ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းဆွေ နှင့် ကျန်မာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့် တို့ လိုက်ပါသွားကြောင်း စစ်အစိုးရ မြန်မာ့အလင်း သတင်းစာက ယနေ့ ဖော်ပြထားသည်။


လာအိုနှင့် မြန်မာ ဆက်ဆံရေးသည် ၁၉၅၅ ခုနှစ်က စတင်ခဲ့ရာ နှစ်ပေါင်း ၅၅ နှစ်ခန့်ကြခဲ့ပြီဖြစ်သည်။ ၂ နှစ်နိုင်ငံဆက်ဆံရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ ယာဉ်ကျေးမှု၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် ခရီးသွားလာရေးများ ပါဝင်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယခု လာအိုခရီးစဉ်တွင် လာအို-မြန်မာ ၂ နိုင်ငံ ဆက်သွယ် ကူးသန်း သွားလာရေး နှင့် ကုန်သွယ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေး စသည့် ကိစ္စများကို အဓိက ဆွေးနွေးဖွယ်ရှိကြောင်း လေ့လာ သူများက ပြောဆိုသည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ လာအို ၀န်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်းသည် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နယ်စပ် ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်း နှင့် ၂ နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်ရေး၊ ၂ နိုင်ငံ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် စပ်လျင်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ရေး၊ လာအို-မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်ရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။

ဇွန်လ ၉ ရက်မှ ၁၁ ရက် အတွင်း လာအို ပြည်သူ့ တပ်မတော် စစ်ဦးဌာန ဒုတိယ အကြီးအကဲနှင့် အဖွဲ့သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း စစ်အစိုးရ သတင်း စာတွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း အိန္ဒိယ နှင့် တရုတ် နိုင်ငံများသို့လည်း သွားရောက်ခဲ့ သေးသည်။

ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက ယခုကဲ့သို့ ပြည်ပ ခရီးစဉ်များ သွားရောက်နေခြင်းသည် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေသတွင်း ထောက်ခံမှုရရှိရန် ဖြစ်ကြောင်း ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။

ယခု လာအို ခရီးစဉ် မတိုင်မီ တရက်တွင် စစ်အစိုးရက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် လွှတ်ပေးရန်ရှိကြောင်း ပြောဆိုလိုက်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် လာအို သမ္မတ တို့ တွေ့ဆုံချိန်၌ ယင်းကိစ္စအား ဆွေးနွေးဖွယ်မရှိကြောင်းလည်း AFP က ရေးသားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့