Monday, October 4, 2010

နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ်

Monday, October 04, 2010

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဇေကမ္ဘာ ဦးခင်ရွှေသည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များတွင် နိုင်ငံကျော် အနုပညာရှင်များကို ခေါ်သွားကြောင်း သိရသည်။

“ကျနော်က အတင်းခေါ်တာ မဟုတ်ပါဘူး။ ကိုလွင်မိုးက လေ့လာရေးအနေနဲ့ လိုက်ချင်တယ်ပြောလို့ ခေါ်သွားဖြစ်တာပါ။ ဒီနေ့ ခရီးစဉ်မှာ ဦးမိုးဒီလည်း ပါလာတယ်” ဟု ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။

၎င်း၏ ခရီးစဉ်တွင် နာမည်ကြီး အနုပညာရှင်များ ပါဝင်ခြင်းကြောင့် ဒေသခံများ၏ အာရုံစိုက်မှု၊ အားပေးမှုများကို အထူးရရှိ ကြောင်းလည်း ဦးခင်ရွှေက ဆက်ပြောသည်။


ဦးခင်ရွှေသည် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင် နိုင်ငံကျော်အနုပညာ ရှင်များဖြစ်သော မင်းသားလွင်မိုး၊ မင်းသမီးနန္ဒာလှိုင်၊ ဟာသသရုပ် ဆောင် ဦးမိုးဒီ တို့ပါဝင်ကြောင်း သိရသည်။

မင်းသမီးနန္ဒာလှိုင်သည် ဦးခင်ရွှေ၏ သားဖြစ်သူ ဦးဇေသီဟ၏ ဇနီးဖြစ်သည်။

“ကျနော်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး လိုက်လာတာ မဟုတ်ပါဘူး။ အန်ကယ်လ် ဦးခင်ရွှေနဲ့ ရင်နှီးတဲ့အတွက် အဖော်လိုက်လာ ပေးတာပါ။ နိုင်ငံတော်က ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲမှု တွေလုပ်နေပြီလေ။ ဒီတော့ ပြည်သူတွေက နိုင်ငံရေးအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာ လေ့လာတဲ့သဘောပါ။ လူတိုင်းက နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိတယ်လေ” ဟု မင်းသား လွင်မိုးက ဧရာဝတီကို ပြောသည်။

“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့်ရှိတယ်။

အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟုလည်း မင်းသား လွင်မိုးက ဆက်ပြောသည်။

ဦးခင်ရွှေ၏ စည်းရုံးရေး ခရီးတွင် လိုက်ပါလာသည့် အနုပညာရှင်များက နိုင်ငံရေးစည်းရုံးရန် မဟုတ်ဟုဆိုသော်လည်း ဒေသခံများကမူ အနုပညာရှင်များကို နိုင်ငံရေးအတွက် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ပြောဆိုကြသည်။

“ကျမတို့ ချစ်တဲ့အနုပညာရှင်တွေနဲ့ တွေ့ရလို့တော့ ၀မ်းသားပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ အတွက်စည်းရုံးရေးမှာ ပါလာတော့စိတ်ထဲက မကောင်းဘူး။ ပြည်သူတွေနဲ့ တွေ့တာ ကြံ့ဖွံ့မပါလည်း တွေ့လို့ရတာပဲ” ဟု ကော့မှူး ဒေသခံ တဦးက ပြောသည်။

ဦးခင်ရွှေသည် ၎င်းအားမဲပေးပါက ကော့မှူးမြို့ပေါ်မှ ငှက်အော်စမ်း ကျေးရွာအထိ ၁၆ မိုင်ဝန်းကျင်ရှည်သော လမ်းကို ခင်းပေးမည့် အပြင် လမ်းတလျှောက်ရှိ လျှပ်စစ်မီးတိုင်များကို ပြုပြင်၍ မီးလင်းစေရန် ဆောင်ရွက်ပေးမည်ဟု ငှက်အော်စမ်း
ကျေးရွာ ဒေသခံများကို ပြောဆိုသွားကြောင်း သိရသည်။

“ဒီနေ့လည်း ကော့မှူးမြို့ပေါ်မှာ လာစည်းရုံးမယ်ဆိုပြီး ဒေသခံတွေကို ခေါ်တယ်။ လာတဲ့လူကို ပိုက်ဆံ ၅၀၀၀ စီပေးတယ်။ နောက်လည်း ဘာပေးဦးမယ်၊ ညာပေးဦးမယ် ပြောတယ်” ဟု ကော့မှူး ဒေသခံ တဦးကဆိုသည်။

