Thursday, October 7, 2010

အခြေခံဥပဒေ ပြင်ဆင်ရန် လမ်းပြကြယ်အဖွဲ့ စာတင်

မြတ်ခိုင်ဦး
၀၆ အောက်တိုဘာ ၂၀၁၀

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ပုဒ်မ ၁၂၄ (က) ပါ စကားရပ် ဖြစ်သည့် (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာ တည်ပြီးနောက်) ဆိုသော စာသားတွင် ဥပဒေ ဆိုသော စကားလုံးအား ပယ်ဖျက်ပြီးမှသာ (ပထမအကြိမ် ပြည်သူ့လွှတ်တော်) ကျင်းပနိုင်မည် ဖြစ်သဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင် သင့်ကြောင်း ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း သိရှိရသည်။

အဆိုပါစာအား ယနေ့နံနက်တွင် စာတိုက်မှတဆင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၊ နေပြည်တော်ဟု လိပ်မူ၍ ပေးပို့ လိုက်ခြင်းဖြစ်သည်ဟု လမ်းပြကြယ် အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ပုဒ်မ ၁၂၄ (က) ပါ ဖွဲ့စည်းပုံအာဏာ တည်ပြီးနောက် ဆိုသော စကားရပ် ပါနေသဖြင့် ရွေးချယ် တင်မြှောက်ပွဲ ပြီးသော်လည်း ပထမဆုံး ခေါ်ယူ ကျင်းပရမည့် ပြည်သူ့ လွှတ်တော်ကို ခေါ်မရ ဖြစ်နေပါတယ်။ ပုဒ်မ (၄၄၁) အရ ပြည်ထောင်စုလွှတ်တော် ကျင်းပသည့်နေ့မှ အာဏာ တည်မည်ဖြစ်သဖြင့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် ကျင်းပချိန်တွင် ပြည်ထောင်စုလွှတ်တော် မကျင်းပရသေးဘူး ဆိုတာ သိစေချင်တယ်” ဟု ပြောဆိုသည်။

သို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို မပြင်ဘဲ နေလို့မရကြောင်း သိစေလိုသည်။ မှားယွင်းနေသည့် ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ ပြုလုပ်ရန် မသင့်ကြောင်းလည်း ပြောပြချင်သည်ဟု ဦးအေးမြင့်က ဆက်လက် ပြောဆိုသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဥပဒေ ပုဒ်မ ၁၂၄ (က) တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူ ကျင်းပရမည်” ဟု ဖော်ပြ ပါရှိသည်။

ယင်းဖော်ပြပါ ဖွဲ့စည်းပုံမူကြမ်းမှ အကြောင်းအချက်နှင့်ပတ်သက်၍ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ဥပဒေ သုံးသပ်ရေး ဌာနမှ ဦးမျိုးက “ကျနော်တို့အဖွဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောဆို ထားပြီးပါပြီ။ ဒီဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ မကပါဘူး၊ ဖျက်သိမ်းဖို့ပါ။ အခုဟာမှာက ပြည်သူ့ လွှတ်တော်ကို ရွေးကောက်ပွဲ အပြီး ရက်ပေါင်း (၉၀) အတွင်း ခေါ်ယူရမည်၊ ပြည်သူ့ လွှတ်တော် စတင်ခေါ်ယူသည့် ရက်မှ ရက်ပေါင်း (၁၅) ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ခေါ်ယူရမည် ဆိုပြီး ပုဒ်မ (၇၈) မှာ ပြဋ္ဌာန်းထားတယ်၊ ဒါကိုက ပြောင်းပြန် ဖြစ်နေပါတယ်။ ပြည်ထောင်စု လွှတ်တော် စတင်ခေါ်ယူမှသာ ဖွဲ့စည်းပုံစတင် အသက်ဝင်မှာ ဖြစ်တယ်လို့လည်း ပုဒ်မ (၄၄၁) မှာ တိတိလင်းလင်း ဖော်ပြထားပါတယ်” ဟု ထောက်ပြ ပြောဆိုသည်။

သို့အတွက် ဤပြဋ္ဌာန်းချက်များသည် ပြည်သူလူထုကို ဥပဒေများဖြင့် လှည့်စားခြင်းသာ ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူ့ လွှတ်တော်ကို နအဖ အစိုးရက ခေါ်ယူမည်ဖြစ်ခြင်း၊ ပြည်ထောင်စု လွှတ်တော်ကို နာယက ကသာ ခေါ်ယူခွင့် ပြုခြင်းတို့ဖြင့် လှည့်စား ထားကြောင်းကိုလည်း မြန်မာနှင့် ကမ္ဘာ့ပြည်သူများ သိစေချင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဖွဲ့စည်းပုံအတည်ဖြစ်သည် ဆိုသောစကားရပ်နှင့် ဖွဲ့စည်းပုံအာဏာတည်သည် ဆိုသော စကားရပ်သည် အဓိပ္ပာယ် မတူဘဲ ဖွဲ့စည်းပုံ အာဏာ တည်ခြင်းအား မည်သည့်ဥပဒေနှင့်မျှ မထိန်းချုပ် နိုင်ကြောင်း၊ အာဏာတည်ခြင်းကို ဖွဲ့စည်းပုံ ဥပဒေထဲမှာ သာလျှင် ပြဋ္ဌာန်းရခြင်း ဖြစ်ပြီး အခြား ဥပဒေများကိုသာ အုပ်ချုပ်နေသော အစိုးရက ပယ်ဖျက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေကို ပြည်သူ လူထုကသာ ဆန္ဒခံယူပွဲ ပြုလုပ်၍ ပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ပြုနိုင်ကြောင်း၊ နအဖ အစိုးရသည် လူထု တင်မြှောက်ထားသော တရားဝင် အစိုးရ မဟုတ်သဖြင့် ပို၍ပင်ဆိုးကြောင်း ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားသည်။

မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် အထူးပြုနေသူ နိုင်ငံရေးသိပံ္ပမဟာဘွဲ့ရ ကိုကျော်လင်းဦး ကလည်း “အမှန်တကယ်ဆို ဆန္ဒခံယူပွဲ ကျင်းပပြီး ကတည်းက ဖွဲ့စည်းပုံက အာဏာ တည်ရမှာ၊ ပြီးတော့မှ လက်ရှိ အစိုးရက အိမ်စောင့် အစိုးရ အဖြစ်ပဲ ထိန်းထားရမှာ။ ဒါပေမယ့် သူတို့က ဒီလို မလုပ်နိုင်တော့ ဘယ်အချိန်မှာ ဖွဲ့စည်းပုံက စတင် အာဏာ သက်ဝင်မလဲ ဆိုတာ မရှင်းဘူး ဖြစ်နေတယ်” ဟု ဝေဖန် ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးသည်နှင့် ဖွဲ့စည်းပုံအသစ်သည် ချက်ချင်း အာဏာ သက်ဝင်ကာ ရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် အဖွဲ့ကို အစိုးရက ချက်ချင်း အာဏာ လွှဲအပ်လိုက်ကာ လွှတ်တော် ကျင်းပသည့် အချိန်ကို မစောင့်တော့ကြောင်း၊ မြန်မာနိုင်ငံ၌မူ ယင်းကိစ္စမှာ မရှင်းလင်းကြောင်း ၎င်းက ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့