ဦးခင်ရွှေ နှင့်အတူ နိုင်ငံကျော် ဟာသသရုပ်ဆောင် ဦးမိုးဒီလည်း ပါလာ၍ ဒေသခံများက သွားရောက် နားထောင်ကြသည်ဟု လည်း၎င်းက ပြောသည်။

နိုင်ငံရေးပါတီများသည် မိမိတို့စည်းရုံးဟောပြောလိုသော အကြောင်းအရာ၊ ဟောပြောမည့် သူများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တပတ်ခန့် ကြိုတင် အကြောင်းကြားရမည်ဟု ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားသော် လည်း ကြံ့ဖွံ့ပါတီ နှင့် ပတ်သက်သည့် အရာများကိုမူ အကြောင်းကြားရန် မလိုကြောင်း သိရသည်။

သရုပ်ဆောင်ဦးမိုးဒီက ယခုလိုက်ပါသည့် ခရီးစဉ်အတွက် ရုပ်ရှင်အစည်းအရုံး အပါအ၀င် မည်သည့် အဖွဲ့ကိုမှ အကြောင်း မကြားခဲ့ရကြောင်းပြောသည်။ ၎င်းသည် ကြံ့ခိုင်ရေးပါတီ အတွက်စည်းရုံးပေးရန်အတွက် လိုက်ပါလာခြင်း မဟုတ်သော်လည်း
ပြည်သူများက နိုင်ငံရေးနှင့် ရောထွေးမြင်မည်ကို စိုးရိမ်ကြောင်း ဧရာဝတီကိုပြောသည်။

“ကျနော်က နိုင်ငံသား တယောက် အနေနဲ့ လိုက်လာပြီးတော့ လူတွေက နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားဖို့၊ မဲပေးတဲ့အခါ မဲရွေး မမှားကြဖို့၊ ကိုယ့်လက်ထဲက အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချဖို့၊ ကိုယ်မှားရင် ကိုယ်ပဲခံရမှာဖြစ်လို့ သေချာစဉ်းစားပြီး
မှ မဲပေးကြဖို့၊ နိုင်ငံရေးကို ပေါ့ပေါ့တန်တန် မလုပ်ကြဖို့ ဆိုတာတွေကို အနုပညာရှင် တယောက်အနေနဲ့ လိုက်ပြီးရှင်းပြတာ ပါ” ဟု ဦးမိုးဒီက ဆိုသည်။

ဦးခင်ရွှေသည် ၎င်းအရွေးခံမည့် ဒေသရှိ ပြည်သူများအား စည်းရုံးပြောဆိုရာတွင် ၎င်း၏ ချမ်းသာကြွယ်ဝမှုကို ရှေ့တန်းတင် ပြောဆိုပြီး ၎င်းတို့ကြံ့ဖွံ့ပါတီကသာ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်၍ ကြံ့ဖွံ့ကိုသာ မဲပေးကြရန် စည်းရုံး နေကြောင်း သိရသည်။

“သူတို့လုပ်ပေးချင်ရင် နှစ် ၂၀ လုံးလုံး ဘာလုပ်နေကြလဲ။ အခု မဲလိုချင်တဲ့ အခါမှ စေတနာတွေပိုပြနေတယ်။ တစည ကတော့ပြောတယ်၊ ကြံ့ဖွံ့ ပြောတာကို ယုံရင် အလိမ်ခံရမယ် ဆိုပြီး ရွာတွေမှာ လိုက်စည်းရုံးနေတယ်” ဟု ကော့မှူး မြို့နယ် ထန်းမနိုင် ရွာသား တဦးက ပြောသည်။

“ကျနော်တို့ဒေသခံတွေ ကတော့ ပေးတာယူမယ်၊ ကျွေးတာစားမယ်၊ မဲထည့်ရင် စဉ်းစားမယ်လို့ ခံယူထားကြတယ်” ဟု လည်း အဆိုပါ ထန်းမနိုင်ရွာသားက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီကသာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည် ဖြစ်၍ တခြားသော နိုင်ငံရေးပါတီများ အနေဖြင့် နောင် ၅ နှစ်အတွက်သာ ကြိုးစားသင့်ကြောင်း ဦးခင်ရွှေက ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့